ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး ငြိမ်းချမ်းရေး (၃)
NLD အစိုးရသစ်၏ ကြွေးကြော်သံဖြစ်သည်။ NLD အစိုးရသစ် အနေနှင့် အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ NLD အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်အား လူထုအားလုံးက ထောက်ခံခဲ့သည်။ မျှော်လင့်ချက်များစွာဖြင့် ကြို ဆိုခဲ့ကြသည်။
တကယ်တမ်း ဆိုရလျင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုသည်မှာ မဟာမိတ် တပ်ပေါင်းစု လုပ်ငန်းစဉ်ထက် ပို၍ ခက်ခဲပါသည်။ မဟာမိတ် တပ်ပေါင်းစု ဆိုသည်မှာ တည်ရှိနေသည့် နိုင်ငံရေး အခြေအနေတွင် မိမိနှင့် ယေဘုယျ နိုင်ငံရေး ဦးတည်ချက် တူသူများနှင့် မဟာမိတ်ဖွဲ့ လက်တွဲလုပ်ဆောင်ခြင်း ဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေး ဆိုသည်က မတူကွဲပြားသော နိုင်ငံရေး အမြင် ရှိသူ အုပ်စုများအား စုစည်းပြီး ဘုံသဘောတူညီချက် တရပ် ရရှိအောင် ကြိုးပမ်းရေး၊ ထိုမှတဆင့် သင့်မြတ်သည့် လူ့အဖွဲ့အစည်း တရပ်တည်ဆောက်ရေး ဖြစ်ရာ နှိုင်းယှဉ်မှု အရ ပိုမိုခက်ခဲ ပေသည်။
အမျိုးသားသင့်မြတ်ရေး အရ အမြင်အယူအဆ မတူ၍ ကွဲလွဲနေသည့် အပြင် လက်နက်ကိုင်ပဋိပက္ခပါ ဖြစ်ပွါးနေသည့် အုပ်စုများကို သင့်မြတ်အောင် လုပ်ရမည် ဖြစ်ပေရာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ NLD အနေနှင့် အစိုးရတရပ် ဖြစ်လာပြီ ဖြစ်ပေရာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကို မလွှဲမရှောင်သာ ကိုင်တွယ်ရပေတော့မည်။ ရင်ကြားစေ့မူ အရ NLD အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ ရင်ကြားစေ့ရေး သက်သက် မဟုတ်ဘဲ NLD/တပ်မတော်/တိုင်းရင်းသား ပါတီ/ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သုံးဦးသုံးဖလှယ် ရင်ကြားစေ့ရေး ဖြစ်ပေရာ ပို၍ရှုတ်ထွေး နက်နဲလာပေ တော့သည်။
NLD နှင့် ငြိမ်းချမ်းရေး
NLD ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ယခင ်ဦးသိန်းစိန်အစိုးရ လုပ်ကိုင်ခဲ့သည်ကို ဆက်ခံခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် NCA ကို ရေးဆွဲခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ထိုးခဲ့သည်။ KIA ခေါင်းဆောင်သော UNFC အဖွဲ့ဝင် ၇ ဖွဲ့၊ အချက်အချို့ ပြင်ဆင်ရန်နှင့် အားလုံးပါဝင်ရေးကို တောင်းဆိုပြီး လက်မှတ် မထိုးသေးပေ။ ထို့ပြင် UWSA/NDAA/NSCN(K) တို့က လက်မှတ်ထိုးရန် မလိုဟုဆိုကာ ငြင်းဆန်ထားပြီး MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ကိုတော့ NCA လက်မှတ်ထိုးခွင့်ပြုရန် ဦးသိန်းစိန်အစိုးရနှင့် တပ်မတော် တို့ကငြင်းဆန်ထားသည့် အခြေအနေတွင် NLD အစိုးရက ဆက်ခံခဲ့ရသည်။
NLD အစိုးရနှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်
တကယ်တမ်းဆိုလျင် NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး အခွင့်အလမ်းများ ပိုလာပြီး တွေ့ဆုံဆွေးနွေးရာတွင် ပျော့ပျောင်းသော သဘောထားကို တွေ့ရဖွယ်ရှိသည် ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်း လိုလို မျှော်လင့်ချက် ထားရှိပြီး NLD အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား စောင့်မျှော်ခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် NRPC ဖွဲ့စည်းပြီးစ အချိန်တွင်ပင် တပ်မတော်က MNDAA/AA/TNLA အဖွဲ့ လက်နက်စွန့်မှသာ လက်ခံနိုင်မည်ဟု ကြေညာခဲ့ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ခက်ခဲ၍ သွားပေသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို မြန်ဆန်စွာ ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့ပြီး NCA လက်မှတ်ထိုးသော အဖွဲ့များရော လက်မှတ် မထိုးသေးသော အဖွဲ့များပါ ညီလာခံတက်ရောက်ရေး ဆောင်ရွက်ခဲ့ရာ အားလုံးအတွက် မျှော်လင့်ချက်များ ရှင်သန်ခဲ့သည်။
ကိုးကန့်အပါအဝင် ၃ ဖွဲ့ ညီလာခံသို့ မတက်ရောက်နိုင် ခဲ့သော်လည်း ညှိနှိုင်းမှု တစုံတရာ ရှိခဲ့၍ တော်သေးသည်ဟု ဆို၍ ရသည်။ ထို့အပြင် ညီလာခံအတွင်း ပါတီအသီးသီး အဖွဲ့အသီးသီး အနေနှင့် မိမိတို့ အမြင်များကို ပွင့်လင်းလွတ်လပ်စွာ ပြောခွင့်ရသည့် အပြင် လူထုကို ချပြခွင့် ရသဖြင့် မျှော်လင့်ချက် ပိုမြင့်ခဲ့သေးသည်။
NCA
NLD အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ခါစက NCA နှင့် ပတ်သက်သည့် သဘောထားကို ရှင်းလင်းစွာ မတွေ့သေးပေ။ တပ်မတော်အနေနှင့်တော့ NCA နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ရပ်ခံထားပေသည်။
ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် NCA လက်မှတ်ထိုးသည့် အဖွဲ့များရော မထိုးသည့်အဖွဲ့များပါ ပါဝင်ရေး လုံးပမ်းနေသည့် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့များနှင့်ပတ်သက်၍ မည်သို့ ကိုင်တွယ်သွားမည် ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။
၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ NCA ထီးရိပ်အတိုင်း သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး တပ်မတော်နှင့် တသဘောတည်း ဖော်ပြခဲ့သည်။ ဆက်လက်၍လည်း ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြု လုပ်သည့် NCA လက်မှတ်ထိုးသည့် တနှစ်ပြည့် အခန်းအနားတွင် NCA ၁ နှစ် ပြည့်သော်လည်း ထပ်မံလက်မှတ်ထိုးသူ မရှိ၍ ဝမ်းနည်းစရာကောင်းကြောင်း၊ NCA လက်မှတ်မထိုးဘဲ ပြင်ပတွင် အချိန် မဖြုန်းကြဖို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ခဲ့ရသည်။
ဤအချက်သည် ၂၀၁၅ ခုနှစ်အတွင်း NCA နှင့်ပတ်သက်၍ သူမ၏ ရပ်တည်ခဲ့ပုံနှင့် ကွာခြားလာခဲ့သည်ဟု သုံးသပ်ရသည်။ ထိုစဉ်က NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို ရပ်ခံခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးရာတွင် တက်ရောက် ပါဝင်ခဲ့ခြင်း မရှိပေ။ ထို့ပြင် ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလ ၂၀၁၅ စက်တင်ဘာ ၂၆ ရက်နေ့က ဆီဆိုင်မြို့တွင် ပြောကြားရာ၌ စစ်မှန်သော အပစ်အခတ် ရပ်စဲရေး စာချုပ် အမြန်ဆုံး ရရန် လိုကြောင်း၊ တိုင်းရင်းသား အားလုံး လက်ခံနိုင်တဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်မျိုး ပါဝင်သင့်တဲ့ နိုင်ငံရေး အင်အားစုများ အစုအဖွဲ့များ အားလုံး လက်ခံသော စာချုပ်မျိုး လိုအပ်ကြောင်း၊ ယနေ့လက်မှတ်ထိုး နောက်နေ့ ပစ်မည် ဆိုလျှင် စစ်မှန်သော စာချုပ်မျိုး မဟုတ်ကြောင်း၊ မိမိတို့ အနေနှင့် စစ်မှန်သော အပစ်ရပ်စာချ ုပ် အမြန်ဆုံး လက်မှတ်ထိုးခြင်းအား သူမတို့ သဘောတူကြောင်း၊ သို့သော် အချိန်ကာလက အရေးကြီးဆုံး မဟုတ်ကြောင်း စစ်မှန်မှုသာ အရေးကြီးဆုံး ဖြစ်ကြောင်း၊ သူမ အနေနှင့် သေသေချာချာ ပြောလိုကြောင်း ပြောဆိုခဲ့သည်။
သို့သော် NCA လက်မှတ်ထိုးရန် ဆွေးနွေးဆဲ အငြင်းပွါးဆဲဖြစ်သည့် UNFC ခေါင်းဆောင်များနှင့် ၂၀၁၆ ဇူလိုင်လ အတွင်း ရန်ကုန်မြို့တွင် တွေ့ဆုံ ရာ၌ သူမတို့ အစိုးရအနေနှင့် ယခင်အစိုးရ ပြုလုပ်ခဲ့သည်များကို မလွှဲမရှောင်သာ ဆက်ခံရကြောင်း ဆိုခဲ့သည်။ ထိုစဉ်က သူမတို့ အစိုးရအနေနှင့် NCA ကို ဆက်ခံရလိမ့်မည်ဟု ဆိုလိုချင်ပုံ ရသည်။ ထို့ပြင် သူမ၏ လက်ရှိ သဘောထားမှာ မည်သို့သော ကွဲလွဲမှု ရှိသေးနေစေကာမူ NCA လက်မှတ် အရင်ထိုးပြီး စားပွဲဝိုင်းပေါ် ရောက်မှ ညှိနှို င်းဆွေးနွေးရန် ရည်ရွယ်ပုံရသည်။ NLD အနေနှင့် ရွေးကောက်ပွဲလမ်းကြောင်း ဝင်လိုက်ခြင်းမှာလည်း လူထု အထိခိုက်နည်းသော လမ်းကြောင်းကို ရွေးချယ်လိုက်သည်ဟု သူမ ဆိုလေ့ရှိရာ တိုင်းရင်းသားအဖွဲ့များကို သူမကဲ့သို့ပင် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်စေလိုပုံ ရပါသည်။
စစ်ပွဲနှင့် အကြမ်းဖက်အဖွဲ့ဆိုသည့် ပြဿနာ
ပထမအကြိမ် ၂၁ ရာစုပင်လုံ မကျင်းမီ ကတည်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်း စစ်ရေးအရ တိုက်ပွဲများ ဖြစ်ပွားနေရာမှ ညီလာခံနောက်ပိုင်းတွင် တစတစ ပို၍ ပြင်းထန်လာသည်။ ကချင်ပြည်နယ်တွင်း တပ်မတော်၏ ထိုးစစ်များ အရှိန်မြင့်လာသည်ကို တွေ့ရသည်။ ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်မှစ၍ KIA/MNDAA/TNLA/AA လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့က မြောက်ပိုင်း မဟာမိတ်ဟူ၍ ဖွဲ့စည်းကာ ပြန်လည် စစ်ဆင်ရေးများ ပြုလုပ်သောအခါ စစ်အရှိန်က ပိုမြင့်လာသည်။
၂၀၀၈ အခြေခံဥပဒေ အရ အရပ်သားအစိုးရနှင့် တပ်မတော်သည် လုပ်ပိုင်ခွင့် အသီးသီး ရယူထားကြသည်။ အထူးသဖြင့် ပြည်တွင်းစစ်နှင့် ပတ်သက်၍ တပ်မတော်က လုပ်ပိုင်ခွင့် အပြည့်အဝ ယူထားပေရာ အရပ်သားအစိုးရ ကျော်လွှားနိုင်ခြင်း မရှိပေ။ ဤအချင်းအရာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား မကြေလည်မှုများ တွေ့ရသည်။ သို့သော် ဤပြသနာသည် ဖွဲ့စည်းပုံပြဿနာ ဖြစ်သည်။ မြန်မာပြည်တွင် အပြည့်အဝ ဒီမိုကရေစီ မရှိသေးသည်ကို ပြသခြင်းလည်း ဖြစ်သည်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ပိုင်ခွင့်သည် အခြေခံဥပဒေ အရ အကန့်အသတ် ရှိသည်ကို ပြသည်။
သို့သော် သူမသည် သူမလုပ်ပိုင်ခွင့် ရှိသည်ကိုတော့ လုပ်ခဲ့သည်ဟု ဆိုရမည်။ စစ်အရှိန် မြင့်လာသောအခါ လွှတ်တော်တွင် အဆိုပါ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ရန် ကြံ့ခိုင်ရေး ပါတီက အဆိုတင်သွင်းကာ ကာကွယ်ရေး ဝန်ကြီးနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး ခဲ့သည်။ သို့သော် NLD အမတ်အများစုက ပယ်ချလိုက်၍ အဆိုအတည် မဖြစ်ခဲ့ပေ။ အကယ်၍သာ လွှတ်တော်ကသာ ၎င်းအဆိုကို အတည်ပြု ခဲ့ပါက ထိုအဖွဲ့များကို ဆွေးနွေးစရာ မလိုတော့ဘဲ အပြတ်တိုက်ရန်သာ ရှိတော့ပေရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်သွားနိုင်ပေသည်။
သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အဆုံးအဖြတ်ပေးရသော ကာလတွင် သူမလုပ်ပိုင်ခွင့် ရှိသော ဘောင်အတွင်းမှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီး၏ သဘောထားသည် တပ်မတော်သဘောထားသာ ဖြစ်ပြီး NLD အစိုးရ သဘောထား မဟုတ်ကြောင်း တွေ့ခဲ့ရသည် ဟု ဆိုရပါမည်။
ထို့ပြင် တပ်မတော်ပိုင် မြဝတီသတင်းဌာနမှ နောက်ပိုင်းတွင် အဆိုပါ လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက် သောင်းကျန်းသူများဟု ဖော်ပြရေးသား သော်လည်း နိုင်ငံတော်၏ အတိုင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီကမူ ပူးပေါင်း လက်နက်ကိုင်အဖွဲ့ဟုသာ တလျှောက်လုံး ဖော်ပြသည်ကို တွေ့ရသည်။ အစိုးရတရပ် အနေနှင့် တည်ငြိမ်သော သဘောထားကို ဖော်ပြနိုင်သည် ဟုဆိုရပါမည်။
အားလုံးပါဝင်ရေး
သို့သော ်ဒေါ်အောင်ဆန်းစုကြည်၏ ရပ်ခံချက်သည် ၂၀၀၈ အခြေခံဥပဒေ၏ ကန့်ကတ်ချက်နှင့် သူမ၏ အမျိုးသား ရင်ကြားစေ့ရေးမူဘောင်အောက်တွင် ပြည့်စုံလုံလောက်မှု ရှိပါသလောဆိုသည်နှင့်ပတ်သက်၍ အငြင်းပွါးမှု များရှိ ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အခြေခံမူမှာ အားလုံးပါဝင်ရေး ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်နေသော လက်နက်ကိုင် အဖွဲ့များ အားလုံး ပါဝင်ရန် လိုအပ်ပေသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က “ပါဝင်သင့်ပါဝင်ထိုက် သူများ” ပါဝင်ရေးမူကို သူမ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ကတည်းက ကြေညာထားခဲ့သည်။ ယခု စစ်ရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် တပ်မတော်မှ မြောက်ပိုင်း အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်ရန် တင်ပြလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လွှတ်တော်တွင်း ပယ်ချရုံဖြင့် လုံလောက်ပြီလော၊ သို့တည်းမဟုတ် ပါဝင်သင့် ပါဝင်ထိုက်သူများသည် မည်သည့် အဖွဲ့များ ဖြစ်သည်ကို အကျိုးအကြောင်း အချက်အလက်ဖြင့် ထုတ်ဖော် ရပ်ခံရန် လိုအပ်/မလိုအပ် လွှတ်တော်သို့တင်သွင်း၍ အဆုံးဖြတ် ခံသင့်/မခံသင့် စသည်တို့သည် စဉ်းစားဖွယ်ရာ ပြန်လှန်သုံးသပ် ဖွယ်ရာ ဖြစ်ပေသည်။ ဆုံးဖြတ်သင့်/မဆုံးဖြတ်သင့် ဆိုသည်မှာ ပေါ်ထွက်လာမည့် အကျိုးဆက်များကို ထည့်သွင်း တွက်ချက်ရန် လိုပေလိမ့်မည်။
လက်ရှိ မြောက်ပိုင်း မုန်းကိုး မူဆယ်ဒေသနှင့် ပတ်သက်၍ စစ်ပွဲသတင်းများအား နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ခဲ့သော်လည်း ၎င်းတိုက်ပွဲမတိုင်မီ တပ်မတော်၏ စစ်ဆင်ရေးများနှင့် ပတ်သက်၍ နောက်ပိုင်း ကချင်ပြည်တယ် ဂီဒွန်တောင်ကြော တိုက်ပွဲများအား ဖေါ်ပြမှု မရှိခြင်းမှာလည်း သို့လောသို့လော တွေးတောစရာဖြစ်သည်။ တချို့က တိုင်းရင်းသား ဒေသများအား တပ်မတော်က ထိုးစစ်ဆင် နေမှုများကို ဒေါ်အောင်ဆန်းစုကြည်က မျက်ကွယ်ပြုထားသည်ဟု ယူဆကြသည်။ တချို့ကမူ ထိုတိုက်ပွဲများကို သူမ မထောက်ခံသဖြင့် မဖော်ပြခြင်း ဖြစ်သည်ဟု ယူဆကြသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သူမ၏ ရပ်ခံချက် ဆောင်ရွက်ချက်များနှင့် ဘက်စုံက သုံးသပ်ရန် လိုသကဲ့သို့ အကျိုးဆက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပေသည်။
ငြိမ်းချမ်းရေး
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည်မှာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်သည်။ ယခင်က အတိုက်အခံဖြစ်ခဲ့သော NLD နှင့် တပ်မတော် ရင်ကြားစေ့ရန် လိုအပ်သကဲ့သို့ ယနေ့တိုင် လက်နက်စွဲကိုင်၍ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေသော တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များကြား ရင်ကြားစေ့ပေးရန် လိုသည်။ ထိုအတူ NLD နှင့် တိုင်းရင်းသားပါတီများ တိုင်းရင်းသား လက်နက်ကိုင်များကြား ရင်ကြားစေ့ပေးရန် လိုအပ်သည်။
အမျိုးသား ရင်ကြားစေ့ရေး ဦးစီးဆောင်ရွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေနှင့် ရင်ကြားစေ့ရေးကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မည် ဆိုပါက တန်းတူရေးသည် လည်းကောင်း၊ ဖက်ဒရယ်သည် လည်းကောင်း၊ ငြိမ်းချမ်းရေးသည် လည်းကောင်း၊ ထိုမှတဆင့် အခြေခံဥပဒေ ပြင်ဆင်ရေးသည် လည်းကောင်း၊ အောင်မြင်စွာ ဆောင်ရွက်နိုင်ပေ လိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တပ်မတော်နှင့် ရင်ကြားစေ့ရန် လိုအပ်သကဲ့သို့ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ရင်ကြားစေ့ရန် လိုအပ်ပေသည်။ ယခုအထိ တိုင်းရင်းသားများနှင့် ထိတွေ့မှု အားနည်းနေဆဲဟု တိုင်းရင်းသားများက ယူဆနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရင်ကြားစေ့ရေးသည် တပ်မတော်နှင့် ရင်ကြားစေ့ရေးက အလေးသာနေပြီး တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးက အားနည်းနေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ မည်သို့ဆိုစေ ပြီးခဲ့သော အတွေ့အကြုံများ လက်ငင်းပြသနာများနှင့် အလားလာများအား မျှော်ကြည့်၍ သုံးသပ်ကြရန် လိုအပ်ပါ လိမ့်မည်။
(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာသုတေသီတဦးဖြစ်သည်)