မကြာမီကအာဆီယံဘောလုံးအဖွဲ့ချုပ်၏ ဆူဇူကီးဖလားဗိုလ်လုပွဲကိုဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့်အခါ စိတ်ဓာတ် အလွန်မြင့်တက် နေသောထိုင်းနိုင်ငံအသင်းနှင့် အာရှတွင် အတိုးတက်ဆုံးဖြစ်လာသောအင်ဒိုနီးရှားအသင်းတို့ အကြိတ်အနယ် ရင်ဆိုင်ခဲ့ကြသည်။ ရာဇမင်္ဂလာအားကစားကွင်းကြီးအတွင်းတွင် ဆူညံစွာအော်ဟစ် အားပေးနေသည့် အိမ်ရှင် ပရိသတ်များ၏ ရှေ့တွင် ထိုင်းအသင်းကအနိုင်ရအောင် ကစားနိုင်ခဲ့သည်။
မလေးရှားကျားများဟုအမည်ရပြီးကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ နောက်ဆုံးထုတ်ပြန်ခဲ့သောကမ္ဘာ့အဆင့် သတ်မှတ်ချက် စာရင်းတွင် အဆင့် ၁၅၅ ၌ ရှိနေသည့် မလေးရှားလက်ရွေးစင် အသင်းကမူဆူဇူကီးဖလား၏ အုပ်စုအဆင့် ပွဲစဉ်များတွင် ဗီယက်နမ်နှင့် မြန်မာအသင်းများကိုရှုံးနိမ့်၍ ကျန်ရစ်ခဲ့ပြီဖြစ်သည်။
၁၉၇၀ နှင့် ၈၀ နှစ်များအတွင်းတွင် တောက်ပခဲ့သည့် အောင်မြင်မှုနေ့ရက်များနောက်ပိုင်း၌ မလေးရှားလက်ရွေးစင် အသင်းမည်ကဲ့သို့ ကျဆင်းလာခဲ့ကြောင်းကိုရေးသားသူအများအပြားရှိခဲ့ပြီးဖြစ်ပါသည်။ ဆန်တော့ခ် ဆင်းဂ် (Santokh Singh)၊ မိုခတာဒါဟာရီ (MokhtarDahari)၊ ဆိုချင်အွန်း (Soh Chin Aun)၊ ဂျိမ်းစ် ဝန်း (James Wong) နှင့် အာရ် အရူမူဂမ် (R. Arumugam) ကဲ့သို့သောထင်ရှားသူများ၏ နေရာကသူတို့ ဘောလုံးကစားခြင်းကိုစွန့်လွှတ်ခဲ့ပြီးနှစ်ပေါင်း ၃၀ ကျော်ကြာခဲ့သည့်တိုင် ကွက်လပ်ဖြစ်နေဆဲဖြစ်သည်။
ကျနော်ကဘောလုံး ကျွမ်းကျင်သူတယောက် မဟုတ်သလိုအာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ပြိုင်ပွဲကလည်းကမ္ဘာ့ဖလားပြိုင်ပွဲမဟုတ်ပါ။ သို့သော်လည်းအားကစားကတိုင်းပြည်တပြည်၏ အမျိုးသားရေးခံစားမှုသို့မဟုတ် စိတ်ဝိဉာည်အပေါ် သက်ရောက်မှု၊ နိုင်ငံရေးအခြေအနေအပေါ်တွင်ပင် သက်ရောက်မှုကိုကျနော်ကသဘာကျသူတယောက် ဖြစ်ပါသည်။
ဖြစ်နိုင်ဖွယ်ရာနည်းကောင်းနည်းနိုင်သော်လည်းဆက်နွယ်မှုတွေကိုငြင်းပယ်၍ မရနိုင်ပါ။ ဘရာဇီးလိုအသင်းတသင်းက ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပွဲတွင် ဂျာမနီအသင်းကိုရှုံးနိမ့်ခဲ့ခြင်းနှင့်အတူမျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ဘရာဇီးအသင်း၏ ရှုံးနိမ့်မှုနောက်ပိုင်းများမကြာမီမှာပင် ထိုစဉ်ကသမ္မတဒီလ်မာရူးဆက်ဖ် (DilmaRousseff) မှာစွပ်စွဲပြစ်တင်မှုများနှင့် ကာလကြာရှည်စွာရင်ဆိုင်ခဲ့ရသည်။
မလေးရှားနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများအကြောင်းကမှတ်တမ်းတွေရှိခဲ့ပြီးဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ကျနော်တို့ ဖြတ်သန်းခဲ့သည့် ကသောင်းကနင်းအဖြစ်တွေကတိုင်းပြည်၏ ကျဆင်းနေသည့် လမ်းကြောင်းပေါ်တွင် ပြည်သူအများစုကိုစိတ်ဓာတ်ကျစေခဲ့သည်။ နိုင်ငံလက်ရွေးစင် အသင်း၏ ကျဆုံးမှုနှင့် အလားတူပင် ဖြစ်သည်။
ထို့ကြောင့် ယခုနှစ် အစောပိုင်းဇန်နဝါရီလအတွင်းတွင် ရုပ်ရှင် ဇာတ်ကားတကားကမလေးရှားနိုင်ငံသားများကိုယုံကြည်မှုများပြန်ထားကြဖို့ ပြောလာသည်ကတော့ စိတ်ဝင်စားစရာဖြစ်လာသည်။ AstroShawရုပ်ရှင် ထုတ်လုပ်ရေး၏ အိုလာဘိုလာ (Ola Bola) အမည်ရှိဇာတ်ကားဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့် ဂန္ထဝင် ဘောလုံးသမားအဖွဲ့ကို (အမည်များ လွှဲပြောင်းထားခြင်းကဲ့သို့) တပိုင်းတစအခြေခံထားသည့် ‘Ola Bola’ ဇာတ်ကားကကွဲပြားခြားနားသည့် နောက်ခံအသီးသီးမှ လူငယ်များ (မလေး၊ အိန္ဒိယနှင့် တရုတ်လူမျိုးစသည်ဖြင့်) စုပေါင်း၍ ဖွဲ့ စည်းထားသောဘောလုံးအသင်းတသင်းအနေဖြင့် တောင်ကိုရီးယားကဲ့သို့သောအာရှ ဘောလုံးထိပ်သီးနိုင်ငံအသင်းကိုအနိုင်ယူပြီး ၁၉၈၀ ခုနှစ် မော်စကိုအိုလံပစ် အားကစားပွဲကိုဝင်ခွင့်ရခဲ့သောအကြောင်းကိုရိုက်ကူးထားခြင်းဖြစ်ပါသည်။
လူမျိုးစုံလင်သည့် သရုပ်ဆောင်များနှင့် လူမျိုးစုံလင် ကွဲပြားသည့် မလေးရှား၏ ခွန်အားကိုအလေးပေးထားသော ‘Ola Bola’ ဇာတ်ကားကတိုင်းပြည်၏ အလားအလာကိုအပေါင်းလက္ခဏာဆောင်သည့် အမြင်မှ ဖော်ကျူးထားခြင်းဖြစ်သည်။ လတ်တလောမြင်တွေ့နေရသည့် စိတ်ပျက်စရာသတင်းခေါင်းစဉ်များနှင့်ကတော့ ဆန့်ကျင်ဖက်ပင် ဖြစ်ပါသည်။
ကျနော်ကဘောလုံး ကျွမ်းကျင်သူတယောက် မဟုတ်သော်လည်းရုပ်ရှင်ကိုတော့ အလွန်ကြိုက်ပါသည်။ နောက်ပိုင်းတွင် ဒါရိုက်တာချူကင် ဂူအန် (Chiu Keng Guan)၊ ချူးကဝပ် ကီအွန် (Chow Kwok Keong) အဖြစ် သရုပ်ဆောင်သည့် ဂျေစီချီး (JC Chee) နှင့် အာမက် အလီ (Ahmad Ali) အဖြစ် သရုပ်ဆောင်သောလစ်ခ်မန် ဟာဖစ်ဇ် (LuqmanHafidz) တို့ အပါအဝင် ‘Ola Bola’ အဖွဲ့သားတချို့နှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့ပါသည်။
BatuPahat မှ ကုန်တင်ကားမောင်းသည့် လက်သမားတယောက်၏ သားဖြစ်သူဒါရိုက်တာ Chiu Keng Guan က ‘The Journey’ အပါအဝင် ဝင်ငွေကောင်းသည့် ဇာတ်ကားအချို့ကိုရိုက်ကူးခဲ့သူဖြစ်ပါသည်။ တရုတ်နိုင်ငံဘေဂျင်းမြို့တွင် ရုပ်ရှင်ပညာသင်ယူခဲ့သော Chiu Keng Guan က ရုပ်ရှင်၏ ကြီးကျယ်ခန်းနားမှု (သြဇာလွှမ်းမိုးမှု) ကိုအလွန် ယုံကြည်သူဖြစ်သည်။ ထို့ပြင် သူကကံကြမ္မာကိုအကြွင်းမဲ့ ယုံကြည်သူတဦးလည်းဖြစ်ပါသည်။
“ဒါရိုက်တာတယောက်အနေနဲ့ ပြောရရင် ကျနော်တို့ကရုပ်ရှင်တကားကိုဖန်တီးတာမဟုတ်ပါဘူး။ ပြောပြရမယ့် ဇာတ်လမ်းတခုကိုပြောပြတာလို့ပဲကျနော်ယုံကြည်ပါတယ်။ ဒါကိုဖြစ်အောင် လုပ်နိုင်လောက်အောင်လည်းကျနော် ကံကောင်းခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော် ဘောလုံးကိုချစ်ပါတယ်။”
Chiu Keng Guan က မလေးရှားနိုင်ငံသည် ထူးခြား၍နေဆဲဟုမြင်သည်။ ရုပ်ရှင်ရိုက်သည့် ဒါရိုက်တာတယောက် အနေဖြင့် သူကမြင်ကွင်းကျယ် မှန်ဘီလူးမှတဆင့် တနိုင်ငံလုံး၏ အနှစ်သာရကို လွှမ်းခြုံကြည့်ခဲ့သည်။ “Ola Bola” ဇာတ်ကား၏ ရည်ရွယ်ချက်ကဒါကိုဖော်ပြဖို့ ဖြစ်ပါသည်။
တချိန်တည်းမှာပင် သူကမြင်ကွင်းချဲ့သည့် မှန်ဘီလူးကိုအသုံးပြု၍ မလေးသို့ မဟုတ် တရုတ် လူမျိုးအသိုင်းအဝိုင်းတခုချင်းစီကိုသီးခြားစီခွဲထုတ်၍ (“The Journey” ဇာတ်ကားကဲ့သို့) ကြည့်လျှင်လည်းဘာသာစကားသို့မဟုတ် ထုံးတမ်းအစဉ်အလာများအရကွဲပြားမှုများရှိနေသည့်တိုင် အလားတူအနှစ်သာရကိုပေးနိုင်ဆဲဖြစ်သည်ဟု Chiu Keng Guan က ပြောသည်။
သူ၏ လူငယ် သရုပ်ဆောင်များကလည်းသူ့လိုပင် စိတ်အားထက်သန်ခဲ့ကြသည်။ Ahmad Ali အဖြစ် သရုပ်ဆောင်သောLuqmanHafidz က “Ali က ကျနော့် အတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။ သူကကျနော့်ကိုပိုကောင်းတဲ့ မလေးရှားနိုင်ငံသားတယောက် ဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဘယ်တော့မှ အရှုံးမပေးဖို့ သတိပေးခြင်းအားဖြင့် ကျနော့်ရဲ့ ဘဝမှာခွန်အားရင်းမြစ်တခုဖြစ်လာခဲ့ပါတယ်” ဟုပြောသည်။
အသင်းခေါင်းဆောင် Chow Kwok Keongအဖြစ် သရုပ်ဆောင်သည့် JC Cheeအတွက်လည်းအနုပညာဆိုသည်မှာဘဝအတွက် သင်ယူခြင်းပင် ဖြစ်သည်။
“ဒီဇာတ်ကောင် စရိုက်ကိုဘယ်လိုလုပ်ခဲ့သလဲဆိုတော့ ကျနော် ပြင်ဆင်ခဲ့ရတယ်။ အသင်းခေါင်းဆောင် တယောက်နဲ့ တူအောင် ပြင်ဆင်ခဲ့ရတယ်။ အဝတ်လဲခန်းထဲမှာအဝတ်လဲတာပဲဖြစ်ဖြစ်၊ မိတ်ကပ်လိမ်းတာပဲဖြစ်ဖြစ် အသင်းခေါင်းဆောင် တယောက် အနေနဲ့ ဖြစ်သင့်တဲ့ အတိုင်းကျနော်ကအဝတ်လဲခန်းထဲမှာပထမဆုံးအဆင်သင့်ဖြစ်တဲ့သူဖြစ်အောင် လုပ်ခဲ့ရတယ်။ ကျန်တဲ့ သူတွေအတွက်လည်းကျနော့်မှာတာဝန်ရှိကြောင်းပြခဲ့ရတယ်။ ဒါမှလည်းသရုပ်ဆောင်ကြတဲ့ အခါမှာကျနော်တို့ကအသင်းတသင်းအနေနဲ့ သူတို့ ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒါကဒီဇာတ်ကောင် စရိုက် ကနေကျနော် သင်ယူခဲ့တာတွေပါ။ တကယ်လို့ ခင်ဗျားကခေါင်းဆောင် တယောက် ဖြစ်ချင်တယ် ဆိုရင် ပေးနိုင်တာအားလုံးပေးရမယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ အချိန် လေးစားရမယ်။ တာဝန်ယူရမယ်။ ဒါကြောင့် အဲဒါတွေလုပ်ခဲ့တာကကျနော့် အပေါ်အများကြီးသက်ရောက်မှုရှိခဲ့ပါတယ်။”
ရုပ်ရှင်ကိုသပ်သပ်ရပ်ရပ် ရိုက်ကူးထားပြီးလွမ်းမောတသဖွယ်ရာ၊ စိတ်လှုပ်ရှားအားတက်ဖွယ်ရာလည်းဖြစ်သောကြောင့် ကြည့်သင့်သည့် ဇာတ်ကားတကားဖြစ်သော်လည်း ပြဿနာများရှိနေသောတိုင်းပြည်၏ အကောင်းဖက်ကိုသာအမိအရယူထားသည်ဟုဝေဖန်သူအများအပြားလည်းရှိခဲ့ပါသည်။
သို့သော်လည်းမလေးရှားနိုင်ငံတွင် မည်သို့သော ပြဿနာများမည်မျှပင် များပြားနေသည် ဖြစ်စေတိုင်းပြည်၏ ခွန်အားကိုရယူနိုင်ရေးအတွက် အရေးပါသည့် သော့ချက်မှာလူမျိုးအရ၊ ဘာသာရေးအရကွဲပြားခြားနားမှုများမှ စည်းလုံးညီညွတ်မှုကိုရယူရေးအပေါ်တွင် မူတည်နေကြောင်း “Ola Bola” ဇာတ်ကားကသတိပေးလိုက်ခြင်းဖြစ်ပါသည်။ မလေးရှားနိုင်ငံကဆိုးဆိုးရွားရွားပင် ထိခိုက်ယိုယွင်းနေပါသည်။ သို့သော်လည်းအလုံးစုံတော့ မပျက်စီးသေးပါ။
(ကရင်မ် ရတ်စ်လာမ် (KarimRaslan) သည် အရှေ့တောင်အာရှ ရေးရာများကိုအထူးပြုရေးသားနေသူတဦးဖြစ်သည်။)