မကြာသေးခင်က “မြန်မာနိုင်ငံကို ကယ်တင်ဖို့ဆိုပြီး ပြည်ပကလူတွေ အသီးသီး ပြန်ဝင်နေကြပါတယ်၊ အဲ့ဒီလူတွေကို ဘယ်လို အကြံပြုချင်ပါသလဲ” ဆိုတဲ့ မေးခွန်းရှင်ကို ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်တာ မှတ်သားမိပါတယ်။
“ကျမကလေ ဗုဒ္ဓတရားတော်ထဲမှာ သိပ်ပြီးတော့ ကျမ သဘောကျတဲ့ အပိုဒ်လေး တခုရှိတယ်။ အဲ့ဒါကဘာလဲ ဆိုတော့ ‘သူတော်ကောင်းတွေ ဆိုတာဟာ ကိုယ့်ကျေးဇူးတရားကို မချဲ့ကားဘူး’ တဲ့၊ သူများကျေးဇူး တရားကိုပဲ ချဲ့ကားတယ်ပေါ့နော်။ အဲ့ဒီတော့ မြန်မာနိုင်ငံကို ကယ်တင်မယ်ဆိုတာ နည်းနည်းကိုယ့် ကျေးဇူးတရားကို မချဲ့ကားလွန်းဘူးလားလို့ ကျမက မေးချင်ပါတယ်။ ကျမ ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ်၊ ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ပါဘူး။ ကျမ တတ်နိုင်သလောက် ရုန်းကန်ပြီးတော့ ကျမတို့ လိုလားတဲ့ နိုင်ငံတခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့ စိတ်ပဲ ထားပါတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ဆိုပြီးတော့တော့ မပြန်ခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့ ပြည်သူပြည်သားတွေနဲ့ ရုန်းကန်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ပြန်ခဲ့ပါလို့ ကျမ ပြောပါရစေ” လို့ ဖြေကြားလိုက်တာကို အင်မတန် လေးစား ကျေးဇူးတင်မိပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း ပြည်ပက လူတိုင်းကိုတော့ ကယ်တင်ရှင် ဖြစ်ချင်စိတ်နဲ့ ပြန် ဝင်ချင်နေကြတယ်လို့ မထင်စေချင်ပါဘူးလို့ မေးခွန်းရှင်ကို ကျနော်ပြောပါရစေ။ ကျနော့် ကိုယ်တိုင်ကိုယ်ပဲ ဥပမာ တခုအနေနဲ့ တင်ပြပါရစေ။ အခြေအနေအရ ကျနော် ပြည်ပကို ထွက်ခဲ့ရပြီး လောလောဆယ်မှာ အပြင်လူ တယောက်အဖြစ် နေ နေရပေမဲ့ ရင်ထဲမှာတော့ အမြဲတမ်း အရင်လူ တယောက်အနေနဲ့ ပြည်သူအားလုံးရဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ အတွက်ကို မျှော်လင့် ကြိုးစားလိုစိတ် ပြင်းထန်ဆဲပါ။
၈၈ အရေးတော်ပုံ တလျှောက်လုံး ဆန္ဒပြသူတယောက် အနေနဲ့ရော ဆရာဝန်ငယ် တယောက် အနေနဲ့ပါ ပြည်သူ ပြည်သားတွေနဲ့ အတူတကွ တိုင်းပြည်ကောင်းကျိုး အတွက် အတတ်နိုင်ဆုံး ရုန်းကန် ကြိုးစားခဲ့ပါတယ်။ ချီတက်ဆန္ဒပြ၊ မိန့်ခွန်းတွေ နားထောင်၊ အစည်းအဝေးတွေတက်၊ ဆေးရုံမှာ လူနာကြည့်တာတွေအပြင် သြဂုတ်လနဲ့ စက်တင်ဘာလ တွေမှာ သေနတ်ဒဏ်ရာ ရခဲ့ရတဲ့ ပြည်သူတွေကို ပစ်ခတ်နေတဲ့ နေရာတွေမှာရော ဆေးရုံတွေမှာပါ အတတ်နိုင်ဆုံး ကြိုးစားကုသ ပြုစုခဲ့ပါတယ်။ ကျည်ဆံဒဏ်ကိုတော့ ကိုယ်တိုင် မခံခဲ့ရပေမယ့် သေနတ်သံတွေ၊ ယမ်းနံ့တွေ၊ သွေးစွန်းမှုတွေ၊ နာကျင် နာကျည်းစွာ အော်ကြွေးသံတွေကို အမှတ်ရ နေဆဲပါ။
ဆေးရုံတွေကို မလာနိုင်တဲ့ သူတွေအတွက် ရပ်ကွက်တွေထဲက ဘုန်းကြီးကျောင်းတော်တွေမှာ သံဃာတော်တွေရဲ့ စေတနာ ခွင့်ပြုချက်အရ သူနာပြု၊ ဆရာဝန်၊ စေတနာရှင်တွေ နဲ့အတူ အခမဲ့ ဆေးခန်းတွေ ဖွင့်လှစ် လုပ်အားပေးခဲ့ပါတယ်။ အာဏာသိမ်း နောက်ပိုင်းကာလမှာလည်း ကျရာနေရာကနေ ကျန်းမာရေး တာဝန်ကို ဆက်လက် ထမ်းယူခဲ့ပါတယ်။ လှုပ်ရှားဖော် တချို့က ပြည်ပကို ရုန်းကန်ကြိုးစားပြီး ထွက်သွားနေချိန်မှာ ကျနော် ပြည်တွင်းကနေ ပြည်သူလူထုကို ဆက်လက် အလုပ်အကျွေးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို လှုပ်ရှားရုန်းကန်ရင်းနဲ့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးနဲ့တကွ မြောက်များသော လိုအပ်ချက်တွေ ရှိနေတာတွေကို ပိုမို သဘောပေါက်ခဲ့ပါတယ်။
လိုအပ်တဲ့ပညာနဲ့ အတွေ့အကြုံတွေရဖို့ အပြင် တိုင်းပြည်ရဲ့ အခြေအနေတွေအရ ပြည်ပကို ၁၉၈၉ ဇူလိုင်လ ၂၄ ရက်မှာ ထွက်ခဲ့ရပါတယ်။ ကျန်းမာရေးစနစ် တိုးမြှင့်ရေးပညာကို လေ့လာ သင်ကြားပြီး မြန်မာပြည်ကို ၁၉၉၂ အတွင်း အရောက်ပြန်လာကာ ကျေးလက်ဒေသတွေမှာ သွားနေပြီး ပြည်သူတွေရဲ့ ကျန်းမာရေး ကောင်းမွန်လာအောင် လက်တွေ့ကျကျ ကြိုးစားလုပ်ကိုင်ကြဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင် ပြင်ဆင်ခဲ့ပါတယ်။
ဆရာဝန်တယောက် အနေနဲ့ ဆေးကျောင်းမှာ အာရုံမစိုက်ခဲ့တဲ့ ကျန်းမာရေး စနစ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ စစ်မှန်သော ဆေးဝါးတွေ ဈေးသက်သာစွာ ပြည်သူတွေအတွက် ရရှိဖို့၊ ကျွမ်းကျင်တဲ့ ကျန်းမာရေးလုပ်သား (ဆရာဝန်၊ သူနာပြု၊ အရံသူနာပြု၊ သားဖွား၊ ဆေးဝါး ဓာတ်ခွဲ ဓာတ်မှန်ပညာရှင်၊ အုပ်ချုပ်ရေး အစရှိသဖြင့်) တွေ လိုအပ်တဲ့နေရာ (အထူးသဖြင့် ကျေးလက် ဒေသတွေ) မှာ ထိရောက်စွာ ရှိနေဖို့၊ ရောဂါ ကာကွယ် တားဆီးရေးကိုလည်း ဦးစားပေးဖို့တွေကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကျနော် ပြည်ပမှာ ရုန်းကန် ကြိုးစားနေချိန်မှာ ပြည်တွင်းက လှုပ်ရှားဖော် မိတ်ဆွေ သူငယ်ချင်းတချို့ ရေကြည်အိုင်မှာ မေးမြန်းခံရတာတွေ၊ အကျဉ်းချခံရတာတွေကို စိတ်ထိခိုက်စွာ ကြားသိခဲ့ရပါတယ်။ ပြည်တွင်းက ပြည်သူတွေရဲ့ ခံစားချက်နဲ့ မျက်နှာတွေကို အမြဲတမ်း မြင်ယောင်ပြီး ကျနော် ပြည်ပမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ ပေါင်းစုံတွေကို အံကြိတ် ကျော်ဖြတ်ခဲ့ပါတယ်။
၈၈ လှုပ်ရှားမှုနဲ့ မပတ်သက်ပေမယ့် ပြည်ပမှာနေခွင့်ရအောင် နိုင်ငံရေး ခိုလှုံခွင့် လျှောက်ယူရယူနေသူတွေ အကြောင်းကို ကြားသိရတိုင်း ပြည်တွင်းက အတွင်းထောင်၊ အပြင်ထောင်တွေထဲမှာ အရှုံးမပေးတမ်း ရုန်းကန်နေသူများကို ပိုမို လေးစားမိပါတယ်။ ဘာနိုင်ငံရေး ခိုလှုံခွင့်မှ မလျှောက်ခဲ့ဘဲ မြန်မာပြည် နိုင်ငံကူး လက်မှတ်တခုထဲကို လက်ကိုင်ထားပြီး ၁၇ နှစ်ကျော် ရုန်းကန်နေထိုင်ခဲ့ပါတယ်။ တိုင်းပြည်ကို ပြန်နိုင်ပြီး အားလုံးနဲ့ တူညီစွာ ရုန်းကန်လှုပ်ရှားနိုင်မယ့် နေ့တွေကို လက်ချိုးရေတွက် နေခဲ့လို့ပါပဲ။ ဒါပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ဘယ်လောက် ပြန်နေနိုင်အောင် ကြိုးစားခဲ့ပေမယ့် ပြန်မနေနိုင်ခဲ့ပါဘူး။
တိုင်းပြည် အကြောင်းကိုတော့ အမြဲတမ်း မျက်ခြေမပြတ် နားထောင် လေ့လာနေခဲ့ပါတယ်။ အခက်အခဲ ပေါင်းစုံကြားက တိုင်းပြည် ရှေ့ရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူလူထုကို အင်မတန် ဂုဏ်ယူ အားကျ အားကိုး အားပေးနေရင်း ကိုယ့်အတွေ့အကြုံ အရည်အချင်းတွေ ပိုမို တိုးတက်လာအောင် ကြိုးစားခဲ့ပါတယ်။
ခုခံအားကျဆင်းမှု ရောဂါရပ်နဲ့ ပတ်သက်တဲ့ သုတေသနနဲ့ ကုသကာကွယ်ရေး လုပ်ငန်းတွေ၊ ကပ်ရောဂါ ရှာဖွေ ကုသ တားဆီးတာတွေ၊ ဆရာဝန် အပါအဝင် ကျန်းမာရေး လုပ်သားအားလုံးရဲ့ ပညာကျွမ်းကျင်မှုနဲ့ ကျင့်ဝတ် မြှင့်တင်ရေးတွေ၊ ကျန်းမာရေးစနစ် တိုးမြှင့်ရေးတွေကို အမေရိကန် ပြည်ထောင်စုအပါအဝင် တိုင်းပြည် တော်တော်များများမှာ နေထိုင် လုပ်ကိုင်နေရင်းနဲ့ တွေ့ကြုံဆွေးနွေးခဲ့ရတဲ့ မြန်မာပြည် ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ပြည်တွင်းက ကျန်းမာရေး လုပ်သားတွေ၊ ၈၈ မျိုးဆက်တွေ၊ နယ်စပ်တလျှောက်မှာ အခက်အခဲ ပေါင်းစုံကြားက လူတိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင် နဲ့တကွ စေတနာရှင် ကျန်းမာရေး လုပ်သားတွေကို ပိုမိုခင်မင် လေးစားမိနေဆဲပါ။
သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်အတိုင်း အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံတွေကို ရေဒီယို ဆောင်းပါးတွေ ကတဆင့် ဖလှယ်ခဲ့ပါတယ်။ အခက်အခဲများ ရင်ဆိုင်ရင်း ဆုံးပါးခဲ့ရတဲ့ သူငယ်ချင်း တယောက်ကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကို ကလောင်အမည်အဖြစ် သုံးခဲ့ပါတယ်။ တခါတရံမှာလည်း ပြည်တွင်း ခရီးတိုလေးတွေ သွားရင်း အနယ်နယ် အရပ်ရပ်က မိတ်ဆွေတွေနဲ့ ဆွေးနွေးတိုင်ပင်ရင်း တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ပိုမို သဘောပေါက် လာပါတယ်။ ပြည်တွင်းက ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေး လုပ်သားတွေရဲ့ ပညာ အတွေ့အကြုံ အမြှော်အမြင်နဲ့ အခက်အခဲ ပေါင်းစုံကြားက ပြည်သူတွေကို အတတ်နိုင်ဆုံး အလုပ်အကျွေး ပြုနေတာကို လေးစားဂုဏ်ယူမိပါတယ်။
အာရှတိုက်၊ အာဖရိကတိုက်၊ တောင်အမေရိက တိုက်တွေက နိုင်ငံတချို့တွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကျန်းမာရေး အခက်အခဲတွေနဲ့ ဖြေရှင်း ကြိုးစားမှုတွေဟာ မြန်မာပြည်နဲ့ အခြေအနေ တူတာတွေ ရှိနေပါတယ်။ သူတို့ မှားခဲ့တာနဲ့ မှန်နေတာတွေကို သင်ခန်းစာယူပြီး ကိုယ့်တိုင်းပြည်အတွက် ပိုထိရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို အကောင်အထည် ဖော်နိုင်ရင် အချိန်ကုန် ငွေကုန်သက်သာပြီး ပို အကျိုးရှိလာမှာပါ။ ဥပမာ ပေးရရင် ကင်ညာ၊ ဇင်ဘာဘွေ၊ တောင်အာဖရိက နိုင်ငံတွေရဲ့ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တွေ အရည်အသွေး တိုးတက်လာအောင်နဲ့ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်၊ သူနာပြုတွေကို တိုင်းပြည်အတွက် ထိရောက်စွာ ကုသ ကူညီနိုင်အောင် အစိုးရရဲ့ ပူးပေါင်းပံ့ပိုးမှုကို ရယူခဲ့တဲ့ စီမံကိန်းတခုကို ထိုင်းနဲ့ စင်ကာပူ အပါအဝင် နိုင်ငံများစွာက လေးစား အတုယူ လေ့လာနေပါတယ်။
မြန်မာပြည် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက် လာရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းတွေက ဝိုင်းဝန်း ကူညီနေကြပါတယ်။ ကျနော့် အတွေ့အကြုံအရ ပြောရရင် နိုင်ငံအများစုမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက တိုင်းပြည်တွေကို ထိရောက်စွာ ကူညီချင်ပေမယ့် ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ တင်းမာမှုများ မကြာခဏ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကြီးမားတဲ့ ငွေကြေးပမာဏ၊ များပြားတဲ့ စီမံကိန်းတွေမှာ တင်းမာမှုများ ပိုရှိတတ်ပါတယ်။
နိုင်ငံတခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို ကိုယ့်လက်ကိုယ့်ခြေနဲ့ အပြည့်အဝ လုပ်ကိုင်နိုင်ဖို့၊ နောင်မျိုးဆက်တွေ နိုင်ငံခြား အထောက်အပံ့အပေါ် အမှီပြု မနေရဖို့ ပြည်သူ့ခေါင်းဆောင်များက ပြည်သူတွေရဲ့ အမြင်နဲ့ အာဘော်တွေကို ထိရောက်စွာ ရှာဖွေ နားထောင်ရပါတယ်။ မြန်မာပြည်မှာလည်း ပြည်တွင်းက ကျန်းမာရေး လုပ်သားတွေရဲ့ ဦးဆောင် ဆွေးနွေးမှုအောက်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ပါဝင်ကူညီရမှာပါ။ ကျနော့်လို အပြင်မှာ တခြား နိုင်ငံတွေရဲ့ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုကို တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်နေသူတွေက ပေါင်းကူးတံတား အနေနဲ့ လက်တွေ့ကျကျ ကူညီဆွေးနွေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျနော် ဘာပဲလုပ်လုပ်၊ ဘယ်ပဲရောက်ရောက် ကျနော့်ကို လူဖြစ်လာအောင် ပံ့ပိုးပေးခဲ့တဲ့ တိုင်းပြည်နဲ့ ပြည်သူ ပြည်သားတွေ၊ မိဘဆွေမျိုးတွေ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ၊ သူငယ်ချင်းတွေရဲ့ ကျေးဇူးကို ရင်ထဲမှာ အမြဲသတိရဆဲပါ။ လက်ရှိအခြေနေမှာ ကျနော်ချစ်တဲ့ တိုင်းပြည်ကို ပြန်မလာနိုင် သေးပေမယ့် တိုင်းပြည်ကို လက်တွေ့ကျကျ ပြန်လည် ကျေးဇူးဆပ်နိုင်မယ့် နေ့တွေကို မျှော်လင့်ကြိုးစားလျက်ပါ။ ပြည်သူလူထုကို အလုပ်အကျွေး ပြုချင်စိတ်တွေ ပိုမိုနိုးကြားအောင် လှုံ့ဆော်ပေးခဲ့တဲ့ ပြည်သူ အားလုံးကိုထာဝရ ကျေးဇူးတင် လေးစားလျက်ပါ။
လောလောဆယ်မှာ ကျနော် အပြင်လူတယောက် ဖြစ်နေပေမယ့် နှလုံးသားထဲမှာကတော့ အရင်လူပါပဲ။ တိုင်းပြည်ကို ပိုတန်ဖိုး ထားလာတတ်တဲ့၊ ပြည်သူပြည်သားတွေကို ပိုလေးစားနေတဲ့၊ အမိနိုင်ငံကို ပို ဖွံ့ဖြိုးလာစေချင်တဲ့ အရင်လူ တယောက်ပါ။ တိုင်းပြည်ချစ်သူတွေ အားလုံး တိုင်းသူပြည်သားတိုင်း အတွက် ကျရာနေရာကနေ စေတနာအပြည့်နဲ့ ညီညီညွတ်ညွတ် ထိထိရောက်ရောက် ဆက်လက် အလုပ်အကျွေး ပြုနေနိုင်ကြပါစေလို့ လေးစားစွာ ဆုတောင်း ကတိပြု လိုက်ပါတယ်။
(ဒေါက်တာ မြတ်ထူးရာဇတ်သည် အာရှနှင့် အာဖရိကအတွင်း HIV/AIDS ဆိုင်ရာ သုတေသနလုပ်ငန်း၊ ကုသ အကူအညီပေးခြင်းနှင့် ကျန်းမာရေးလုပ်သားများ အရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ ၂၀ဝ၉ မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိသည်။)