လူထုထောက်ခံမှုဖြင့် တက်လာသည့် လက်ရှိ NLD အစိုးရအနေနှင့် ၂၀၁၆ ခု သည် အခက်အခဲများစွာ၊ ပြဿနာ များစွာ ရင်ဆိုင်ခဲ့ရသည့် နှစ် တနှစ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အစိုးရ အပြောင်းအလဲများကြား လူထုက မျှော်လင့်ချက် များစွာ ထားရှိခဲ့ပေမယ့် NLD အစိုးရသည် အခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းရင်း အချိန် ကုန်ခဲ့ရသည့် နှစ် တနှစ်ဟုပင် ပြောနိုင်ပါသည်။ ထိုအရေးကိစ္စများထဲမှ အောက်ပါ အရေး သုံးခုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးတို့ကို များစွာ သက်ရောက်မှု ရှိခဲ့သည်။
ရခိုင်ပြည်နယ်အရေး
အမှန်တကယ်တော့ ရခိုင်အရေး ကိစ္စသည် လူထုအစိုးရ တက်လာမှ ကောက်ကာငင်ကာ ဖြစ်လာသည့် ပြဿနာ တခုတော့ မဟုတ်ချေ။ နှစ်ပေါင်းများစွာ ကတည်းက ရှိနေခဲ့သည့် ပြဿနာကြီး ဖြစ်သည်။ အစိုးရအဆက်ဆက် ခိုင်မာ တိကျစွာ မဖြေရှင်းနိုင်ခဲ့မှု၊ လစ်လျူရှုခဲ့မှုတွေကြောင့် နှစ်ကြာလာသည်နှင့် အမျှ ပြဿနာက တဖြည်းဖြည်း ကြီးမားလာ ခဲ့ခြင်း ဖြစ်သည်။ ဖြေရှင်းဖို့ ကြိုးစားလိုက် ပြဿနာ ထဖြစ်လိုက်နဲ့ လုံးချာလည်နေသည်။ ရခိုင်အရေးကိစ္စသည် နိုင်ငံတကာက စိတ်ဝင်စားသည့် ကိစ္စတခု ဖြစ်နေခြင်းကြောင့် လူသိများပြီး ဖြေရှင်းရန် အကဲဆတ်ပြီး သိမ်မွေ့သည့် ပြဿနာ ဖြစ်နေသည်။
NLD ပါတီဦးဆောင်သည့် အစိုးရတာဝန်ယူပြီး ၇ လခန့် အကြာ အောက်တိုဘာလ ၉ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောဒေသ၌ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ရခိုင်အရေးသည် တကျော့ပြန် ပိုကြီးလားခဲ့သည်။ ပြည်တွင်း ပြည်ပ မီဒီယာများ အကြား မျက်နှာဖုံးသတင်း ဖြစ်ခဲ့သည်။
ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည် နည်းလမ်းကောင်းများကို ရှာဖွေရန်၊ နည်းလမ်းကောင်းများ ရရှိရေး အတွက် အကြံပြုပေးရန် သြဂုတ်လ ၂၄ ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့သည့် အပြင် ဒီဇင်ဘာလ ၁ ရက်က ဒုတိယသမ္မတ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းပြီး ဖြေရှင်းရန် ကြိုးစားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား ရခိုင်ပြည်နယ်တွင် ဖြစ်နေသည့်ကိစ္စနှင့် ဖြေရှင်းပေးနေမှု၊ တိုးတက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ရသည်။
သို့သော် ရခိုင်အရေးသည် ယခုအချိန်ထိ ဖြေရှင်းရန် နည်းလမ်း ရှာဆဲ အခြေအနေပဲ ရှိနေသေးပြီး ရေရှည် ကိုင်တွယ် ရမည့် အရေး တခုဖြစ်သည်။ သို့သော် လက်ရှိအစိုးရသည် ထိုသို့ ရေရှည် ဖြေရှင်းရန် အားစိုက်ပြီး နည်းလမ်းတွေ အစီစဉ်တွေ ချမှတ်ဆောင်ရွက်နေသည်မှာ အားရစရာ ရှိပါသည်။
ရှမ်းပြည်နယ်အရှေ့မြောက်အရေး
ရှမ်းပြည်နယ် အရှေ့မြောက် ဒေသရှိ လုံခြုံရေး စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းများတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ (မြောက်ပိုင်း မဟာမိတ်) များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်စဉ်များတွင် အပြစ်မဲ့ အရပ်သား ပြည်သူများပါ ထိခိုက်သေဆုံး ဒဏ်ရာ ရရှိခြင်းများ ကြုံတွေ့ခဲ့ရပါသည်။
ပုံမှန် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် မဟုတ်တော့ပဲ လူနေထူထပ်ရာ မြို့ပေါ် နေရာများမှာပါ တိုက်ပွဲများ ဖြစ်ပွားလာ ရခြင်း အတွက် ပြည်သူများ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တခဲ့ရသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အာရုံစိုက် ကြိုးပမ်း ဆောင်ရွက်နေမှု အပေါ် ပြည်သူအများ စိုးရိမ်ပူပန်မှု များစွာ ဖြစ်ခဲ့သည်။
အထူးသဖြင့် ၂၁ ရာစုပင်လုံ ညီလာခံပုံရိပ်ကိုပါ ထိခိုက်စေသည်။ မည်သူ မှားသည်၊ မည်သူမှန်သည် ဆိုခြင်းထက် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး ပြည်သူများ ၏ လူမှုစီးပွားဘဝများကို ထိခိုက်စေခဲ့သည်။ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ပိုများ လာခဲ့သည်။
မြန်မာနိုင်ငံ အရေးကိစ္စ အားလုံးနီးပါးသည် ပြည်တွင်း ငြိမ်းချမ်းရေးပေါ်တွင် မှီတည်နေသည်။ ပြဿနာ အရင်းအမြစ် ကို ရှာဖွေရန်မှာ တိုက်ပွဲ မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်သည်။ ထို အဖြေရရန် ပြီးခဲ့သည့် အစိုးရက လုံးပမ်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရသည်လည်း ကြိုးစားနေသည်။ လာမည့် ၂၀၁၇ တွင် တိုက်ပွဲများ အဆုံးသတ်ပြီး ပြည်တွင်းစစ် ရပ်စဲမည်လား ဆိုသည်ကတော့ အိပ်မက်အဆင့်ပဲ ရှိနေသေးပါသည်။ တိုင်းရင်သား လက်နက်ကိုင်များ၊ အစိုးရနဲ့ တပ်မတော်တို့ အစွမ်းကုန် ဆက်လက် ကြိုးစားရဦးမည် ဖြစ်သည်။
ဒေါ်လာအရေး
၂၀၁၆ ခုနှစ် အတွင်း နိုင်ငံခြားငွေ ဒေါ်လာလဲလှယ်နှုန်းထားများ စံချိန်တင် မြင့်တက်ခဲ့သည်။ တဒေါ်လာကို ကျပ် ၁၄၅၀ ခန့်အထိ ပေါက်ဈေး ရှိခဲ့သည်။ အရင် အစိုးရလက်ထက် ရှိခဲ့ဖူးသော ပေါက်ဈေးထက် ကျပ် ၂၀၀ ခန့်ထိ ဖြစ်ခဲ့ပြီး ဒေါ်လာဂယက်ကြောင့် ဆက်စပ်ကုန်ဈေးနှုန်းများပါ အသီးသီး မြင့်တက်ခဲ့ပြီး နိုင်ငံစီးပွားရေး အကျပ်အတည်း ဖြစ်ခဲ့ရသည်။ အထူးသဖြင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို အတန်အသင့် ထိခိုက်စေခဲ့သည်။ ဒေါ်လာဈေး မြင့်တက်မှုကို အစိုးရက ကိုင်တွယ်ရန် အသံများစွာ ထွက်ပေါ်ခဲ့သော်လည်း အစိုးရရဲ့တုံ့ပြန်မှု အထ နှေးခဲ့သည်။ သို့သော် နှစ်ကုန်ခါနီးတွင်မူ တဒေါ်လာ ပေါက်ဈေး ကျပ် ၁၀၀ ခန့် ပြန်လည် ကျဆင်းသွားသည်။ သို့ပေမယ့် ကုန်ဈေးနှုန်းကတော့ ထုံးစံအတိုင်း သိသိသာသာ ပြန်လည်ကျဆင်းခဲ့ခြင်း မရှိခဲ့ပေ။
အထက်တွင်ဖော်ပြခဲ့သည့် ပြဿနာများသည် ၂၀၁၇ အထိ ဆက်လက် တည်ရှိနေဦးမည် ဖြစ်ပြီး အစိုးရ ဦးစားပေး ကိုင်တွယ်ရဦးမည့် အရေးကိစ္စများပင် ဖြစ်နေသည်။ ခြုံပြီး ပြောရရင် လက်ရှိ NLD ပါတီအစိုးရ အနေနှင့် ၂၀၁၆ ခုနှစ် အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် အရင်အစိုးရ အဆက်ဆက် ဆိုးမွေပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးစားပေး ဖြေရှင်းနေရဆဲ အခြေနေသာ ရှိနေသေးသည်။
၂၀၁၇ ခုနှစ် ရောက်ပါပြီ။ ၂၀၁၇ တွင်လည်း ပြဿနာ အကြီးအသေး များစွာက အစိုးရကို စောင့်ကြိုနေသည်။ ပြဿနာ ရှိနေခြင်းသည် အဓိက ပြဿနာမဟုတ်၊ လူထုက တင်မြောက်ခဲ့သည့် အစိုးရအနေဖြင့် ထိုပြဿနာများကို မှန်ကန်တည်ငြိမ်စွာ ဖြေရှင်းနိုင်ရေး အတွက် မှန်ကန်သည့် နည်းလမ်းကောင်းများ ရှာဖွေနိုင်ရေးက အဓိက ကျသည်။ အစိုးရ အနေနှင့် ပြဿနားများ ပြေလည်ရေး နည်းမျိုးစုံ ရှာဖွေနေသည်ကိုလည်း အထင်းသားမြင်တွေ့နေရသည်။
သို့သော် အချို့ပြဿနာများ၊ အရေးကိစ္စများသည် အစိုးရတခုတည်း ဖြေရှင်းနိုင်ဖို့ ခက်ခဲနေသည်ကို ပြည်သူလူထု အနေဖြင့် သတိမူရမည် ဖြစ်သည်။ ဥပမာအနေဖြင့် အချို့မြန်မာ့အရေး ကိစ္စများသည် အခြေခံဥပဒေနှင့် ဆက်စပ်နေ သည်။ အခြေခံဥပဒေပြင်ဆင်မှ ပြေလည်နိုင်မည့် ပြဿနာများ၊ အရေးကိစ္စများသည် အစိုးရတဖွဲ့တည်း မဖြေရှင်းနိုင် ပေ။ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ တပ်မတော်နဲ့ ပြည်သူအားလုံး ပူးပေါင်းညီညာစွာ ပါဝင်မှသာ ပြေလည်နိုင်မည် ဖြစ်သည်။
၂၀၁၇ ခုနှစ်သည် မင်္ဂလာရှိစွာ ရောက်ရှိလာပြီ။ လူထုက တင်မြောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအနေဖြင့် ခေတ်အဆက်ဆက် မဖြေရှင်းနိုင်ခဲ့သော ပြဿနာများ အရေးကိစ္စများကို ကောင်းမွန်စွာ ဆက်လက် ဖြေရှင်းနိုင်ပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ရပါသည်။ ။