(လွတ်လပ်တဲ့ မြန်မာပြည် ××× ထွဋ်မြတ်တဲ့ စံဌာနီ ××× မချွတ်အစဉ် ××× လွတ်သဘင် ××× ဆင်နွှဲခဲ့သည် ××× သဘင်ပွဲ ××× ပွဲညံစီ ××× မြန်မာ့ဟန်ရေး ××× ရှေးထုံးမပျက်ပေါင် ××× မရိုးစည်မောင်း ××× ငြိမ့်ညောင်း ဝေေ၀စည် ×××) ဗိုလ်ရှုသဘင် သီချင်းမှ….။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ တိုင်းတပါးလက်အောက် ကျွန်သဘောက် ဘဝက မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ဒဏ်ကိုပါ တိုင်းရင်းသားပြည်သူ တရပ်လုံး ခံစားခဲ့ကြရတယ်။ အယူဝါဒ ဂိုဏ်းဂဏတွေကြားမှာ တိုင်းပြည်လည်း မြေစာပင် ဖြစ်ခဲ့ရတယ်။ ညီအကို အချင်းချင်း စစ်ခင်းနေရတာနဲ့
တိုင်းပြည်ဖွံ့ဖြိုးရေးဘက် မလှည့်နိုင်ခဲ့ပဲ တိုင်းပြည်လည်း ဖွတ်ကျောပြာစု ခရုဆန်ကျွတ် ဘဝကရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်။ ဒေသတွင်းနိုင်ငံအားလုံးက ၂၁ ရာစုမှာ ခေတ်နဲ့အမီ လိုက်နေချိန် ရွှေပြည်ကြီးက ရန်ဖြစ်ကောင်းတုန်း ရှိနေသေးတယ်။
ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်ဆိုတာ ဘယ်သီအိုရီနဲ့ တိုင်းတိုင်း အခုထိမှန်နေတဲ့ အမှန်တရားဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။ လွတ်လပ်တဲ့ မြန်မာပြည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ သူများတွေထက် ပိုကြိုးစားကြရမှာ ကျနော်တို့တွေက ရန်ဖြစ်နေရတာနဲ့ပဲ မအားနိုင်အောင်ရှိနေကြတာ ရှက်ဖို့ကောင်းလှတယ်။
လူပြောများလှတဲ့ စကားတခု ရှိပါတယ်။ “အနာဂတ်က လူငယ်တွေ လက်ထဲမှာ”တဲ့။ ဟုတ်ပါတယ်၊ တိုင်းပြည် အနာဂတ်ကို လူငယ်တွေလက်ထဲ (စေတနာရှိသည်ဖြစ်စေ၊ စေတနာ မရှိသည် ဖြစ်စေ) ထည့်ခဲ့ရမှာပါ။ ဒါပေမယ့် ဒီနေ့ ကောင်းမှ မနက်ဖြန်ကောင်းမှာမို့ အခုကတည်းက ငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းမှန်ပေါ်ရောက်အောင် ယနေ့လူကြီးများ လုပ်ပေးဖို့ တာဝန်ရှိပါတယ်။
လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေး ရတဲ့အခါ လွတ်လပ်ပြီဆိုပြီး လမ်းမပေါ် ဆေးရိုးမလှန်းဖို့ ပြောခဲ့ဖူးတယ်။ နှောင်းလူတွေက ဗိုလ်ချုပ်ကျေးဇူး အထူးထူးကို အောက်မေ့ ဆင်ခြင်ပြီး ဗိုလ်ချုပ်စကား နားထောင်ကြတယ်။ သူတို့က လမ်းမပေါ် ဆေးရိုးမလှန်းကြဘူး။ လူသွားလမ်း မချန် ဈေးရောင်းကြတာပဲရှိတယ်။ သူများနိုင်ငံတွေထက် နှစ်ဆ သုံးဆ ပိုလုပ်ဖို့ ဗိုလ်ချုပ်က မှာခဲ့တော့လည်း ခေါင်းဆောင်စကားဆိုတော့ နှောင်းလူတွေက မြေဝယ်မဝယ်မကျ နားထောင်ကြတာပဲ။ အလုပ်ကို နှစ်ဆ သုံးဆ ပိုမလုပ်ပဲ အပျော်အပါးနဲ့ အသောက်အစား လောင်းကစားဘက်မှာ နှစ်ဆ သုံးဆ ပိုလုပ်တော့ ကြွေးတင် ကျွန်ဖြစ် လူလုံးမလှတဲ့ ဘဝတွေက ဒီနေ့ခေတ်မှာ ပိုများလာတယ်။
လွတ်လပ်ရေး ကြေညာစာတမ်းထဲက နောက်ဆုံးအပိုဒ်ကို မိတ်ဆွေတို့ အတွက် ဝေငှလိုက်ပါရစေ။
“သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီး တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတ နိုင်ငံတော်ကြီးကို တည်ထောင်ပြီး၊ ငါတို့ လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိုင်မယိင်း တည်မည်။ ငါတို့သည် လွတ်လပ်သော နိုင်ငံဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည် နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့် အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်”
“ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း”
ကျနော်တို့ မငြိမ်းချမ်းလို့ နောက်ကျခဲ့ရတယ်။ တိုင်းပြည်က စစ်စရိတ်တွေကြောင့် စစ်ဒဏ်ပိပြီး နောက်ကျကျန်ခဲ့ရတာပါပဲ။ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်က ပါလာခဲ့တာ အခုထိ နာတာရှည်ပါ။ လွတ်လပ်ရေးကို အတူတိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက လွတ်လပ်ရေး ရပြီးမကြာခင်မှာ လပိုင်းအတွင်းမှာပဲ တောခိုခဲ့တယ်။ မရှေးမနှောင်းမှာပဲ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကလည်း လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။ လွတ်လပ်ရေးနဲ့ အတူပေါက်ဖွားလာတဲ့ ပါလီမန် ဒီမိုကရေစီလည်း ၁၉၆၂ ခုနှစ်မှာ နိဌိတံပြီး
တော်လှန်ရေးကောင်စီ စစ်အစိုးရထံ အာဏာ အပ်နှင်းခဲ့ရတယ်။
အဲဒီနောက်မှာတော့ စစ်ဗျူရိုကရေစီနဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ပန်းတိုင်ဆီ ချီတက်လိုက်တာ ကျရှုံးနိုင်ငံ (Failed State) ဖြစ်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ
စစ်အာဏာသိမ်းမှုနဲ့ နောက်တဖန် ကြုံလိုက်ရပြန်တော့ နလန်မထူနိုင်အောင် ဖြစ်ခဲ့ရတော့တာပါပဲ။ အခုတော့ ဖွံ့ဖြိုးဆဲနိုင်ငံ (Least Development Country) စာရင်းက လွတ်ဖို့ဆိုတာ မနည်းရုန်းကန်နေရတဲ့ အနေအထား။
လွတ်လပ်ရေး ရတာ နှစ်ပေါင်း ၇၀ ပြည့်ဖို့ တနှစ်သာ လိုပါတော့တယ်။ တိုင်းပြည်ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရလေမလားမသိ။ ကျနော်တို့နဲ့ မရှေးမနှောင်း လွတ်လပ်ရေးရခဲ့တဲ့
နိုင်ငံတွေ ထိုက်သင့်သလောက် ရှေ့ရောက်နေကြပြီ။ ဆင်းရဲစုတ်ပြတ်နေတဲ့ တတိယကမ္ဘာ နိုင်ငံတခုအဖြစ် သမိုင်းအမွေ နောက်မျိုးဆက်ကို ချန်ထားပေးခဲ့ရတာ ရှက်တက်ရင် ရှက်ကြဖို့ကောင်းတယ်။ ကျနော်တို့ မြေပေါ်မြေအောက် သယံဇာတတွေ လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝပါရဲ့နဲ့ ဘာကြောင့် သူများနောက်မှာ ကျန်ခဲ့ရတာလဲ။
အဖြေကတော့ ကျနော်တို့ အချင်းချင်း ရန်ဖြစ်နေကြလို့ပေါ့။ ရန်ပွဲတွေကို အမြန်ဆုံးရပ်ကြပါ။ ရန်ပွဲတွေက အကျိုး မဖြစ်ထွန်းဘူးဆိုတာ မမေ့ပါနဲ့။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် အခုချိန်က ရန်ဖြစ်ရတော့မယ့် အချိန်ကို မဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ အတိတ်တွေကို လက်ညှိုးထိုး အပြစ်ဖို့ ကိုယ်လွတ်ရုန်းရမယ့် အချိန်လည်း မဟုတ်တော့ဘူး။
စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမယ့် အချိန်ရောက်ပြီ။ အတ္တတွေ ခဝါချလို့ ဆွေးနွေး ညှိနှိုင်း အဖြေရှာကြဖို့ မေတ္တာရပ်ခံပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)