မော်တော်ဆိုင်ကယ် စီး၍ သစ္စာတရားကို ရှာဖွေခြင်း

မောင်သာမည
မော်တော်ဆိုင်ကယ် စီးရင်း သစ္စာတရားကို တွေ့အောင် ရှာဖွေကြသည်
Want create site? Find Free WordPress Themes and plugins.

“တို့ဟာ သဘာဝနဲ့ သီးခြား မဟုတ်ကြဘူး။ သဘာဝကြီးက ထင်သလို ခြယ်လှယ်ဖန်တီးခံစားကြရမယ့် အဟိတ် တိရစ္ဆာန်တွေ မဟုတ်ကြသလို သဘာဝကြိးကို နဖားကြိုးတပ်ပြီး စည်းမဲ့ကမ်းမဲ့ နှိပ်စက်ဖျက်ဆီးနိုင်တဲ့ နတ်ဆိုးတွေ လည်း မဟုတ်ကြဘူး။ သဘာဝကြီးရဲ့ အသီးအပွင့်တွေကို စားသုံးရင်း သဘာဝကြီးအတွင်းမှာပဲ အစဉ်ထာဝရ နေထိုင် သွားကြရမယ့် လူသားတွေ ဖြစ်တယ်။ ပြောရမယ် ဆိုရင် တို့ဟာ တို့ရဲ့ ငြိမ်းချမ်းစွာ အသက်ရှင် ရပ်တည်နိုင်ရေး အတွက် သဘာဝကြီးနဲ့ ချစ်ကြည်ရင်းနှီးဖို့ လိုတယ်။ အကျွမ်းတဝင် ဆက်ဆံပေါင်းသင်းဖို့ လိုတယ်။ လေးလေး စားစားနဲ့ တန်ဖိုးထားဖို့ လိုတယ်။ သဘာဝကြီးကို သိဖို့ လိုတယ် ကွ”

ဤသို့ဖြင့် မော်တော်ဆိုင်ကယ် တစင်းနှင့် သစ္စာတရား ရှာဖွေခြင်း ခရီး အစပြုလေ သတည်း။

လူသားသည် နည်းပညာ၌ တဖက်ကမ်းခပ် တတ်မြောက်လေပြီ။ စက်ယန္တရား အတတ်၌လည်း ဆယ့်နှစ်ကြိုးကို လွန်ခဲ့လေပြီ။ အာကာသကိုလည်း စိုးမိုးနိုင်ပြီ။ အသံထက် မြန်သော လေယာဉ်ပျံများဖြင့် ကမ္ဘာ့အပြင်ဘက် ထွက်၍ လက်ဖက်ရည် သောက်နိုင်ကြပြီ။ စကြဝဠာကြီးကို လက်ဝါးထဲမှာ တင်နိုင်ပြီဟု ထင်လေပြီ။ သို့နှင့် လူသားတို့ မာန်တက်လာသည်၊ ဘဝင်မြင့်လာသည်၊ ခြေဖျားထောက်၍ လက်မထောင်လာသည်။ ကိုယ့်ကိုယ်ကို စေတလုံး ပိုင်ရှင်ပမာ  မှတ်ထင်လာသည်။ သဘာ၀ လောကကြီး တခုလုံးကို ခါးထောက်၍ ကြည့်လေသည်။ “ဒါတွေဟာ ငါ့ရဲ့ ကျေးကျွန်တွေပဲ၊ ငါခိုင်းတာ လုပ်ပြီး ငါလုပ်သမျှ ခံကြရမယ့် အရာတွေပဲ” ဟု အာဏာရှင် ဆန်လာသည်။ ဤသို့ဖြင့် သဘာဝကြီးကြောင့် လူဖြစ်လာရသူတို့က သဘာဝကြီးကို ကျေးစွပ်၍ ထင်ရာစိုင်း လာကြသည်။

ထိုအခါ သဘာဝလောကကြီးသည် အကျိုးကျိုးအပဲ့ပဲ့ ဖြစ်လာသည်။ အပျက်ပျက် အစီးစီး ဖြစ်လာသည်။ မခံမရပ်နိုင်ဖြစ်ပြီး ပုန်ကန် မှုန်ဆန်လာသည်။ စက်ကြိုးယန္တရား အတတ်များကို အလွဲသုံးစား ပြုမိမှားခြင်း ကြောင့် ပင်လယ်တွင်းသို့ ပြိုဆင်းပြီး စုပ်စမြုပ်စ ပျောက်ကွယ်သွားရသည် ဆိုသော အတ္တလန်တစ်မြို့ ဒဏ္ဍာရီသည် အမှန်တရားနှင့် တဖြည်းဖြည်း နီးစပ်လာပြီ ဖြစ်သည်။

ဤသို့ဖြင့် လူသားနှင့် သဘာဝလောကကြီးသည် သူစိမ်းပြင်ပြင် ဖြစ်ရုံမျှမက ရန်သူများ ဘဝသို့ပင် ရောက်ရှိ လာခဲ့သည်။ ရာသီဥတုတွေ ဖောက်ပြန်လာသည်။ အအေးလွန်ကဲမှု၊ အပူလွန်ကဲမှုတွေ ရှိလာသည်။ အက်ဆစ်မိုးတွေ ရွာလာသည်။ မိုးခေါင်သည့် နေရာက ခေါင်၍ ရေကြီးသည့်နေရာက ကြီးလာသည်။ သစ်တောတွေပြုန်းတီးပြီး ကန္တာရနယ်တွေ ကျယ်သည်ထက် ကျုယ်လာသည်။

အိုဇုန်းလွှာသည် ကျဲပါးလာသည်။ နျူကလီးယားဆောင်း (Nuclear Winter) သည် သိပ်မဝေးတော့သည့် အလား ဖြစ်လာသည်။ တိရစ္ဆာန် မျိုးစိတ် အတော်များများ ပျောက်ကွယ်ကုန်ကြပြီ။ သူတို့ ဆောက်တည်ရာ ဖြစ်သော ကမ္ဘာကြီးသည် ယိုသည့်နေရာက ယို၊ ပေါက်သည့်နေရာက ပေါက်ဖြစ်လာသည်။ အချိန် မတိုင်မီ လူ့ဇာတ်ကို သိမ်းပစ်လိုက်ရအံ့လောဟု သဘာဝကြီးက ရန်စကား ဆိုလာသည်။

ထို့ကြောင့် သဘာဝကြီးနှင့် ပြေပြေလည်လည် ဖြစ်ဖို့ အတွက် စေ့စပ်ရေး လုပ်ငန်းများကို အပူတပြင်း လုပ်လာကြ သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်ရေး စသည်ဖြင့် သဘာဝကို လေပြည် ထိုးလာကြသည်။ သဘာဝကြီးကို အဖက်လုပ်လာကြသည်။ မိမိတို့ ကဲ့သို့ အမှားအယွင်းမျိုး နှောင်းမျိုးဆက်တို့ မကျူးလွန်စေရန် မိုးထိတိုက် မှန်လုံခန်းထဲက သားသမီးများကို မြေကြီးပေါ်သို့ ဆင်းခိုင်းကြသည်။

ကျောင်းပိတ်ရက်တွင် တောစခန်းထွက်ပြီး သဘာ၀ တောတောင်ရေမြေကို ခံစားနိုင်ကြသည်။ ကျေးငှက် သာရကာတို့၏ တွန်ကျူးသံကို နာခံရင်း သဘာဝလောကကြီးကို ချစ်မြတ်နိုးလာစေသည်။ သဘာဝ၏ ရင်ခွင်မှာ မှေးစက်ရင်း လူ့တန်ဖိုးကိုလည်း ဆင်ခြင်မိလာကြသည်။

လူ့တန်ဖိုးသည် အဘယ်နည်း။

လူသားတို့သည် မိမိတို့၏ သက်သာချောင်ချိရေး အတွက် စက်ယန္တရားများကို တီထွင်လာခဲ့ကြသည်။ ယင်း တီထွင်မှုကြောင့် လူ့ဘောင်လောကကြီးသည် မကြုံစဖူး ထူးကဲသော စည်းစိမ်ကို ခံစားလာနိုင်ခဲ့သည်။ လေအေးစက်နှင့် ရေခဲသေတ္တာ၊ တယ်လီဖုန်းနှင့် တယ်လီဗင်းရှင်း၊ ဗီဒီယိုနှင့် မှန်လုံကား၊ အသံထက်မြန်သော ယာဉ်ပျံနှင့် နတ်စည်းစိမ် ဆယ်သက် တကယ်မမက်သည့် ဘဝသို့ ရောက်နေကြပြီ ဖြစ်၏။

အလုပ် နည်းပါး၍ စည်းစိမ် တိုးပွားလာသည် မှန်သော်လည်း စိတ်ရောဂါကု ဆရာဝန်တွေလည်း နေ့မအား ညမအား အလုပ်များလာ ကြသည်။ လူတွေ စိတ်တိုလာသည်၊ စိတ်ညစ်လာသည်၊ စိတ်အားငယ်လာသည်၊ စိတ်ကျပ်လာသည်၊ စိတ်ရှုပ်လာသည်။ စိတ်ထောင်းလာသည်။ စိတ်ရောဂါပေါင်းသောင်းခြောက်ထောင် ဖြစ်လာသည်။

ဘာကြောင့် သည်လို ဖြစ်ရလေသနည်း။

လူသည် သဘာဝလောကကြီးကို ကျွန်ပြုရန် အတွက် စက်ယန္တရားတို့ကို တီထွင်ရင်း တီထွင်ရင်းနှင့် နောက်ဆုံး မိမိကိုယ်တိုင် ယင်း စက်ယန္တရားတို့၏ ကျေးကျွန်ဘဝသို့ ရောက်ရှိ နေလေပြီ ဟု ပညာရှင်အချို့က ဆိုသည်။ စက် ယန္တရားကို မှီခိုနေရသော ဘဝ၊ စက်ယန္တရားတို့၏  အထောက်အပံ့ကို မရလျှင် စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေသော ဘဝသို့ ရောက်ရှိနေပြီ ဟု ဆိုလိုပါသည်။ “ဆီလီကွန် ကိုးကွယ်မှု” ဟူသော စကားလုံးပင် ထွက်ပေါ်လာသည်။

လျှပ်စစ်မီး ပျက်သည်၊ ဘာမှ မလုပ်တတ်။ ရေဒီယို၊ တယ်လီဗီးရှင်းပျက်သည်၊ ဘာမှ မလုပ်တတ်။ ရေခဲသေတ္တာ ပျက်သည်၊  ဘာမှ မလုပ်တတ်။ ပန်ကာ၊ လေအေးစက် ပျက်သည်၊ ဘာမှမလုပ်တတ်။ မော်တော်ကား စက်နှိုး၍ မရ၊ ဘာမှ မလုပ်တတ်။ လုပ်တတ်သည်မှာ ခလုတ်နှိပ်တတ်ရုံသာ။

လက်တွေ့တွင်မူ အဝိဇ္ဖာ၏ သားကောင်များ ဘဝသို့ ကျရောက်ကြကုန်သည်။ အပျင်းကြီးလာသည်။ ရေသာခိုလာ သည်။ ဘာမှ မလုပ်တတ် မကိုင်တတ်ခြင်းနှင့် အတူ မလုပ်ချင် မကိုင်ချင် ဖြစ်လာသည်။ မလုပ်ရဲ မကိုင်ရဲ ဖြစ်လာသည်။

ရေပိုက်မှ ရေတစက်စက် ယိုသော အသံကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားလာရသည်။ ရေခဲသေတ္တာပျက်ခြင်းနှင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်း အဆက်အစပ် ရှိလာသည်။ စက်ယန္တရားကို နားမလည် သဘောမပေါက်ခြင်း ကြောင့် ကိုယ်မွေးထားသည့်သရဲကို ကိုယ်ပြန်ကြောက်နေရသည့် မှော်ဆရာ အဖြစ်မျိုး ဖြစ်လာသည်။ စက်ယန္တရား၏ ဖိစီးမှုကြောင့် လူ့ဘဝသည် ချုံးချုံးကျလာ လေသည်။

စက်ယန္တရား၏ အခန်းကဏ္ဍ ပိုကျယ်ပြန့်လာသည်နှင့် အတူ လူ၏ တန်ဖိုးသည်လည်း ကျသည်ထက် ကျလာလေ သည်။ လူသည် စက်ယန္တရားလောက်မှ အသုံးမဝင်သကဲ့သို့ ဖြစ်လာသည်။ သည်သို့ မဖြစ်ရန် စက်ယန္တရားတွေ ကိုလည်း အကျွမ်းတဝင် ဖြစ်ဖို့လိုသည်။ နိုင်နင်းနေဖို့ လိုသည်။

ဤသို့ဖြင့် သဘာဝ၊ လူ၊ စက်ယန္တရားတို့သည် အပြန်အလှန် ဆက်စပ်နေပေတော့သည်။ တန်ဖိုးရှိသော လူ့ဘဝ၊ သိက္ခာရှိသော လူ့ဘဝ၊ ငြိမ်းချမ်းသော လူ့ဘဝကို တည်ဆောက်ရန်မှာ သဘာဝလောကကြီးနှင့် ယဉ်ပါးနေဖို့ လိုအပ်သည့် နည်းတူ စက်ယန္တရားနှင့် ကျွမ်းကျင်ဖို့လည်း လိုအပ်သည် ဟူသော အဖြေကို တွေ့လာ ကြသည်။ သဘာဝကြီကို ထိတွေ့ရင်း စက်ယန္တရားတို့နှင့် ရင်းနှီးရင်း ၂၀ ရာစုကို နှုတ်ဆက်ခဲ့ပြီ။ လူသားတို့ အတွက် ငြိမ်းချမ်းရေးကို အနောက် နိုင်ငံသား ပညာရှင်များ ရှာဖွေစူးစမ်းလာကြသည်မှာ အားရစရာပင်။

သူတို့သည် လူ့လောကထဲမှ ရှောင်မပြေးကြ၊ သိပ္ပံပညာကိုလည်း မတိုက်ခိုက်ကြ၊ ဘုန်းကြီးကျောင်းတိုက်များ၊ ရိပ်သာများသို့လည်း မခိုလှုံကြ၊ မျက်မှောက်ဘဝ၏ ဒုက္ခအတွက် အဖြေကို နောင်တမလွန်မှာလည်း မရှာဖွေကြ၊ ဘီအမ်ဒဘလျူ၊ ဟွန်ဒါ စသော မော်တော်ဆိုင်ကယ် စီးရင်းပင်တွေ့အောင် ရှာဖွေကြသည်။ ယင်း ရှာဖွေစူးစမ်းရင်းမှာပင် “ဈာန်နှင့် မော်တော်ဆိုင်ကယ် ထိန်းသိမ်းနည်း အတတ်ပညာ” ဟူသော စာအုပ်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ငြိမ်းချမ်းမှုကို ဖြစ်စေသော အလုပ်သည် ကုသိုလ်ကောင်းမှုပင် ဖြစ်၍ ငြိမ်းချမ်းမှုကို ဖျက်ဆီးသော အလုပ်သည် အကုသိုလ် မကောင်းမှုပင် ဖြစ်သည်။ မည်သည့်အလုပ်ကို လုပ်လုပ်၊ မည်သည့်အပြုအမှုကို ပြုပြု၊ မှန် မမှန်၊ မှား မမှား၊ ကောင်း မကောင်း၊ ဆိုး မဆိုးကို ဤငြိမ်းချမ်းရေး ပေတံဖြင့် တိုင်းတာ စံပြုရမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ရရန်အတွက် မည်သို့သော အလုပ်အကိုင်မျိုးကို လုပ်ရမည် ဟူသော သတ်မှတ် ကန့်သတ်ချက် မရှိပါ။ ဘုန်းကြီးဝတ်မှ၊  သူတော်စင်လုပ်မှ၊ ကားမောင်းစက်ပြင် သမားလည်း ကားမောင်းစက်ပြင်ရင်း ငြိမ်းချမ်မှုးကို ရနိုင်သည်။ ကုန်သည်ပွဲစားလည်း အရောင်းအဝယ်လုပ်ရင်း ငြိမ်းချမ်းရေးကို ရနိုင်သည်။ တောင်သူ လယ်လုပ်လည်း ထွန်းယက် စိုက်ပျိုးရင်း ငြိမ်းချမ်းရေးကို ရနိုင်သည်၊ လင်နှင့် မယားနှင့် သားနှင့် သမီးနှင့် အိမ်ထောင်သားမွေးရင်း ငြိမ်းချမ်းရေးကို ရနိုင်သည်။ အဓိကမှာ မိမိနှင့် ပတ်ဝန်းကျင်ကြီး တခုလုံး တသားတည်း ဖြစ်သွားရေး ဖြစ်သည်။ ငါမှ ငါ ဟူသော မာန်မာနများ ကင်းစင်သွားရေး ဖြစ်သည်။

တချို့က ရုပ်ခနွာကိုယ်ကြီးကို ထိန်းချုပ်ပြီး ငြိမ်းချမ်းရေးကို ရှာဖွေကြသည်။ တချို့ကမူ စိတ်ကို အာရုံတခုတွင် ကပ်ရောက် စူးစိုက်ပြီး ငြိမ်းချမ်းရေးကို ရှာကြသည်။ အမြင့်မားဆုံးနှင့် အခိုင်မာဆုံး ငြိမ်းချမ်းရေး လမ်းစဉ်သည်ကား၊ လောဘရမ္မက်တို့ အလုံးစုံ ကင်းစင်ရေး ဖြစ်ပေသည်။

ဤအကျင့် လမ်းစဉ်ကို ကော်ဖီသောက်ရင်း၊ မုန့်စားရင်းလည်း ကျင့်နိုင်သည်။ လမ်းလျှောက်ရင်း မော်တော်ကား စီးရင်းလည်း ကျင့်နိုင်သည်။ ထမင်းချက်ရင်း၊ မော်တော်ဆိုင်ကယ်ပြင်ရင်းလည်း ကျင့်နိုင်သည်။ မည်သည်ကိုပင် လုပ်လုပ် အလုပ်၏ ပြီးမြောက်မှုကိုသာ အာရုံထား၍ ငါမှငါ ဟူသော ကိုယ့်ကိုယ်ကို မြှင့်မြှောက်ချီးမြှင့်မှုကို ဖယ်ရှားပစ်နိုင်မည် ဆိုလျှင် ငြိမ်းချမ်းရေးသည် အလိုလို ကိန်းဝပ်လာမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ဖြစ်လျှင် မှန်ကန်သော တန်ဖိုးများလည်း ဖြစ်ထွန်းလာပါမည်။ မှန်ကန်သော တန်ဖိုးများ ဖြစ်ထွန်းလာ လျှင် မှန်ကန်သော အတွေးအခေါ်များ ပေါ်ပေါက်လာမည်။ မှန်ကန်သော အတွေးအခေါ်များ ပေါ်ပေါက်လာလျှင် မှန်ကန်သော အလုပ်များကို လုပ်နိုင်လာကြမည်။ မှန်ကန်သော အလုပ်များသည် မိမိနှင့် တကွသော လူ့ဘောင်လောကကြီး တခုလုံး၏ ငြိမ်းချမ်းသာယာမှု၊ ကြီးပွားချမ်းသာမှုတို့ကို ဧကန် တည်ဆောက်ပေးမည် ဖြစ်သည်။

ပေတရာ နိုင်လွန်လမ်းပေါ်တွင် ဆံပင်ရှည်ရှည်ကို ကြက်တောင်စည်းထားသည့် လူငယ်ကလေးများ မော်တော် ဆိုင်ကယ်ကို အသံကြီးစွာ ပေး၍ စီတန်းမောင်းနှင်လာကြသည်။ ဂျင်းဘောင်းဘီနှင့် သားရေဂျာကင်နှင့် လက်အိတ်နှင့် ပလတ်စတစ် ခေါင်းဆောင်းနှင့် လမ်းပေါ်မှ လူများ အလန့်တကြားနှင့် လမ်းမဘေးသို့ ဆင်းရှောင် ကြရသည်။ တချို့အလဲလဲ အပြိုပြို ဖြစ်ကြရသည်။ မော်တော်ဆိုင်ကယ်စီး လူငယ်ကလေးများကတော့ သံသေးသံကြောင်များဖြင့် မြူးထူး အော်ဟစ်သွားကြသည်။ ဗီဒီယိုကားများထဲမှ မြင်ကွင်းများသည် အမှန်တရား ဖြစ်လာချေပြီ။         ။

(၁၉၉၁ ၊ မေလထုတ် အတွေးအမြင် စာစဉ် ၆၇ တွင် မူရင်း ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာထုတ် “တကယ့် ပညာရှင်” စာအုပ်တွင် ပြန်လည်ပုံနှိပ်ထားသည်အား စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading