ပထမဦးဆုံး ဝန်ခံထားချင်တာက ကျနော်ဟာ တချိန်တုန်းက မှုးယစ်ဆေးစွဲခဲ့ဖူးသူ တယောက် ဖြစ်ပြီး အခု လက်ရှိမှာတော့ လူမှုဝန်းကျင် အသိုင်းအဝိုင်းထဲ ကောင်းမွန်စွာနဲ့ ပြန်လည်ဝင်ရောက် နေထိုင်လိုသူ ဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေး ပြတ်အောင် ဖြတ်နေပါပြီ။ ကျနော့်လို မူးယစ်သားကောင် ဖြစ်ခဲ့ရတဲ့ သူတွေ၊ မူးယစ်ဆေး ဖြတ်ဖို့ ကြိုစားနေသူတွေ၊ လူမှုအသိုက်အဝန်းထဲ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေသူတွေကို ဖေးမကူညီပေးဖို့၊ လက်တွဲ ခေါ်ပေးကြဖို့ ကျနော်တွေ့ကြုံခဲ့ရသမျှကို ဖွင့်ဟတင်ပြပါရစေ။
ကျနော် သုံးခဲ့တာကတော့ ဘိန်းဖြူ ဖြစ်ပြီး တခါတရံမှာတော့ WY စာတန်းပါတဲ့ စိတ်ကြွဆေးပြား သုံးခဲ့ပါတယ်။ စသုံးခဲ့တုန်းကတော့ မူးယစ် ရီဝေနေတဲ့ ခံစားချက်ကြောင့် ပျော်သလိုလို ထင်ခဲ့ဖူးပါတယ်၊ ကြမ်းကြမ်းတမ်းတမ်း မူးယစ်နေတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်ကလေး ဆိုတော့ နှစ်ခြိုက်ခဲ့မိတာပေါ့။
ကျနော့် အလုပ်ကတော့ ကွန်ပျူတာတလုံးနဲ့ တနေကုန် ထိုင်နေရတဲ့ အလုပ်မျိုးပါ။ ဆိုင်ပိတ်ပြီဆို အညောင်းပြေ ဘိလိယက် သွားထိုးတတ်ပါတယ်။ ဘိလိယက်ခုံ ပိုင်ရှင်က ကျနော့်သူငယ်ချင်းပါ။ ဘိလိယက်ခုံကို ဦး A တယောက် ရောက်လာပြီဆိုရင် ဘိလိယက်ခုံပိ်ုင်ရှင် သူငယ်ချင်း ပျောက်ပျောက် သွားတတ်တာကို ပထမတော့ သတိ မထားမိ ပေမယ့် နောက်ပိုင်းမှာတော့ ကျနော် ရိပ်မိလာပါတယ်။ တရက် သူ့ကို မေးကြည့်မိပါတယ်။ သူ့လက်ထဲမှာတော့ ခပေါင်းသောက်တဲ့ ပြောင်းရှည် ရှိနေပြီး အလုံးကလေးတွေ တင်တင်ပြီး မီးရှို့နေတာလည်း တွေ့လိုက်ရတယ်။ ဘာတွေ မီးရှို့ပြီး ရှူနေတာလဲ လို့ မေးတော့ မဖြေချင်ဖြေချင်နဲ့ ပြောပြတော့တာပါပဲ။
သူရှူနေတာ ခတ်ကူး (တချို့ဒေသတွေမှာတော့ ခတ်ပုံလို့ ခေါ်တယ်) တဲ့။ မြင်းခွာရွက် အခြောက်တွေနဲ့ ဘိန်းဆီ ရောမွှေ ထားတာကို ရှူနေတာတဲ့။ မြင်းခွာရွက် မရှိရင်တော့ ကွမ်းရွက်၊ ရှမ်းစက္ကူ စတာတွေနဲ့ နယ်လေ့ရှိတာကို ရှင်းပြ နေလေရဲ့။ အဲဒါရှူတော့ ဘာဖြစ်လဲ ဆိုတော့ အညောင်းပြေ ရီဝေဝေလေးတဲ့။ မင်းလည်း သောက်ကြည့်ပါလား၊ တထုပ်မှ တထောင်၊ အလုံး ၂၀ လောက်တော့ ရတယ်တဲ့။
တလုံးလောက်တော့ သောက်ကြည့်တာပေါ့ ဆိုပြီး ဆေးလိပ်ပြောင်းကို လှမ်းယူလိုက် ပါတယ်၊ မရှူတတ်သေးတော့ ရေတွေ ပြန်ပန်းထွက်လာတယ်၊ သူငယ်ချင်းက စိတ်ဆိုးပြီး ကျနော့်ကို မေတ္တာပို့ ရေရွတ်တော့တာပေါ့။ ခတ်ကူးလေး တပေါက်လောက် ရေစိုသွားတာများ ဖြစ်နေလိုက်တာ။ ကမ္ဘာပျက်မတတ်ဆိုပြီး စိတ်ထဲကတော့ ဒီကောင့်ကို ကျိန်ဆဲမိ တာပေါ့။ နောက် ကိုယ်လည်း စွဲသွားတော့မှ အဲဒီ တန်ဖိုးကို သဘောပေါက်တော့တယ်၊
ဒါနဲ့ … မပူပါနဲ့ကွာ၊ ငါ ပြန်ဝယ်တိုက်ပါ့မယ်၊ မနက်ဖြန်ကျ ငါ့အတွက်ပါ တထုပ် ပိုယူထားပေး ဆိုပြီး ပိုက်ဆံ ၂၀ဝ၀ ပေးခဲ့ပါတယ်။
အဲဒီလိုနဲ့ တဖြည်းဖြည်း ဆေးစွဲသွားတော့တာပေါ့။ စိတ်ထဲမှာတော့ တရက်မှ ငွေ ၁၀ဝ၀ နဲ့ပဲ ပြီးသွားမယ်လို့ ထင်တာပေါ့။ ၁၀ဝ၀ လောက်ကတော့ လွမ်းစရာမရှိ။ ယင်းတွေ ဘာတွေလည်း ဆိုးဆိုးကြီး ဖြစ်လာမယ်မှန်း မသိ။ ပြောပြ ရှင်းပြမယ့် သူလည်း မရှိ။ အလုပ်ကလည်း ကောင်းနေတော့ ငွေတထောင် လောက်ကတော့ စာဖွဲ့စရာ မလို။
ညပိုင်းရောက်မှ သောက်တတ်တဲ့ အကျင့်ကနေ နေ့ခင်းပိုင်း၊ နောက်တော့ မနက်ပိုင်း၊ တရက်ကို ၃ ကြိမ်လောက် ဖြစ်လာတယ်။ ပစ္စည်းကလည်း ကောက်ရိုးတွေ ထန်းလျက်ရည်ထဲ နှစ်ထားသလို၊ အရသာ မရှိ။ ကိုယ်က တကယ် ကြိုက်လာတော့ ပိုကောင်းတဲ့ ပစ္စည်းကို လိုက်ရှာရတော့တာပေါ့၊ ရောင်းသူတွေကလည်း ဝယ်လိုအား တက်လာ လေလေ ပစ္စည်းကို သူ့စိတ်တိုင်းကျဈေး ရလေပေါ့ဗျာ။ ကျနော့် ကုန်ကျစရိတ်ကလည်း တက်တက် လာပါတော့တယ်။ ပစ္စည်းနောက် တကောက်ကောက် လိုက်လာတော့ ဆိုင်မှာ လူမရှိ၊ နောက်ဆုံး ဆိုင်ပါပိတ်လိုက်ရတဲ့ အထိပါပဲ။
မူးယစ်ဆေးဝါးဟာ ကျနော်တို့ ရှမ်းပြည်မှာတော့ အလွယ်တကူ ဝယ်လို့ ရနေပါပြီ။ အခုလက်ရှိ ၂၀၁၆ မှာ စိတ်ကြွ ဆေးပြားဆို ၂ ထောင်ဖိုး ၄ လုံး၊ ရွာတွေဘက်ထိ ဆင်းဝယ်ရင်တော့ ၁ သောင်းဖိုး အလုံး ၅၀၊ အခုဆို ၇ တန်း၊ ၈ တန်း ကျောင်းသားတွေပါ သုံးစွဲလာတာ တွေ့လာရပါပြီ။ အမျိုးသမီးတချို့လည်း သုံးနေပါပြီ။ ဘိန်းမည်း ၁ ကျပ်သား ၈ ထောင်၊ ၁ သောင်း၊ ဘိန်းဖြူ တမတ်သား ၇ သောင်း အထိ ရှိပါတယ်။
အလျဉ်းသင့်တုန်း ဘိန်းဖြူရောင်းတဲ့ အချိန်အတွယ်ကို ပြောပြချင်ပါသေးတယ်။ ဘိန်းဖြူ ၁ မတ်ကို ၁ ထောင်ကျပ်တန် အရွက်သေး ၄ ရွက်၊ မတ်ဝက်ဆို ၂ ရွက်၊ တစ်ကျပ်ဆို ၁၆ ရွက်။
မူးယစ်ဆေးဝါး ဆိုတာမျိုးက ဖြတ်လို့ ရပေမယ့် ပြတ်ဖို့ ခက်ပါတယ်၊ ပိုက်ဆံရှိရင် အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ဖြတ်လို့ ရပေမယ့် တကယ်ပြတ်သွားဖို့ ကတော့ ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်၊ သူငယ်ချင်းတယောက်ပြောတဲ့ စကားတခွန်း ကျနော် တသက်မမေ့တော့ပါ။
“အဲဒါတွေက ပိုက်ဆံ အရမ်းချမ်းသာတဲ့ လူတွေက ဇိမ်ခံဖို့ အတွက် သုံးတာဗျ” တဲ့။ တကယ်မှန်တဲ့စကားပါ။
ကျနော်လည်း ပြတ်ချင်လို့ ရှမ်းပြည်နယ်က ပြည်သူ့ဆေးရုံကြီး တခုမှာ ဖြတ်မယ်ဆိုပြီး ဆေးရုံကို သွားခဲ့ပါတယ်၊ လိုအပ်တဲ့ ထောက်ခံစာတွေ အားလုံးကိုလည်း ယူသွားခဲ့ပါတယ်၊ ဆေးရုံကို ပေးသွင်းရမယ့် ငွေ ၁ သိန်းခွဲနဲ့ အတူပေါ့။ ဒါပေမယ့် ဆေးရုံက လက်မခံပါ။ အရက်နဲ့ မူးယစ်ဆေး ဖြတ်ပေးတဲ့ အကြောင်း၊ သွားတက်ခဲ့ဖူးတဲ့ လူတွေဆီကလည်း စုံစမ်းပြီးမှ ကျနော် ဆေးရုံတက် ဆေးဖြတ်ဖို့ ဆုံးဖြတ်တာပါ။
အဲဒီ ဆေးရုံကြီးက မူးယစ်ဆောင်မှာ တာဝန်ကျနေတဲ့ သူနာပြုက မူးယစ်အထူးကု ဆရာဝန်မကြီး မရှိ၊ သူ့ဆေးခန်း လိုက်သွား၊ သူ တက်ခွင့်ပြုမှ ပြန်လာလို့ ပြောပါတယ်။ ဒါနဲ့ ဆရာဝန်မကြီး ဆေးခန်းသွား၊ ဆေးရုံမှာ စနစ်တကျ ဆေးကုသမှု ခံယူလိုတဲ့အကြောင်း ပြောတော့ ကျနော့်ကို သဟောက်သဟမ်း စလုပ်တော့ တာပါပဲ။ ဆေးရုံသွားတက်တဲ့ လူတွေ ခံစားရတဲ့အတိုင်း ကျနော်လည်း အဆူအပူ ခံရတော့တာပဲ။
ကျနော့်ကို လိုက်ပို့သူတွေတောင် မျက်ရည်ကျတယ်။ တကယ် ဆေးဖြတ်ချင် ပြတ်ချင်နေတဲ့ လူတယောက်ကို ဘာကြောင့် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာလဲ ဆိုတာ စဉ်းစားမရ။ အပြင်ကနေပဲ သူ့ဆေးခန်းမှာ ဆေးမှန်မှန် လာထိုးဖို့ ပြောပြီး ဆေးထိုး ဆေးပေးလိုက်ပါတယ်။ သူကိုယ်တိုင် ကလည်း ခွင့်ယူထားတယ်လို့ ပြောလာပြီး ဆေးရုံတက်ချင် နောက်တခါ ထပ်လာဖို့ ပြောပါတယ်။ သြော် … သူ့ခွင့်ရက်စေ့လို့ ပြန်လာရင်တော့ လက်ခံကောင်းပါရဲ့လို့ မျှော်လင့်ချက်နဲ့ပါ။
ဒါပေမယ့် နောက်တကြိမ် ဆေးရုံ ရောက်ရပြန်တော့ ထုံးစံအတိုင်း ဆေးရုံက သူနာပြုက ဆေးခန်းကို ပြန်ပို့၊ ဆရာဝန်မကြီးက လက်မခံ၊ ရုံးချိန်အတွင်း လာပါလို့ပဲ ပြောတယ်။ ကျနော်တို့ မနက်ကတည်းက ဆေးရုံမှာ စောင့်နေခဲ့ရကြောင်း၊ ရုံးချိန်ဆိုတာ ဘယ်အချိန်ကို ဆိုလိုကြောင်း မေးတော့လည်း တိတိကျကျ မဖြေ။ သူ့ဆေးခန်း ကုသချိန်ကတော့ ပိတ်ရက်မရှိ၊ မနက် ၁၀ နာရီက ၁၁ အထိ။ နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီ အထိ ပုံမှန်ပါပဲ။
ပထမအကြိမ် ဆေးဖိုးက ၃၅၀ဝ၀၊ ဒုတိယအကြိမ် ဆေးဖိုးက ၄၈၀ဝ၀။ ဆေးရုံရောက်ပြီးမှ သူ့ဆေးခန်းကို ပြန်လွှတ်တဲ့ အကြောင်းရင်းကို အခုတော့ သဘောပေါက်လိုက်ပါပြီ။ ဆေးခန်းရောက်တော့လည်း ဆေးရုံတက်ခွင့် မရ။
ကျနော်ဟာ တကယ်ပြတ်ချင်လို့ တကယ် လာဖြတ်သူပါ၊ တက်ကြွနေတဲ့ စိတ်ကို ၂ ခါတိုင်တိုင် ရိုက်ချိုးပစ်လိုက် တာက ဘာကြောင့်လဲ။ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ကောင်းမွန်စွာနဲ့ ပြန်လည် ဝင်ရောက်နေထိုင်လိုသူ တဦးကို ဘာကြောင့် ဖေးမကူညီ လက်တွဲ မခေါ်နိုင်ရတာလဲ။ မူးယစ်သားကောင် ဖြစ်ခဲ့ဖူးတဲ့ သူတွေကို ဖေးမကူညီပေးဖို့၊ လက်တွဲ ခေါ်ပေးကြဖို့ ကျနော်တွေ့ကြုံခဲ့ရတာ တချို့ကို ရင်ဖွင့် တင်ပြလိုက်ပါတယ်။
(အက်စ်အန်သည် မူးယစ်ဆေးဖြတ်ရန် ကြိုးပမ်းနေသူ တဦးဖြစ်သည်)