အင်ဂျင်နီယာ ဆရာဝန် ဒါမှမဟုတ် ဘုန်းကြီး

အောင်ခန့်
အင်ဂျင်နီယာ ဆရာဝန် ဒါမှမဟုတ် ဘုန်းကြီး / Reuters
Want create site? Find Free WordPress Themes and plugins.

ပြင်းထန်သည့် ဆောင်းမုန်တိုင်းပြီးသွားပြီးနောက် မြေပြင်တနေရာမှာ အသက်ပြန်ဝင်လာသည့် ရှေ့ပြေးလက္ခဏာနှယ်  ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း စစ်တပ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ များပြားလှသော လုပ်ငန်းသစ်များ၊ စွန့်ဦးတည်ထွင် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းငယ်များ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့သည်။

တိုင်းပြည်ကို ဖွင့်ပေးလိုက်ခြင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာစေခဲ့သည်။ ဆယ်စုနှစ် ၆ ခုကြာ စီးပွားရေး ချွတ်ခြုံကျခဲ့ပြီးနောက် ရုတ်တရက် ဆိုသလိုပင် အခြေအနေများက တိုးတက်ကောင်းမွန်လာသည့် အသွင်ဖြစ် လာသည်။

လတ်တလော တိုးတက်မှုများက တိုင်းပြည်၏ အတိတ်ကို ကုစားနေသည့် အချိန်တွင် ထိုအတိတ်ကာလ၏ လူမှုရေးသက်ရောက်မှုများက ယခုအချိန်အထိ နေရာ အနှံ့အပြား ပျံ့နှံ့တည်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြခြင်း အကြိမ်ကြိမ်ဖြင့် စစ်အစိုးရကို ရင်ဆိုင်နေချိန်တွင် မြန်မာပြည်သူ အများအပြားမှာလည်း နိုင်ငံခြားမှ စီးပွားရေး ပိတ်ဆို့မှုများ၊ တိုးတက်မှုမရှိသည့် လုပ်ခ လစာ၊ မြင့်တက်လာသော လူနေမှုစရိတ်များ၊ အာဏာရှိသူတို့၏ ဖိနှိပ်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ နှင့် အလွန်ခက်ခဲသည့် ကြိုးနီစနစ်များကြားတွင် သူတို့၏ ကိုယ်ပိုင် စီးပွားရေးနှင့် အသက်မွေးမှုများကို အဆုံးရှုံးခံရန်မှ အပ ရွေးချယ်စရာ မရှိဘဲ ဖြစ်ခဲ့ရသည်။

၎င်းအဖြစ်များထဲမှ ထိပ်ဆုံးတွင် နေရာရနေသည်မှာ စစ်တပ်မှ ပုဂ္ဂိုလ်အမျိုးမျိုးနှင့် သူတို့နှင့် နီးစပ်သူများက ထိပ်တန်းစီးပွားရေး ကဏ္ဍတိုင်းတွင် ဝင်ရောက်ထိုးဖောက်နေရာယူပြီး ခိုင်မာအောင် လုပ်ထားခြင်း ဖြစ်သည်။

ကြီးမားသော အခက်အခဲများအောက်တွင် သူတို့၏ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိသည့် အတွက် စီးပွား ရေးလုပ်ငန်းရှင် အများအပြားမှာ သူတို့ ၏ နစ်နာဆုံးရှုံးမှုများ စိတ်ကျဉ်းကြပ်မှုများကို ထုတ်ဖေါ်ပြောဆိုလာရာ ပိုမို၍ ကံဆိုးသည့်ဘက်သို့ သာ ရောက်လာခဲ့ကြသည်။ စစ်အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဗျူရိုကရေစီ စနစ်က နိုင်ငံခြား စီးပွားဖက်များနှင့် ပူးပေါင်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ အပေါ် ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ထားသည်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းကိုလည်း ၁၂ လသာ သတ်မှတ်ထားသည့် အတွက် နှစ်စဉ် သက်တမ်းပြန်တိုးရသည်။ နိုင်ငံခြားတင်ပို့ခွင့် ပါမစ်မှာ ပိုမို၍ သက်တမ်းတိုပြီး ၃ လသာ သက်တမ်းရှိသည်။

ထို့ကြောင့် စီးပွားရေးသမားများမှာ ဗျူရိုကရေစီ နည်းလမ်းများကြောင့် အကျပ်အတည်းတွေ့ကြရသည်။ သူတို့၏ လုပ်ငန်းများ ရပ်တည်နိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ရန် လိုအပ်လာမည်ဆိုသည်ကို ထည့်ပြောရန်ပင် မလိုပါ။ တာဝန်ရှိသူများကို လာဘ်ထိုးခြင်း၊ ကြိုးနီစနစ်အတွက် သံသယဖြစ်ဖွယ်ရာ စရိတ်များကို ပေးဆောင်ခြင်းများ ပြီးသည့် နောက်တွင် ကုန်သည်များအနေဖြင့် အကျိုးအမြတ်ရရှိရန် ခက်ခဲခြင်းကြောင့် သူတို့၏ အားထုတ်မှုများကို စွန့်လွှတ်ရန် ဖြစ်လာသည်။

ဥရောပသမဂ္ဂက အမေရိကန် နှင့် အတူ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လာသည့် အချိန်တွင် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်အများအပြား စီးပွားပျက်ကာ ဒုက္ခရောက်ခဲ့ကြရသည်။ အဆိုပါ လုပ်ငန်းရှင်များထဲမှ တဦးမှာ ကျနော့် အဖေဖြစ်ပါသည်။

အကျင့်ပျက်ခြစားမှုကို လက်မခံသည့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိခဲ့သော်လည်း ယခုအချိန်တွင် အလွန်တရာ အောင်မြင်ကြွယ်ဝနေသည့် စီးပွားရေးလုပ်ငန်းရှင်များမှာ အခက်အခဲများကို ကျော်လွန်နိုင်ရန် ခရိုနီများ သို့မဟုတ် စီးပွားဖက်များ အနေဖြင့် စစ်တပ်နှင့် အတူ ရပ်တည်ရန် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သူများ ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်း အားဖြင့် သူတို့အတွက် အကာအကွယ် ရရှိသည်သာမက အဆက်အသွယ်ရှိခြင်းမှတဆင့် ကြီးမားသော အကျိုးအမြတ်များလည်း ရရှိခဲ့သည်။ သူတို့၏ စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ လည်ပတ်နိုင်သည့်အတွက် တိုးတက်မှုများရခဲ့သည်သာမက ခက်ခဲကြပ်တည်းသောကာလအတွင်းတွင် အကျိုးအမြတ် ကြီးမားစွာ ရရှိခဲ့သည်။ သူတို့က ယခုလိုပွင့်လင်းလာသည့်အချိန်တွင် ဘဏ္ဍာငွေကြေးအရ ခိုင်မာနေခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်း အများစုမှာ ၎င်းတို့ ၏ လက်တွင်သာ အမြတ်အစွန်းများများဖြင့် ရှိနေဆဲဖြစ်သည်။

စစ်အစိုးရခေတ်များအတွင်း ပျမ်းမျှ ဝင်ငွေရှိသည့် မိဘများအတွက် စီးပွားရေး အကျပ်အတည်းက  သူတို့ ၏ သားသမီးများကို အောင်မြင်သည့် အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်စရာ ၂ ခုအဖြစ် အင်ဂျင်နီယာ သို့မဟုတ် ဆရာဝန် အလုပ်များကိုသာ ရွေးချယ်ရန် လမ်းညွှန်မှုပေးဖို့ စဉ်းစားလာကြစေသည်။

လေးစားလောက်စရာ ဂုဏ်သိက္ခာနှင့် သင့်တင့်ချောင်လည်သော လစာဝင်ငွေရှိသည့် အင်ဂျင်နီယာ နှင့် ဆရာဝန် အလုပ်များအတွက်  လူသစ်များ လိုအပ်နေခဲ့သည်။ တည်ဆောက်ရမည့် တံတားများနှင့် နေထိုင်မကောင်းသည့်သူများက အမြဲတမ်း ရှိနေခဲ့သည်။

အကယ်၍ သားသမီးများက (ကျောင်းပြီးသည့်အခါ) ဆရာဝန် သို့မဟုတ် အင်ဂျင်နီယာ အလုပ်များတကယ် မလုပ်ခဲ့ကြ လျှင်ပင် ပညာနှင့် ဘွဲ့ များက မိဘများအတွက် ဂုဏ်ယူစရာ ဖြစ်သည်။ ထိုဘွဲ့ဒီဂရီများကို မင်္ဂလာဆောင် ဖိတ်စာများ နောက်ခံစာတန်းများတွင် ထင်ရှားသည့် ရွှေရောင်စာလုံးများ ဖြင့် ဖော်ပြနိုင်ကြမည် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း အောင်မြင်မှုနှင့် ပတ်သက်၍ ထိုကဲ့သို့ အယူအဆ ကျဉ်းမြောင်းမှုက မြန်မာနိုင်ငံတွင် လတ်တလော နှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့သည်။ လူတယောက်၏ အနာဂတ်ကို ဆရာဝန်၊ အင်ဂျင်နီယာမှလွဲ ဖွဲနဲ့စကွဲဆိုသည့် ထိုအချက်နှင့်ပင် ပိုင်းခြားဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လူလတ်တန်းစားများအနေဖြင့် ဆေးကျောင်းသို့ မဟုတ် အင်ဂျင်နီယာကျောင်း တက်ရောက်ခွင့်ရရန် လိုအပ် သော အမှတ်ရရှိစေရေး ပြဌာန်းစာအုပ်များကို အားလုံး အလွတ်ကျက်မှတ်ရန် ကလေးငယ်များကို လေ့ကျင့်ပေး စေဖို့ ဖြစ်လာခဲ့သည်။

ဝင်ငွေနည်းပါးသည့် မိဘများ အတွက်မူကား အဆင့်မြင့်ပညာရေးကို မတတ်နိုင်သည့် အတွက် သူတို့၏ ကလေးငယ်များက ပညာရေးကို စွန့်လွှတ်ပြီး အနီးဆုံးမြို့တွင် သူတို့လုပ်နိုင်သည့် အလုပ်များရှာဖွေရန် စေလွှတ်ရန် ဖြစ်လာခဲ့သည်။ အဓိကအားဖြင့် အိမ်အကူများ၊ လက်ဘက်ရည်ဆိုင် စားပွဲထိုးများ ဖြစ်လာကြသည်။

ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF )၏၂၀၀၆ ခုနှစ် စာရင်း အချက်အလက်များတွင် မြန်မာနိုင်ငံရှိ အသက် ၆ နှစ် နှင့် ၁၇ နှစ်ကြား ကလေးငယ် ၃ ယောက်တွင် တယောက်က အလုပ်လုပ်နေရသည်ဟု ဖော်ပြထားသည်။ သူတို့ထက် ပို၍ ကံဆိုးသူများမှာကား အလုပ်အကိုင်ရရှိရေး သေချာ၍ ပုံမှန်ဝင်ငွေလည်း ရှိသော စစ်တပ်အတွင်းသို့ အသက်ငယ်ငယ်ဖြင့် ရောက်ရှိသွားခဲ့သည်။

အချိန်ကြာလာသည်နှင့် အမျှ ကလေးငယ်များကို အလုပ်ချင်ဆုံး အလုပ် ၂ မျိုး (ဆရာဝန် နှင့် အင်ဂျင်နီယာ) အနက်မှ သူတို့ ဘာလုပ်ချင်သည်ကို မေးမြန်းခြင်းက မေးရိုးမေးစဉ် မေးခွန်းတခု ဖြစ်လာသည်။ ထိုသို့ဖြစ်လာရန် မလုပ်နိုင်သည့် အခါ “ကျနော်တော့ ဘုန်းကြီးပဲ ဝတ်မယ်” ဟု ပြောတတ်လာကြသည်။

အဆိုပါ အယူအဆမျိုးက ယနေ့ထက်ထိ ဆက်ရှိနေပါသေးသည်။ သူတို့က မှားယွင်းသော ယုံကြည်မှုထဲတွင် တဝဲလည်လည် ဖြစ်နေကြောင်းကို အများစုက သတိပင် မထားမိကြပါ။ လူငယ်တို့၏ ရည်မှန်းချက် စွန့်လွှတ်ရခြင်းက ပို၍ပင် ကြေကွဲစရာ ဖြစ်နိုင်ပါသည်။ သူတို့၏ ဘဝကိုပြောင်းလဲရေး တချိန်က မက်ခဲ့ရသည့် အိပ်မက်များကို လက်ရှိ အခြေအနေ၏ ဖိနှိပ် ကန့်သတ် ချုပ်ချယ်မှုကြောင့် စွန့်လွှတ်ခဲ့ကြရသည်။

အကယ်၍ မြန်မာနိုင်ငံက ငြိမ်းချမ်းသော ဒီမိုကရေစီနှင့် ညီမျှသော အခွင့်အရေး ရှိသည့် ခေတ်သစ်တခုသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လျှင် အထီးကျန်ချိန်နှင့် ဖိနှိပ် ကန့်သတ်ခံထားရချိန်များက ရှိခဲ့သော ကျဉ်းမြောင်းသော အမြင်များကိုလည်း စွန့်ခွာရမည် ဖြစ်သည်။

စစ်အစိုးရလက်အောက်မှ ကျနော်တို့ အတိတ်၏ အကြွင်းအကျန်များကို ဖယ်ရှားရမည် ဖြစ်သည်။ ကျနော်တို့ အတွက် သင့်တော်မည်ထင်သည့် မည်သည့် အစဉ်အလာ ယဉ်ကျေးမှုက ကျနော်တို့ကို အနာဂတ်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း၊ တန်းတူညီမျှမှုနှင့် ရရှိနိုင်မည့် အကျိုးစီးပွားအတွက် မည်သည်တို့ကို နောက်မှာ ချန်ထားခဲ့ရမည်နည်း ဆိုသည်ကို မေးမြန်း ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

စီးပွားရေးနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများအပြင် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လူမှုရေးပြောင်းလဲမှုများရှိစေမည့် အချက်များလည်း အရေးတကြီး လိုအပ်နေပါသည်။ ဆရာဝန်များ နှင့် အင်ဂျင်နီယာများသက်သက်ဖြင့် ကွက်လပ်ကို တံတားထိုးပေးနိုင်မည် မဟုတ်ပါ။

(Oxford University မှ ကမကထပြုသော မြန်မာ့အရေး Forum ဖော်ရမ်ဖြစ်သည့် Tea Circle လက်ဘက်ရည်ဝိုင်းတွင်ဖော်ပြထားသော Aung Khant ၏ An Engineer, a Doctor, or a Monk  ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading