မန္တလေးမှာ တန်ဖိုးမျှတ အိမ်ရာတွေကို လွတ်လပ်ရေးနေ့က မဲဖောက်ရောင်းချရာမှာ ကျပ်သိန်း ရာကျော်ကားတွေ စီးလာကြပြီး မဲနှိုက်ကြသူတွေ ရှိပါတယ်။ အိမ်ရာ ရရှိစေဖို့ မဲနှိုက်ကြရာမှာ ကိုယ်ပိုင်ကား စီးလာကြသလို တချို့သူတွေက မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းတွေရဲ့ ကားတွေ ငှားပြီး လာကြတယ်။
ကိုယ်ပိုင်ကားနဲ့ စီးပြီး လာမဲနှိုက်ကြသူတွေ ကလည်း လျှောက်ထားခွင့် ရှိလို့ လျှောက်ထားကြသူတွေသာ ဖြစ်ပါတယ်။ လျှောက်ထားခွင့် ရှိတယ် ဆိုတိုင်း လျှောက်ထား ကြတော့မှာလား။ ကိုယ့်ရပိုင်ခွင့်တွေကို အတိအကျ ယူဖို့ရော သင့်ရဲ့လား။ အသေအချာ စဉ်းစားကြစေလိုပါတယ်။ တန်ဖိုးမျှတ အိမ်ရာ ဝယ်ယူခွင့်ရဖို့ လျှောက်ထား သူအရေအတွက် သောင်းဂဏန်း အထိ ရှိခဲ့ပြီး မဲဖောက်ရောင်းချတဲ့ အရေအတွက်က အခန်း အရေအတွက် ၅၀၀ ကျော်သာ ရှိတယ်။ နောက်ထပ်လည်း တန်ဖိုးမျှတ အိမ်ရာတွေ ဆက်လက် ဖော်ထုတ် ပေးဦးမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက အာမခံချက် ပေးထားပါတယ်။
ရပိုင်ခွင့်ရှိတယ် ဆိုတိုင်း ရယူနေကြတာက ရှက်စရာ ကောင်းပါတယ်။ လောကမှာ ရှက်စရာ ကိစ္စတွေ ကလည်း အများသား။ တန်စိုး လက်ဆောင် ယူတာ ရှက်စရာ၊ အားနည်းသူကို အနိုင်ကျင့်တာ ရှက်စရာ၊ မရယူ သင့်တဲ့ ကိစ္စတွေမှာ ရယူတာ ရှက်စရာ၊ ရန်သူ့ထံ လက်နက်ချ အညံ့ခံတာ ရှက်စရာ။ အချိန် မလေးစားတာ ရှက်စရာ၊ အကျိုးစီးပွား ရယူလိုမှု အတွက် လိမ်ညာတာ ရှက်စရာ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတာ ရှက်စရာ၊ တန်းစီရမယ့် ကိစ္စတွေမှာ ကြားဖြတ်တာ ရှက်စရာ၊ တရားဥပဒေ ချိုးဖောက်တာ ရှက်စရာ… စတဲ့ ရှက်စရာတွေ များလှတဲ့ အထဲ ရပိုင်ခွင့်ဆိုတာ အသုံးချပြီး အပြည့်အ၀ ရယူချင်နေတဲ့ လောဘသားကောင်တွေ အဖြစ်ကလည်း ရှက်စရာပါပဲ။
ရှက်စိတ်နဲ့ ပတ်သတ်ပြီး ၁၉၉၇ ခုနှစ် မတ်လထုတ် သင့်ဘ၀ မဂ္ဂဇင်း မှာ ဆရာ လူထုစိန်ဝင်းက ကာဗာ စတိုရီတပုဒ် အခုလို ရေးခဲ့တယ်။ ဟီရိသြတပ္ပ ဆိုတဲ့ ရှက်ခြင်း တရားကြောင့် “ရှက်ခြင်း” တရား ကြောင့် လူတွေက ယဉ်ကျေးတဲ့ သတ္တဝါတွေလို့ အခေါ်ခံလာရတာပါ။ တိရစ္ဆာန်တွေမှာတော့ “ဟီရိ သြတပ္ပ” ဆိုတာကို နားမ လည်ကြပါဘူး။ ကိုယ်ဆာလောင်လာတဲ့ အခါ စားချင်စိတ် ပေါ်လာတဲ့အခါ ကိုယ့်ရှေ့မှာ ပေါ်လာတဲ့ ကိုယ့်ထက် အားနည်းတဲ့ သတ္တဝါလေးတွေကို ဖမ်းယူစားသောက် ပစ်လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာ ရှက်စ ရာပါလားလို့ တိရစ္ဆာန်တွေက စဉ်းစားရကောင်းမှန်း မသိပါဘူး။
အဲဒီလိုပါပဲ သူ့ထက်အားကြီးတဲ့ သတ္တဝါတွေကို တွေ့ရင် အမြီးကုပ်ပြီး ထွက်ပြေးမှာ ပါပဲ။ ရန်သူကို ကျောပေးပြီး ပြေးခြင်းဟာ ရှက်စရာပါလားလို့ တိရစ္ဆာန်က မစဉ်းစားတက်ပါဘူး။ သူ့အတွက် အရေးကြီးဆုံးက သူအသက်ရှင်သန် နေထိုင်ရန် အတွက်သာ ဖြစ်တယ်။ အဲဒါကြောင့် အရှက်ဆိုတဲ့ အရာလေးတခုဟာ လူနဲ့ တိရစ္ဆာန်ကို ခွဲခြားပေးထားတဲ့ အရာတွေထဲက အရေးကြီးဆုံး တခုလို့ ဆိုချင်ပါတယ်။ နိုင်ရာစား စနစ်ဆိုတာ “တောတွင်း ဥပဒေသ” ဖြစ်တယ်။ တိရစ္ဆာန်တို့ရဲ့ စရိုက်ဖြစ်တယ် ဆိုတာ သိလာကြပြီး ရှောင်ကျဉ်လာကြတာနဲ့ အမျှ လူသားဟာ ပိုပြီးယဉ်ကျေး လာကြတာပါ။
ရှက်စရာကို ရှက်ရကောင်းမှန်း သိတဲ့ လူ့အဖွဲ့အစည်းကသာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ပါတယ်။ အရာရာမှာ သာတူညီမျှ စံနှုန်းတွေနဲ့ သတ်မှတ်လို့ မရနိုင်ပါဘူး။ မိတ်ဆွေတို့ကို ထင်ရှားတဲ့ (နိုင်ငံခြား) စာမဲ့ ကာတွန်းလေး အကြောင်း ပြောပြပါ့မယ်။ လူကြီးရင်ခေါင်းလောက် မြင့်တဲ့ ခြံစည်းရိုးကာထားတဲ့ ဝင်းထဲမှာ ပြိုင်ပွဲတခု ကျင်းပနေပါတယ်။ ပြိုင်ပွဲကို သားအဖ ၃ ယောက် လာကြည့်ကြတယ်။ ခြံစည်းရိုး အနီးမှာ တပေမြင့်တဲ့ သေတ္တာ ၃ လုံး ရှိတယ်။ ကလေးငယ်တွေ အတွက် ခြံစည်းရိုးက မြင့်နေလို့ ပြိုင်ပွဲကို မမြင်နိုင်ဘူး။ သာတူညီမျှ စိတ်ထားနဲ့ အဖေကလည်း သေတ္တာ တခုယူ။
ကျန်သေတ္တာတွေကို သားသမီး ၂ ယောက် စလုံး တယောက် တလုံးစီယူပြီး ကြည့်ကြတယ်။ သမီးကြီး အတွက် သေတ္တာပေါ်က ရပ်ကြည့်တဲ့ အခါ အဆင်ပြေပေမယ့် သားငယ်က သေတ္တာပေါ် ရပ်ကြည့်ပေမယ့် မမြင်ရဘူး။ အဖေ ဖြစ်သူရဲ့ သေတ္တာကို ယူပြီး သူရတဲ့ ခွဲတမ်း သေတ္တာပေါ် တင်ကြည့်မှသာ သားငယ်က ပြိုင်ပွဲကို မြင်ခွင့်ရသွားတယ်။ ဒီစာမဲ့ ကာတွန်းက အခွင့်အရေး ရယူခွင့် ရှိတယ် ဆိုတိုင်း အတိအကျ ယူနေတဲ့အခါ အဆင်မပြေနိုင်တဲ့ အကြောင်း ရှင်းရှင်းလင်းလင်း သိသွားစေပါတယ်။
ကျနော်တို့ လူ့အဖွဲ့အစည်းက ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းအဖြစ် တချိန်က သမိုင်းဂုဏ်ရောင် ထွန်းပြောင်ခဲ့တယ်။ လောကနီတိကို လက်ကိုင်ထားပြီး လောကပါလတရားကို ရင်ဝယ်ပိုက်ခဲ့ကြသူတွေဖြစ်တယ်။ ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို ငဲ့ညှာခဲ့ကြ သူတွေလည်း ဖြစ်တယ်။ အများကောင်းကျိုး ရှေးရှုကြပြီး အများအတွက် အနစ်နာခံကြ သူတွေက လူ့အဖွဲ့အစည်းရဲ့ စံပြတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ခေတ်ဆိုး စနစ်ဆိုးကို ရာစုဝက်ကျော် ဖြတ်သန်းပြီးချိန်မှာတော့ ကောင်းမွန်တဲ့ စံနှုန်းတွေ ပါးလျား ပျောက်ကွယ်လာခဲ့ရတယ်။
ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုကို တည်ထောင်ရာမှာ ချက်ချင်းလက်ငင်း တမဟုတ်ချင်း ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်းက စနစ်တကျ ပုံဖျက်ခြင်း ခံထားရတဲ့ လူ့အဖွဲ့အစည်း မဟုတ်လား။ နိုင်ငံရေး သရောကြီး ခိုင်းခဲ့တာ ရာစုဝက်ကျော် ကြာခဲ့တဲ့ နိုင်ငံအဖို့ အစစအရာရာ ပြန်လည် တည်ဆောက်နေကြရတယ်။ နိုင်ငံရေး သရောကြီး ခိုင်းချိန်မှာ နိုင်ငံရေးက လွဲပြီး ကြိုက်ရာလုပ်နိုင်တဲ့ အခြေအနေ ဖြစ်အောင် အုပ်စိုးသူတွေက ဖန်တီးခဲ့တယ်။ သူတို့ ပုံဖော်ခဲ့တဲ့ အတိုင်း ပုံပေါ်ခဲ့တယ်။ အုပ်စိုးသူတွေက သူတို့ လောဘကြီးရုံမက အအုပ်ချုပ်ခံတွေကိုပါ လောဘကြီးအောင် လောဘတက်လာအောင် သင်ပေး လေ့ကျင့်ခဲ့တယ်။
အဲဒီခေတ်မှာ ဘယ်သူ သေသေ ငတေမာပြီးရော စိတ်တွေ လူထုကြား ကိန်းအောင်းခဲ့ကြရတယ်။ ရခဲ့မယ် ဆိုရင် ဘနဖူး သိုက်တူးရုံ မက လိုဏ်ခေါင်း ဖောက်ဖို့ စိတ်ဓာတ်တွေ လူထုထံ သွတ်သွင်း ပေးခဲ့ကြတယ်။ နိုင်ငံရေး မိုးလေဝသ ကောင်းတာ ဘာကြာသေးလို့ တုန်း။ ရောမပြည်ကြီးကို တရက်တည်းနဲ့ တည်ဆောက်ခဲ့ ကြတာမှ မဟုတ်ပဲ။ တနေ့တလံ ပုဂံ ဘယ်ရွေ့မလဲ ဆိုတဲ့ ထုံး နှလုံးမူကြရအောင်ပါ။
အခွင့်အရေးတိုင်းကို တိုင်းတိုင်းတိတိ မယူစေခြင်းက လှပတဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရာ ရောက်ပါတယ်။ ကျနော်တို့ နိုင်ငံက လောလောဆယ် တည်ဆောက်ဆဲ နိုင်ငံတခုသာ ဖြစ်တယ် ဆိုတာ မမေ့ဖို့လိုပါတယ်။ တည်ဆောက်ဆဲ နိုင်ငံ ဖြစ်တာနဲ့ အညီ လိုအပ်ချက်တွေကလည်း အထူးများပြားပါတယ်။ ဒါကြောင့် အစစအရာရာမှာ ကိုယ့်ထက် လိုအပ်ချက် ရှိနေသူတွေကို မဖြစ်မနေ ဦးစားပေးကြရပါမယ်။ ရပိုင်ခွင့် ရှိတယ် ဆိုတိုင်း တိုင်းတိုင်းတိတိ အတိအကျ မယူကျဖို့ မိတ်ဆွေ တို့ကို မေတ္တာရပ်ခံချင်ပါတယ်။ ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)