ရုပ်ဝတ္ထုပစ္စည်း အဟောင်းတွေမှာ သီးခြားတန်ဖိုး ကိုယ်စီ ရှိတတ်ပါတယ်။ အဟောင်း တိုင်းမှာ အဟောင်းတန်ဖိုး ရှိနေပါတယ်။ တချို့ အဟောင်းအမြင်းတွေက သမိုင်းဆိုင်ရာတန်ဖိုး (Historical value)၊ တချို့ သော အဟောင်းတွေက ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုး (Cultural value)၊ တချို့ပစ္စည်း အဟောင်းတွေကျတော့ အနုပညာ ဆိုင်ရာတန်ဖိုး (Art value) တွေ ရှိနေကြတယ်။
ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အဟောင်းတွေအပေါ် ဂုဏ်ယူတတ်တဲ့ အလေ့အထ နည်းနေသေးတယ်။ အုပ်ချုပ်သူ လူတန်းစား အာဏာပိုင် အဖွဲ့အစည်းတွေကလည်း မသိသလို သာမန် သူလိုကိုယ်လို အရပ်သားတွေကလည်း တန်ဖိုးထား ဂုဏ်ယူရကောင်းမှန်း မသိဘူး။
ယုတ်စွအဆုံး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တချို့ပင် အဟောင်းတွေရဲ့တန်ဖိုးကို သတိမမူကြသူတွေ ရှိတယ်။
ဒီလို အဟောင်းတွေကို တန်ဖိုး မထားတာက တန်ဖိုးထားရကောင်းမှန်း မသိတာကြောင့် ဖြစ်နိုင်သလို တန်ဖိုးရှိမှန်း မသိတာကြောင့်လည်း ပါဝင်တယ်။ အဟောင်းတွေရဲ့ တန်ဖိုးကိုမသိတော့ ပစ္စည်းအဟောင်းတွေက အမှိုက်စျေးလောက်နဲ့ မူလပိုင်ရှင်လက်ထဲကနေ တခြားသူလက်ထဲ ရောက်သွားရတာတွေ ရှိတယ်။
တခါတရံ အဟောင်းတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုးကို ထည့်မတွက်ဘဲ ဖြိုဖျက်တာ မွမ်းမံ ဆောက်လုပ် တာတွေကြောင့် မူရင်းတန်ဖိုး ယုတ်လျော့သွားရတာတွေလည်း ရှိပါတယ်။ ထင်ရှားတဲ့ သာဓကက မန္တလေး မဟာမြတ်မုနိဘုရား မြောက် စောင်းတန်းနဲ့ အရှေ့ဘက်စောင်းတန်းထိပ်က မြန်မာမှုတွေနဲ့ တည်ဆောက်ထားတဲ့ ပြသာဒ်တွေရှေ့မှာ ခေတ်ပေါ်ကွန် ကရစ်ဆလပ်ပြင်တွေနဲ့ အာရုံခံ မုခ်ဦးကြီး တည်ဆောက်လိုက်တာပါပဲ။
မြန်မာမှုဗိသုကာ ဆရာဆိုင်ရဲ့ ဗိသုကာ လက်ရာတွေအပေါ် တန်ဖိုးထားရကောင်းမှန်း မသိဘဲ ရှေ့က ကာဆီး ဆောက်လုပ်လိုက်ကြတာ ဖြစ်တယ်။
အဟောင်းတွေရဲ့ တန်ဖိုးသိသူအချို့က လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပေါင်းပြီး အဟောင်းတွေ ဖြုတ်ယူပြီး ကိုယ်ကျိုးရှာသွား ကြသူတွေ ရှိခဲ့ဖူးတယ်။ ရှေးဟောင်းပစ္စည်း ရှာဖွေရေး မုဆိုးတွေက ကျေးလက် ဒေသတွေအထိ ဆင်းပြီး ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေကို ကျောင်းဒကာခံယူကာ အသစ်ပြန်လည် တည်ဆောက်ပေးပြီး ပန်းဆယ်မျိုးပစ္စည်းတွေ အချပ်လိုက် ခွာယူခဲ့ကြတာပါ။
လုပ်ပိုင်ခွင့် အာဏာရှိတဲ့သူတွေ အမြော်အမြင်ရှိခဲ့ရင် ရှေးဟောင်းလက်ရာ ယဉ်ကျေးမှု ပစ္စည်းတွေ အဟောသိကံ မဖြစ်တော့ဘူးပေါ့။ တခါက အလှူရှင်တယောက်က ကျောင်းဒကာဘွဲ့ ခံယူဖို့ ဘုန်းတော်ကြီးကို လာလျှောက်ထားတယ်။ ကျောင်းဒကာဘွဲ့ ခံယူချင်သူက ကျောင်းရှေ့ မုခ်ဦးနဲ့ တည့်တည့်မှာ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းဖို့
ကျောင်းထိုင် ဆရာတော်ထံ လာရောက် လျှောက်ထားတာပါ။
ကျောင်းထိုင် ဆရာတော်က ငါ့ကျောင်းမှာ ရှိတဲ့ သံဃာအရေအတွက်နဲ့ ကျောင်းနဲ့ မျှနေပြီ။ နောက်ထပ် ကျောင်းဆောက်ဖို့ မလိုတော့ဘူး။ လှူချင်သပဆိုရင် ကုဋီ (ရဟန်းသံဃာများ သုံးသော အိမ်သာ) တော့ လိုနေတယ်။ ကုဋီ ဆောက်ချင်
ဆောက်လှူပေါ့။ လာလျှောက်တဲ့ ဒကာက ကုဋီဆောက်ဆို တပည့်တော် ဆောက်ပေးပါမယ်။ ဒါပေမယ့် မုဒ်ဦး တည့်တည့်မှာ ကျောင်းလည်း ဆောက်လုပ် လှူဒါန်းပါရစေဘုရားလို့ မလျှော့တမ်း လျှောက်တယ်။
ဆရာတော်က သူ့ကျောင်းအတွက် နောက်ထပ် ကျောင်းဆောင် မလိုအပ်တာကြောင့် အလှူရှင်ရဲ့ ဆန္ဒကို မလိုက်လျောဘဲ ငြင်းပယ်လွှတ်တယ်။ အလှူရှင်က ဘာလုပ်တယ် ထင်ပါသလဲ။ အဲဒီ ဘုန်းတော်ကြီးကျောင်းနဲ့ ကားလမ်းမ တခုသာ ခြားတဲ့ မျက်နှာချင်းဆိုင် ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းဆောင်ကြီး ဟိန်းနေအောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသတဲ့။
တခါတရံမှာ လုပ်ပိုင်ခွင့် အခွင့်အာဏာ ရှိသူတွေက ငြင်းပယ်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ အဟောင်းတွေကို မြတ်နိုး တွယ်တာခြင်းက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် ကောင်းနေသေးတဲ့ အဟောင်းတွေကို ပိုလို့တောင် တန်ဖိုးထား ထိန်းသိမ်းကြရမှာဖြစ်တယ်။
ရှေးလက်ရာ အိမ်ထောင်ပရိဘောဂ အဟောင်းတွေ တန်ဖိုးမသိတော့ အိုးရောင်းခွက်ရောင်း သူခိုးစျေးသာသာနဲ့ ရောင်းချတာတွေ ရှိခဲ့တယ်။ တန်ဖိုး နားလည်သူတွေက အဲဒီလို ကောင်းနေသေးတဲ့ အဟောင်းအမြင်းတွေကို ပြန်လည်မွမ်းမံပြီး အမြတ်တနိုး ဂုဏ်ယူ တန်ဖိုးထားနေကြတယ်။
တချို့အဟောင်းတွေက ယဉ်ကျေးမှု တန်ဖိုးအရ မြင့်မားတယ်။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ခေတ်ဦးမှာ ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းတွေထဲက သရုပ်ဖော်ပန်းချီကို မှန်ဘောင်သွင်း ရောင်းချရင် ဒေါ်လာ ၅၀၊ ၁၀၀ တန်ဖိုး ရှိတယ်။ နိုင်ငံခြားသား ခရီးသွားတွေက အမြတ်တနိုး တန်ဖိုးထား ဝယ်ယူနေကြတာပါ။
အဟောင်းတွေအပေါ် တန်ဖိုးထားလေးစားမှု မရှိခဲ့လို့ ယဉ်ကျေးမှုတွေ အဟောသိကံ ဖြစ်သွားပြီး ပျောက်ပျက်သွားရတဲ့ သမိုင်းတွေ တပုံတပင်ပဲ မဟုတ်လား။ အဟောင်းတွေ ဆိုတဲ့အထဲမှာ ထိတွေ့ကိုင်တွယ် ဆုပ်ဖမ်းလို့ မရတဲ့ စာပေ၊ ဂီတ၊ သီချင်း၊ ရုပ်ရှင်၊ သဘင် စတဲ့ ယဉ်ကျေးမှု မျက်နှာစာတွေလည်း ပါဝင်တယ်။
ဓားမိုးအုပ်ချုပ်တဲ့ အာဏာရှင်ခေတ်မှာ ယဉ်ကျေးမှု အနုလက်ရာတွေကို ယဉ်ကျေးမှုရယ်လို့ မမြင်ဘဲ အာဏာအမှောင် ဖုံးတာတွေကြောင့် ဆုံးရှုံးနစ်နာခဲ့ရတာတွေ ရှိတယ်။ အာဏာနိုင်ငံရေးက ဖုံးလွှမ်းနေတော့ ဉာဏ်မျက်စိနဲ့ အမြင်ကျယ်ကျယ် မကြည့်နိုင်ခဲ့ဘူး။
ငါနဲ့မတူ ငါ့ရန်သူ သဘောထားပြီး အပြုတ်တိုက် အပြတ်ရှင်းခဲ့ကြတယ်။ အဲဒီခေတ်မှာ စာရေးသားခွင့် ကလောင် ပိတ်ပင်ခဲ့တဲ့ စာရေးဆရာတွေ ရှိခဲ့တယ်။ သီချင်းဆိုခွင့် ပိတ်ခဲ့တဲ့ အဆိုတော်တွေ၊ ပန်းချီပြပွဲပြုလုပ်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ပန်းချီဆရာတွေ အမှန်တကယ် ရှိခဲ့တယ်။
ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံရတဲ့ မင်းသား၊ မင်းသမီးတွေ ကပြ ဖျော်ဖြေခွင့်မရှိတဲ့ သဘင်သည်တွေလည်း ရှိတာပေါ့။ အရာရာကို အာဏာနိုင်ငံရေးလို့ စဉ်းစားခဲ့ကြလို့ ဖြစ်ပါတယ်။
အဟောင်းတွေရဲ့ တန်ဖိုးကို မသိတဲ့အခါ ပုဂံကျောက်စာက မြင်းကပါဆိပ်မှာ အဝတ်လျှော်ရာမှာ သုံးတဲ့ အောက်ခံကျောက်ပြား ဖြစ်ခဲ့ရကြောင်း သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက သူ့စာတမ်းတစောင်မှာ ရေးသားခဲ့တယ်။
အဟောင်းတွေမှာ တန်ဖိုးရှိကြောင်းသိဖို့ လေ့လာမှတ်သား သင်ယူတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ သမိုင်းမသိရင် ‘အ’ တယ်လို့ ဒေါက်တာ သန်းထွန်းက ပြောခဲ့ဖူးတယ် မဟုတ်လား။ အဟောင်းတန်ဖိုး မသိရင်လည်း မိုက်တယ်လို့ ဆိုလိုက်ပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)