ပြီးခဲ့တဲ့ မြန်မာ နှစ်ဆန်းတရက်နေ့၊ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားထဲမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က “မိမိတို့ အစိုးရက တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားသည့် မူဝါဒများဖြစ်သော အမျိုးသားရင်ကြား စေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ပေါက်ရေးနှင့် ပြည်သူ အများစုရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် မိမိတို့အား ရွေးချယ်တာဝန် အပ်နှင်းခဲ့သည့် မဲဆန္ဒရှင် ပြည်သူများ ကလည်း နေရာကဏ္ဍ အသီးသီးက ပူးပေါင်း ဆောင်ရွက်ခြင်း၊ မိမိတို့၏ ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်း စသည့် နည်းလမ်းများနှင့် ဆက်လက်တက်ကြွစွာ ဝိုင်းဝန်း အကြံပေးကြဖို့လည်း အလေးအနက်ထား ပန်ကြားလို ပါကြောင်း” ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ပြောတဲ့ စကားထဲက “အကြံပြုလမ်းညွှန်ခြင်း” ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကို ကျနော်တို့ မိတ်ဆွေ တစု တော်တော် သဘောကျကြပါတယ်။ အားလုံးက ဝန်ထမ်း အငြိမ်းစားတွေ ဖြစ်ပြီး မဆလနဲ့ နဝတ၊ နအဖ ခေတ်တွေကို ကျော်လွှားဖြတ်သန်းရင်း နောက်ဆုံး သက်ပြည့် ပင်စင်စားတွေ ဖြစ်လာကြသူတွေပါ။ အားလုံးကတော့ သမ္မတ ပြောသွားတဲ့ အထဲက လမ်းညွှန်ခြင်း ဆိုတဲ့ စကားရပ်ကို အဓိက ဆွေးနွေးဖြစ်ကြတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်က မဆလ ခေတ်တလျှောက် “လမ်းညွှန်ခြင်း” ဆိုတဲ့စကားက အုပ်ချုပ်သူတွေ က ဝန်ထမ်းတွေ၊ ပြည်သူတွေကို တဖက်လှည့်နဲ့ ခိုင်းစေခဲ့တာ ဖြစ်တယ်။ အခု သမ္မတ ပြောတဲ့ လမ်းညွှန်ခြင်း ဆိုတာ က ပြည်သူပြည်သားတွေ (သမ္မတ ဦးထင်ကျော်ရဲ့ စကားငှားသုံး ရရင် နိုင်ငံသူ၊ နိုင်ငံသားတွေ) က အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို ရည်ညွှန်းတာ ဖြစ်နေတာကြောင့် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
အထူးသဖြင့် တပါတီ အာဏာရှင်စနစ် ကျင့်သုံးခဲ့တဲ့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တလျှောက်မှာ “ဦးဆောင် လမ်းညွှန်မှု” ဆိုတဲ့ စကားရပ်ကို တွင်တွင်ကြီး သုံးစွဲခဲ့ပြီး၊ အဲ့ဒီခေတ် အစိုးရဝန်ထမ်း ကြီးကြီးငယ်ငယ် အားလုံးဟာ လမ်းစဉ်ပါတီရဲ့ ဦးဆောင်လမ်းညွှန်မှုကို မလွဲမသွေ ခံကြရတယ်။ ပြည်သူလူထုဆိုတာ အစိုးရအဖွဲ့ကို ဘာ အကြံဉာဏ်မှ ပေးခွင့် မရခဲ့ပါဘူး။ ခုတော့ ပြည်သူတွေ ရွေးချယ်တဲ့ ပြည်သူ့အစိုးရဆိုတာ မြန်မာပြည်မှာ ပထမဆုံး ပေါ်ပေါက်လာပြီး၊ ပြည်သူတွေက အစိုးရကို လမ်းညွှန်ပေးလို့ ရနေပြီ၊ သမ္မတ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ပြောထားပြီးပြီ။
ဒါပေမယ့် သမ္မတ ကြီးခင်ဗျား…၊ ကျနော်တို့ ပြည်သူတွေက အစိုးရအဖွဲ့ကို “လမ်းညွှန်ခြင်း” ဆိုတဲ့ စကား၊ မသုံးစွဲလိုပါဘူး၊ “အကြံပြုခြင်း” ဆိုတာကိုပဲ ပြည်သူတရပ်လုံး အတွက် ပြည်သူတရပ်လုံးရဲ့ ကိုယ်စား သုံးစွဲချင် ပါတယ်။ ကျနော်တို့ မိတ်ဆွေ အုပ်စုထဲမှာ စာရင်းစစ်အရာရှိ၊ အခွန်ဦးစီးမှူး၊ သမဝါယမဦးစီးမှူး၊ အငြိမ်းစားတွေ ပါဝင်ပါတယ်။
အခု ပြည်သူ့ အစိုးရကို အကြံပြုချင်တဲ့ အကြောင်းအရာကတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို ဦးတည်မိတဲ့ အကြောင်းကတော့ ဟိုတလောက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက သူ့ဝန်ကြီးဌာန လက်အောက်က တချို့လုပ်ငန်းတွေကို အကောင်အထည် ဖော်ရာမှာ ဘတ်ဂျက် မရှိတာကြောင့် လက်ဖက်ရည် တခွက်ဖိုး ကျပ် ၃၀၀၊ မျှဝေခြင်း အစီစဉ်ကို လုပ်ဆောင်မယ့် အကြောင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေ တော်တော် စိတ်မကောင်းပါဘူး။ အရင်အစိုးရတွေ လုပ်သွားလို့ ကြွေးတွေ တင်နေတယ်၊ ဒီ ဆိုးမွေတွေကို အခု အစိုးရက ဆက်ခံပြီး မနည်းလုပ်နေရတယ် ဆိုပြီး အခုအချိန်မှာ ပြည်သူတွေ ဘာမှ မပြောလိုတော့ တာတော့ အမှန်ပါပဲ။
ဒီတော့ အစိုးရဘတ်ဂျက် အပြည့်အ၀ ရရှိရေးမှာ အဓိက ကျလာတာက အခွန်ကောက်ခံရေး ဖြစ်တယ် ဆိုတာ အားလုံး ဝိုင်းဝန်း ဆွေးနွေး ဖြစ်ကြတယ်။ ဒီဆွေးနွေးချက်တွေဟာ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အကြံပြုချက်တွေပဲ ဖြစ်တယ် လို့ မှတ်ယူစေချင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကောက်ခံနေတဲ့ အခွန်စနစ်ကို ပြည်သူတွေ အားမရကြပါဘူး။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “အခွန် ကောက်ခံမှုကလည်း ကျမတို့နိုင်ငံမှာ ပြဿနာကြီးပဲ၊ ကျမတို့မှာ အခွန်ယဉ်ကျေးမှု ကောင်းကောင်းမထွန်းကားဘူး၊ ပြည်သူတွေ ဘာကြောင့် အခွန်ပေးကြရတယ် ဆိုတာ နားလည် သဘောပေါက်အောင် ကျမတို့ လုပ်ရလိမ့်မယ်၊ အခွန် ဆိုတာ သူတိုရဲ့ အကျိုးစီးပွား အတွက်သာ ဖြစ်ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့တဲ့ အာဏာရှိသူတွေရဲ့ အိတ်ကပ် အတွက် မဟုတ်ဘူး ဆိုတာ ကျမတို့ သက်သေပြရလိမ့်မယ်၊ အခု အခွန်ရှိနေပါတယ်၊ ဒါပေမယ့် နိုင်ငံတော်က မှီခိုလို့ မရဘူး” လို့ ပြောထားပြီး ဖြစ်ပါတယ်။
ပြည်သူတွေကတော့ နိုင်ငံတော်က မှီခိုလို့ရတဲ့ အခွန်တွေ အပြည့်အဝရအောင် အစိုးရက အင်တိုက်အားတိုက် ဆောင်ရွက် စေချင်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်မှာ တနှစ်လုံး ရည်မှန်းချက် ဖြစ်တဲ့ ကျပ် ၅၁၄၃ ဒသမ ၀၇၄ ဘီလီယံရဲ့ ၃၇ ဒသမ ၈၂ ရာခိုင်နှုန်းပဲ ရရှိထားပြီး၊ ယခင် အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် အခွန်ရငွေ လျော့ကျနေတယ် ဆိုတဲ့ သတင်းက စိတ်ပျက်စရာပါ။
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တယ်လီဖုန်း အခွန် မကောက်ခဲ့ပါဘူး။ အခုအစိုးရ လက်ထက်ကျတော့ တယ်လီဖုန်းခွန် ကောက်ခံနေပြီ ဖြစ်တာကြောင့် အရင်ဘဏ္ဍာနှစ်ထက် အခွန်ရငွေအများကြီး ပိုနေရမှာ ဖြစ်ပါတယ်။ အခု မပိုတဲ့ အပြင် လိုနေသေးတယ် ဆိုတော့ အခွန်ကောက်စနစ် ဘာလဲ၊ ဘယ်လဲ လို့ ပြည်သူတွေက မေးစရာ ဖြစ်နေ ပါတယ်။
နောက်ပြီး ပြေးမလွတ်တဲ့ အခွန်ငွေတွေနဲ့ပဲ ကျေနပ် မနေသင့်ပါဘူး။ ဒီအခွန်တွေက ဘယ်လောက်ရှောင်ရှောင်မရတဲ့ အခွန်ငွေတွေပါ။ လက်ကိုင်ဖုန်းဘေလ်ထဲက အခွန်ငါးရာခိုင်နှုန်း ကြိုတင်ဖြတ်တောက်လိုက်တာ၊ စည်းကြပ်ဝင်ငွေ ရရှိတဲ့ အစိုးရနဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ လစာထဲက သတ်မှတ်ဝင်ငွေခွန်ဖြတ်တာ၊ ပင်ရင်းမှ နှုတ်ယူပေးသွင်း အခွန်ငွေ (Withholding Tax) ကြိုတင် ဖြတ်တောက်ယူတာ၊ ပုံမှန် အခွန်ထမ်းစာရင်း ဝင်နေသူတွေထံက နှစ်စဉ် အခွန် စည်းကြပ်တာတွေဟာ ပြေးမလွတ်တဲ့ အခွန်တွေ ပါပဲ။ ဒါကြောင့် တော်ရုံပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ဖို့ အခွန် ကောက်ခံမှုစနစ်ကို မြန်ဆန် သွက်လက်စွာ လုပ်ဆောင်ဖို့ အောက်ဖော်ပြပါ အကြံပြုချက်တွေကို တင်ပြလို ပါတယ်။
၁။ အခွန်နယ်ပယ် ချဲ့ထွင်ဖို့ လိုပါတယ်။ အခွန်ဆောင်ဖို့ နည်းအမျိုးမျိုးနဲ့ ရှောင်တိမ်းနေကြတဲ့ လုပ်ငန်းရှင်တွေ မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ သူတို့ကို ရှာဖွေဖော်ထုတ် အခွန်စည်းကြပ် ကောက်ခံဖို့ ဖြစ်ပါတယ်။
၂။ အကျင့်ပျက်ခြစားတဲ့ အခွန်ဝန်ထမ်း ကြီးကြီးလတ်လတ် ငယ်ငယ်တွေကို ပြတ်ပြတ်သားသား အရေးယူဖို့ လိုပါတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေဟာ အခုအထိ ရှိနေဆဲ ဖြစ်ပါတယ်။
၃။ ထိရောက်တဲ့ အခွန်စနစ်တခုကို ဖော်ဆောင်ပြီး အခွန် ပေးဆောင်ထိုက်သူ မှန်သမျှ ပေးဆောင်စေအောင် လက်တွေ့ လုပ်ဆောင်ပါ။ ဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့ ဖြစ်ပြီး၊ ပညာပေးတာတွေ လုပ်ဖို့ အချိန် မဟုတ်တော့ပါ။
၄။ အခွန် အကြွေးကျန်တွေကို ဖိဖိစီးစီး ကောက်ခံစေလိုပါတယ်။ အခွန်ကြွေး မကျေရင် ဘယ်လိုပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ အခွန်နည်းဥပဒေ တွေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။
၅။ နိုင်ငံကြီးသားပီသစွာ အခွန်အပြည့်အ၀ ထမ်းဆောင်နေတဲ့ ပြည်သူတွေကို နိုင်ငံတော်က ထိုက်သင့်တဲ့ ချီးကျူး ဂုဏ်ပြုမှုတွေ လုပ်ပေးစေလိုပါတယ်။
(မောင်ဆွေဝင်း (ပဲခူး) သည် ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်တဦးဖြစ်ပြီး နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပုံမှန်ရေးသားနေသည်)