ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် UWSA

မောင်မောင်စိုး
UWSA စစ်ဝတ်စုံဖြင့် ကပြဖျော်ဖြေနေသော ဝ အမျိုးသမီးများကို ယမန်နှစ် အောက်တိုဘာလက ဝ ဒေသတွင် တွေ့ရစဉ် / စိုးဇေယျထွန်း / Reuters
Want create site? Find Free WordPress Themes and plugins.

UWSP / UWSA

မြန်မာပြည် အရှေ့မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ခြမ်းဒေသအား ဝ နယ်ဟု လူသိများသည်။ မြန်မာပြည် အတွင်းရှိ ထိုဒေသကို ချုပ်ကိုင်ထားသည်မှာ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် အဆိုပါ ပါတီ၏ ခေါင်းဆောင်မှု အောက်ရှိ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ ဖြစ်သည်။

အဆိုပါအဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များတွင် အဆိုပါ ပါတီနှင့် တပ်အမည်အပြင် “မြန်မာနိုင်ငံ အထူးဒေသ ၂၊ ‘ဝ’ ပြည်နယ် ပြည်သူ့အစိုးရ” ဟုလည်း သုံးစွဲလေ့ရှိပါသည်။

၁၉၈၉ ခုနှစ် ဧပြီလအတွင် အရှေ့မြောက် ဗကပ CPB အား ပုန်ကန်ပြီးနောက် ဝ တို့သည် UWSP/UWSA နာမည်နှင့် ခွဲထွက် ရပ်တည်ခဲ့ပြီး နဝတ အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ရယူလိုက်သည်။ နဝတ အစိုးရက အထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခဲ့သည်။

ယခု ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ UWSA ချုပ်ကိုင်ရာ ဝ ဒေသသည် ဝ ကိုယ်ပိုင်အုပ်ချုပ်တိုင်းထဲတွင် ပါဝင်သည်။ အဆိုပါတိုင်းတွင် ၆ မြို့နယ်ပါဝင်ရာ ဟိုပန်မြို့နယ်မှအပ ကျန် ၅ မြို့နယ်ဖြစ်သည့် မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်အများစုသည် UWSA ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှစ၍ “အထူးဒေသ” ဆိုသည် တို့ကို သုံးစွဲ အသိအမှတ်ပြုခြင်း မရှိတော့သော်လည်း UWSA အနေနှင့် ဆက်လက် သုံးစွဲလျက်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲရော ၂၀၁၅ ရွေးကောက်ပွဲပါ ကျင်းပနိုင်ခြင်း မရှိဘဲ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ အောက်က ကင်းလွတ်နေသော ဒေသဖြစ်သည်ဟု ဆိုရပါမည်။
UWSA နှင့် NCA
ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ချိန် ၂၀၁၁ ခုနှစ်၌ UWSA သည် အစိုးနှင့် ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ  အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလက်မှတ် ထပ်မံရေးထိုးခဲ့သည်။

တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွဲ၍ NCA ကိစ္စရပ်များ ဆွေးနွေးရာတွင် UWSA မပါဝင်ခဲ့ပေ။ ထို့ပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးရန် ဦးသိန်းစိန် အစိုးရက ဖိတ်ခေါ်သည့်အခါ UWSA အနေ နှင့် NCA လက်မှတ်ထိုးရန် မလိုကြောင်း ငြင်းပယ်ခဲ့ပြီး NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုခဲ့သည်ဟု ဆိုရမည်။ NCA လက်မှတ်ထိုးရန် ယနေ့တိုင်လည်း ငြင်းပယ်နေဆဲဖြစ်သည်။

၂၀၁၆ ခုနှစ် NLD အရပ်သားအစိုးရ တက်ပြီးနောက် UWSA နှင့် NDAA တို့အား နေပြည်တော်သို့ သီးခြား ဖိတ်ခေါ်တွေ့ဆုံ၍ ၎င်းတို့အား အလေးထားမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA လက်မှတ်ရေးထိုး ပါဝင်ရေး စည်းရုံး လုပ်ဆောင်ခဲ့သော်လည်း NCA လက်မှတ်ထိုးရန် မလိုဟု ငြင်းဆန်နေဆဲပင် ဖြစ်သည်။

UWSA ၏သီးခြားရပ်တည်မှု

တခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ယခင် “မဒတ” ယခု UNFC အနေဖြင့် မဟာမိတ် တပ်ပေါင်းစုများ ဖွဲ့စည်း၍ စုပေါင်းရပ်ခံရန် ဖွဲ့စည်းမှုများ ရှိသော်လည်း UWSA သည် ပြီးခဲ့သော အနှစ် ၂၀ ကျော်အတွင်း ပါဝင်ခဲ့ခြင်း မရှိပေ။ ၎င်းနှင့် အရှေ့မြောက် ဗကပတွင် တဖွဲ့တည်းဖြစ်ခဲ့သော NDAA မိုင်းလားအဖွဲ့နှင့်ပင် ညီနောင်ဆက်ဆံရေး ပုံစံသာ ရှိခဲ့ပြီး ခိုင်မာစွာ ဖွဲ့စည်းထားသော မဟာမိတ်တပ်ပေါင်းစုပုံစံ မရှိခဲ့ပေ။

ဤသို့ UWSA အနေနှင့် တလျှောက်လုံး သီးခြားစွာ ရပ်တည်ခဲ့ခြင်းမှာ ၎င်း၏တစုံတရာ တောင့်တင်းသော အင်အား၊ လူဦးရေ ၆ သိန်းခန့်ရှိသော ဒေသကို ထိန်းချုပ်ထားနိုင်သည့် အနေအထား၊ သီးခြားကဲ့သို့ ဖြစ်နေသော သူတို့၏ ဒေသအနေအထားအပြင် ၂၀ဝ၉ ကာလအထိ အနှစ် ၂၀ ခန့် အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် အကြောင်းအချက်များကြောင့်ဟု ယူဆရသည်။

၎င်းတို့အနေနှင့် နဝတအစိုးရ၏ သဘောတူ အားပေးမှုနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့် ကာလ၌ပင် မိုင်းဆတ်ခရိုင် အတွင်း လွယ်လန်းဒေသရှိ ခွန်ဆာ၏  MTA တပ်ဖွဲ့များအား တိုက်ထုတ်၍ ဝ လူဦးရေ သိန်းချီ၍ အခြေချနိုင်သည့် ၁၇၁ စစ်ဒေသဟု လည်းကောင်း၊ ဝ တောင်ပိုင်းဟု လည်းကောင်း ခေါ်ဆိုသည့် ဒေသတခုပင် ရရှိခဲ့ပေသည်။ ဤသို့သော အခြေအနေအောက်တွင် ဝတို့ သီးခြား ရပ်တည်နေခြင်းမှာ ထူးဆန်းသည်ဟု မဆိုသာပေ။

ထို့အပြင် ဝ တို့ ထိန်းချုပ်ထားသော ဒေသတို့မှာလည်း မြန်မာပြည် အရှေ့မြောက်ပိုင်း၊ သံလွင်မြစ် အရှေ့ဘက်ကမ်း၌ရှိပြီး ပြည်မရှိ တခြားဒေသများနှင့် သီးခြားကဲ့သို့ ဖြစ်နေခြင်းကလည်း ၎င်းတို့ တသီးတခြား ရပ်တည်နေနိုင်ခြင်း၏ အကြောင်းရင်းတခု ဖြစ်ခဲ့သည်။

သို့ရာတွင် ၂၀ဝ၉ ခုနှစ် အစိုးရက နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရန် ဖိအားပေးသည်မှစ၍ အစိုးရနှင့် တင်းမာမှု စတင်ခဲ့သည်ဟု ဆိုရမည်။ ထို့နောက်ပိုင်းတွင်း UWSA နှင့် တခြား လက်နက်ကိုင် တပ်ဖွဲ့ဆက်ဆံရေးကို ပို၍ ပို၍ တွေ့မြင်လာရသည်ဟု ဆိုရပါမည်။ ထို့အတူ အစိုးရ / တပ်မတော်နှင့် UWSA ကြား အဖုအထစ်များလည်း တစတစ ပေါ်လာသည်ကို တွေ့ရသည်။

အစိုးရ / တပ်မတော်နှင့် UWSA ကြား တင်းမာမှုများ

UWSA နှင့် တင်းမာမှုများသည် ၂၀ဝ၉ ခုနှစ် BGF ဖွဲ့ရန် ဖိအားပေး တောင်းဆိုသည်မှ အစပြုသည်။ တချိန်တည်းတွင် BGF ပြောင်းလဲ ဖွဲ့စည်းရန် ငြင်းပယ်ခဲ့သော ကိုးကန့်အဖွဲ့အား တပ်အင်အားသုံး၍ ဖြေရှင်းလိုက်သောအခါ UWSA တို့ကြီးစွာ သတိထားလာခဲ့တော့သည်။
ထို့နောက်ပိုင်းတွင် UWSA တို့ စစ်အင်အားပြမှု  စစ်လက်နက် အင်အားပြမှုများကို အများ သတိပြုမိအောင် ပြုလုပ်လာသည်ကို တွေ့ရသည်။

စစ်ရေးအရ ထိပ်တိုက်တွေ့လုနီးပါး အခြေအနေများ နောက်ပိုင်းတွင် တွေ့လာရတော့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် မိုင်းဆတ်ခရိုင် မိုင်းတုံနှင့် ပုံပါကျင် ကြားတွင် သစ်ခုတ်နေသော UWSA တပ်ဖွဲ့ဝင် ၁၆ ဦးအား တပ်မတော်၏ အကူအညီဖြင့် ရဲနှင့် သစ်တောမှ ဖမ်းဆီးလိုက်ရာမှ တင်းမာမှု ဖြစ်ပွားခဲ့သည်။ သို့ရာတွင် သေနတ်သံ မထွက်အောင် ကြိုးစား ဖြေရှင်းခဲ့ကြသည်။ သို့သော် အပြန်အလှန် စစ်အင်အားပြခဲ့ကြသည်။

အဆိုပါကိစ္စ ဖြစ်ပွားပြီး မကြာမီပင် ဒုတိယအကြိမ် မိုင်းဆတ်ခရိုင်တွင်း၌ မြေကိစ္စ အငြင်းပွားပြီး တပ်မတော်ဘက်မှ စရဖ အရာရှိတဦးနှင့် UWSA တပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ UWSA မှ ၂ ဦး ဒဏ်ရာ ရရှိပြီး စရဖ အရာရှိလည်း သေနတ် ထိမှန်၍ မိုင်းဆတ်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ၎င်းကိစ္စအားလည်း သေနတ်သံ ထပ်မထွက်အောင် ဖြေရှင်းနိုင်ခဲ့သည်။

တတိယအကြိမ် ဖြစ်ပွားသည်မှာ ၂၀၁၆ စက်တင်ဘာလ ၂၈ ရက်တွင် UWSA တပ်ဖွဲ့ဝင်အင်အား ၆၀ဝ ခန့် မိုင်းလား ဒေသတွင်း ဝင်ရောက်လာပြီး ကျိုင်းတုံ တာပင်းဂိတ် မျက်နှာချင်းဆိုင်ရှိ မိုင်းလားဝင်ပေါက် လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ (ရင်ကွဲတောင် တဝိုက်) အား ထိန်းချုပ်လိုက်သည်။ ထိုသို့ ဝင်ရောက်လာသော UWSA တပ်ဖွဲ့များအား တပ်မတော်မှ ဖယ်ရှားရန် ပြောဆိုသော်လည်း ဖယ်ရှားခြင်းမရှိသဖြင့် ကျိုင်းတုံမှ မိုင်းလားသွားသည့် တာပင်းဂိတ်အား ပိတ်ဆို့လိုက်သည်။

တဖက်က ထိုကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း UWSA တပ်ဖွဲ့ဝင်တချို့ ဆုတ်ခွာမှု ရှိသော်လည်း အားလုံးဆုတ်ခွာခြင်း မရှိသကဲ့သို့ တာပင်းဂိတ်အားလည်း တပ်မတော်မှ ပိတ်ပင်ထားဆဲဖြစ်သည်။ တချိန်တည်းတွင် တပ်မတော်ဘက်က တင့်ကားများ၊ အမြောက်တပ်များ၊ လေကြောင်းပျံသန်းမှုများဖြင့် စစ်အင်အားပြခဲ့ပြီး UWSA ကလည်း သူတို့ကစ၍ တိုက်မည် မဟုတ်သော်လည်း အတိုက်ခိုက်ခံရပါက ပြန်လည် တုံ့ပြန်သွားမည်ဟု ဆိုခဲ့သည်။

UWSA နှင့် တက်ကြွသော မဟာမိတ် ဆက်ဆံရေးများ

UWSA သည် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနည်းတူ NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မပါသော်လည်း အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပန်ဆန်း (ပန်ခမ်း) ဌာနချုပ်တွင် ဖိတ်ခေါ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ ၂ ကြိမ် ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ၆ ရက် နေ့အထိ ပထမအကြိမ် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ တက်ရောက်ခဲ့သည်။၂၀၁၅ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဒုတိယအကြိမ် ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ တက်ရောက်ခဲ့သည်။
ထိုစဉ်ကတည်းက ဦးသိန်းစိန် အစိုးရက ကိုးကန့်၊ တအန်း၊ ပလောင်၊ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ဖိတ်ခေါ်ခြင်း မပြုရန် သတိပေးခဲ့သော်လည်း UWSA က ပယ်ချခဲ့သည်။ ထို့အပြင် ထိုပန်ဆန်း ညီလာခံကျင်းပစဉ်က ပူးတွဲ ကမကထ ပြုသူများမှာ UWSA နှင့် NDAA မိုင်းလားတို့အပြင် KIA လည်း ပါဝင်သည်ကို တွေ့ရသည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ထိုးပွဲတွင် MNDAA, TNLA, AA အ ဖွဲ့ ၃ ဖွဲ့ ပါဝင်ရေးအား ဦးသိန်းစိန် အစိုးရက ငြင်းပယ်ပြီးနောက်ပိုင်း MNDAA နှင့် TNLA က UNFC မှ နုတ်ထွက်ခွင့်တင်သကဲ့သို့ (UNFC ကမူ တရားဝင် နုတ်ထွက်ခွင့် ပြုခြင်းတော့ မတွေ့ရသေးပေ) ULA, AA မှာလည်း UNFC အဖွဲ့ဝင် မဖြစ်သေးရာ အဆိုပါ အဖွဲ့ ၃ သည် UWSA နှင့်ပို၍ နီးကပ်လာသည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ငြိမ်းချမ်းရေး ကော်မရှင်နှင့် အဆိုပါ MNDAA, TNLA, AA အဖွဲ့၃ ဖွဲ့ မိုင်းလား၌ တွေ့ဆုံဆွေးနွေးရာတွင် UWSA သည် အဆိုပါ ၃ ဖွဲ့ဘက်မှ ရပ်ခံခဲ့သည်ဟု ကြားသိရသည်။

ထို့အပြင် ၂၀၁၆ နိုဝင်ဘာ ၂၀ ရက် နေ့မှစ၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ဖြစ်သော KIA, TNLA, MNDAA, AA တို့နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ပြင်းထန်သော စစ်ပွဲပေါ်လာသောအခါ UWSA က သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၆ နိုဝင်ဘာ ၂၄ ရက်နေ့နှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တို့တွင် ထုတ်ပြန်သော UWSA ၏ ကြေညာချက် ၂ စောင်စလုံးတွင် အဆိုပါ အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်း ရပ်ခံထားပြီး အဆိုပါ အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်ကို တွေ့ရပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က တရုတ်ပြည်၏ စီစဉ်ပေးမှုအရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံမည့် အဖွဲ့ ၆ ဖွဲ့တွင် UWSA လည်း ပါဝင်ခဲ့ပြီး UWSAနှင့် NDAA သည် ငြိမ်းချမ်းရေး ကော်မရှင်နှင့် သီးခြားတွေ့ဆုံခဲ့သည်ကို တွေ့ရသည်။

ထိုစဉ်က မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံနိုင်ခြင်း မရှိသော်လည်း ယခုအခါ ပြန်လည် တွေ့ဆုံရန် စီစဉ်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။ ထိုသတင်းနှင့်အတူ မြောက်ပိုင်း အဖွဲ့ ၄ ဖွဲ့အပြင် UWSA ပါ သက်သေအဖြစ် ပါဝင်ခွင့်ရရန် တောင်းဆိုထားသည်ဟု ဆိုပေရာ UWSA အနေနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့်ပတ်သက်သည့် အရေးကိစ္စများတွင် ရှေ့တလှမ်းတိုး၍ ပါဝင်လာသည်ဟု ဆိုရမည်။

ထို့အပြင် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ KIA ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် UNFC မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာနှင့် အဖွဲ့ဝင်များအားလည်း ၂၀၁၆ ဒီဇင်ဘာ ၂၂ ရက်နေ့က ပန်ဆန်းဌာနချုပ်တွင် UWSA မှ ပေါက်ယိုချမ်းနှင့် အဓိက ခေါင်းဆောင်များက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ နှစ်ပေါင်းများစွာ သီးသန့် ရပ်တည်လာခဲ့သော UWSA အနေနှင့် တခြား တိုင်းရင်းသားများနှင့် နီးနီးကပ်ကပ် ဆက်ဆံလာသည့်အပြင် ထိုအဖွဲ့များအတွက် ပြတ်ပြတ်သားသား ရပ်ခံလာသည်မှာ အဘယ်ကြောင့် ဆိုသည်ကို စဉ်းစား သုံးသပ်ဖွယ်ရာ ကောင်းလှပေသည်။

ဖြစ်နိုင်ဖွယ်များ

ပထမ အကြောင်းအချက်မှာ စစ်ရေးအရ ပြင်ဆင်လာခြင်း ဖြစ်သည်ဟု ယူဆရသည်။ ၂၀ဝ၉ ခုနှစ် ကိုးကန့်ဒေသ စစ်ဆင်ရေး ၂၀၁၁ မှစ၍ KIA နှင့် SSPP/SSA ဒေသ စစ်ဆင်ရေးများ ဖြစ်ပေါ်လာသောအခါ ထိုစစ်မြားဦးသည် ဝ ဒေသသို့ ဦးလှည့်လာနိုင်သည်ကို UWSA အနေနှင့် ဂရုပြုလာမိပုံရသည်။ ထို့အပြင် ကိုးကန့်ဒေသနှင့် ဝမ်ဟိုင်း (SSPP ဒေသ) တိုက်ပွဲများသည် UWSA ၏ တံခါးပေါက်ကို လာ၍ ခေါက်နေသည် မဟုတ်ပါလော။

နောက်ထပ် စစ်ရေး အခြေအနေတခုမှာ ပန်ဆန်းဗဟိုပြု မြောက်ပိုင်းရှိ ဝ ဒေသနှင့် ဟွေအောတွင် ဌာနချုပ်ထားရှိသည့် မိုင်းဆတ်ခရိုင်တွင်းရှိ UWSA ၁၇၁ စစ်ဒေသရှိရာ တောင်ပိုင်း ဝ ဒေသတို့ကြားတွင် ဆက်စပ်မနေဘဲ တပ်မတော်၏ တြိဂံတိုင်း စစ်ဌာနချုပ် ထိန်းချုပ်ထားသည့် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဆတ်ဒေသက ခြားထားပေရာ UWSA အတွက် စစ်ရေးအရ ပြန်လှန်ထိန်းချုပ်ရန် အကန့်အသတ်ရှိသည်။

သို့ဖြစ်၍ မဟာမိတ်များ ရှာဖွေအင်အား စုလာသကဲ့သို့ မိုင်းလားဒေသတွင်း၌ ဝင်ရောက် တပ်စွဲမှုတို့ ပြုလုပ်လာခြင်း ဖြစ်ပုံရသည်။ ဒုတိယ အကြောင်းအချက်မှ နိုင်ငံရေးနှင့် သက်ဆိုင်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့၌ ထုတ်ပြန်သော UWSA ၏ကြေညာချက်တွင် အမေရိကန်၊ ဥရောပနှင့် အနောက် အုပ်စုများ မြောက်ပိုင်းပဋိပက္ခတွင် မပါဝင်ရန် အတိအလင်းထုတ် ပြန်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အနောက်အခြေစိုက် အဖွဲ့အစည်းများက ရန်ပုံငွေ အပါအဝင် အင်တိုက်အားတိုက် ကူညီနေကြပေရာ အနောက်အုပ်စု၏ သြဇာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် သက်ရောက်လာမည်ကို လက်သင့်ခံနိုင်ပုံမရပေ။

မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာ သုံးသပ်သကဲ့သို့ တရုတ်တို့အနေနှင့် နယ်စပ် တည်ငြိမ်ရေးကို လိုလားသော်လည်း အနောက်အုပ်စုသြဇာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပေါ်သို့ ရောက်လာမည်ကို လိုလားမည် မဟုတ်ပေ။ ထို့ကြောင့်လည်း UWSA သည် မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့် ပို၍ နီးနီးကပ်ကပ် ဆက်ဆံပုံရသည်ဟု သုံးသပ်ကြသည်။

ထို့အပြင် လက်ရှိ မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် UWSA ပါဝင်လာခြင်းသည် စစ်အင်အား ချိန်ခွင်လျှာ ညှိရန် ဖြစ်နိုင်ခြေ ရှိသည်ဟုလည်း ယူဆဖွယ်ဖြစ်သည်။ လက်ရှိ စစ်ပွဲဖြစ်ပွားနေသော မြောက်ပိုင်း ၄ ဖွဲ့နှင့် ဆွေးနွေးရေးကို UWSA က တောင်းဆိုထားသကဲ့သို့ မြောက်ပိုင်း ၄ ဖွဲ့ကလည်း ၎င်းတို့နှင့် ဆွေးနွေးပွဲတွင် UWSA အား အသိသက်သေ အဖြစ် ပါဝင်ရေးကို တောင်းဆိုထားသည်။

ထို့အပြင် ၂၀၁၆ စက်တင်ဘာ ၁ ရက်နေ့က ၂၁ ရာစု ပင်လုံညီလာခံအား သပိတ်မှောက် ထွက်ခွာခဲ့သည့် UWSA သည် ၄ လခန့်အကြာ ၂၀၁၆ ဒီဇင်ဘာ၂၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် သက်ဆိုင်သော ရန်ပုံငွေဆိုင်ရာ ဆွေးနွေးကစပြီး ပြန်လည် ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ လာမည့် ကာလများတွင်လည်း မြောက်ပိုင်း အဖွဲ့များ၊ တိကျစွာ ပြောရလျှင် တရုတ်နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းရပ်ခံ၍ ဆက်လက်၍ တက်ကြွစွာပါဝင် သွားဖွယ်ရှိသည်။

UWSA သည် တရုတ်နှင့် နီးနီးကပ်ကပ် ရှိသည်ဟု ပြည်တွင်းပြည်ပ အကဲခတ် အားလုံးလိုလိုက သုံးသပ်ထားကြသည်။ လက်ရှိ တရုတ်နယ်စပ်ရှိ မြောက်ပိုင်းအဖွဲ့များနှင့် လက်တွဲ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်လာခြင်းသည် တရုတ်တို့၏ သဘောထားနှင့်ဆက်စပ် ပတ်သက်မှုရှိ၊ မရှိနှင့် စပ်လျဉ်း၍ ယတိပြတ်ပြောရန် ခက်ခဲလှသော်လည်း UWSA အနေနှင့် ရှေ့လာမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မြောက်ပိုင်း အဖွဲ့များနှင့်တွဲ၍ တက်ကြွစွာ ပါဝင်လာတော့မည် ဆိုသည် အချက်ကတော့ သေချာသလောက်ရှိသည်ဟု သုံးသပ်ရပေသည်။

အထက်ပါ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကြောင်းအချက်များက နှစ်ပေါင်းများစွာ သီးခြားနေခဲ့သော UWSA အား တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ပြုရန် တွန်းထုတ်လိုက်သည်ဟု ဆိုရပါမည်။

(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာသုတေသီတဦးဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading