ယနေ့ လူ့အဖွဲ့အစည်းကြား ဖြစ်ပွားနေသော ပဋိပက္ခများတွင် မူးယစ်ဆေးဝါးသည် မြန်မာနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပေပြီ။
မူးယစ်ဆေးဝါး ကုသရေးဌာန၏အဆိုအရ မြို့ပြလူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲမှုသည် ကြောက်ခမန်းလိလိ မြင့် တက် လာနေသည်။
စိတ်ကြွဆေးများသည် တနေရာမှ တနေရာသို့၊ တဦးမှ တဦးသို့ကူးစက်ကာ မြန်မာနိုင်ငံ တနံတလျားသို့ အရှိန် အဟုန် နှင့် ပျံ့နှံ့ နေလေပြီ။
ယင်း အနေအထားကို ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများက အလိုက်သင့် လက်ခံနေသလိုပင်။ အမျိုးသား များသာမက အမျိုးသမီးများလည်း သုံးစွဲလာသည့်အတွက် အချိုးအဆ အားဖြင့် ဆယ်ချိုးတစ်ချိုး ခန့် ဖြစ်လာခဲ့ပြီဟု မူးယစ်ဆေးစွဲ ရောဂါ ကာကွယ်ကုသရေး ဌာန၏ သတင်း အချက်အလက်များက ညွန်ပြနေသည်။
ရွှေတြိဂံ နှင့် ဘိန်း
မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများကို ဖောဖောသီသီ အလွယ်တကူ ရရှိလာနိုင်ခြင်းသည် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု များနှင့် ဆက်စပ်နေသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် နယ်သာလန် နိုင်ငံ အခြေစိုက် TNI (Transnational Institute) က အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။
ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်ကြသည့် မြန်မာ၊ လာအိုနှင့် ထိုင်း နိုင်ငံများ အနက် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ် လုပ်မှုသည် အမြင့်ဆုံးဖြစ်နေကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ နှင့် အကျင့်ပျက်ခြစားမှုများက အဓိက အကြောင်း ရင်း များ ဖြစ်နေကြောင်း၊ မြန်မာနှင့် လာအို နိုင်ငံများ၏ ဘိန်း ထုတ်လုပ်မှုသည် ၂၀၀၆ ခုနှစ်မှစ၍ နှစ်ဆမြင့်တက် လာခဲ့ ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု သည် ၂၀၀၆ ခုနှစ်တွင် ဟက်တာပေါင်း ၂၁၀၀၀ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင်မူ ဟက်တာပေါင်း ၅၇၀၀၀ အထိ ရှိလာခဲ့တဲ့ အတွက် ထုတ်လုပ်မှု တန်ချိန်သည်လည်း ၃၄၀ ကနေပြီး ၆၇၀ အထိ တိုးလာခဲ့သည်ဟု ဖော်ပြ ထားသည်။
လာအိုနိုင်ငံ၏ ထုတ်လုပ်မှုသည် ဟက်တာ ၄၀၀၀ ရှိပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုသည် ဟက်တာ ၂၆၀ သာ ရှိသည်ဟု ဆိုသည်။ အမှန်တွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ရွှေတြိဂံ နိုင်ငံ များတွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သော်လည်း ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်မြင့်တက်လာခဲ့သည့် အတွက် ယင်းပမာဏ အထိ ရောက်ရှိလာခြင်း ဖြစ်သည်ဟုလည်း ဆို သည်။
ယင်းကဲ့သို့ ဘိန်းထုတ်လုပ်မှု မြင့်တက်လာခြင်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသနှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်များနှင့် ချိတ်ဆက်ပြီး မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ အိန္ဒိယနှင့် တရုတ် သည် ဘိန်းဖြူ ထုတ်လုပ်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများကို အဓိက ထောက်ပံ့ပေးနေသောနိုင်ငံများ ဖြစ်နေကြောင်း အဆိုပါ အစီရင်ခံစာတွင်ပင် ဖော်ပြထားသည်။
တနည်းအားဖြင့် မြန်မာနှင့် ထိုင်းအတွက် လိုအပ်သည့် ဓာတုပစ္စည်း (ATS – Amphetamine type Stimulants) များသည် ထိုဒေသများမှ လာသည်ဟုလည်း အခိုင်အမာ ဖော်ပြ ထားသည်။
လက်တကမ်းမှာ ရှိနေသည့် စိတ်ကြွဆေး
စိတ်ကြွဆေးပြား သုံးစွဲမှုသည် အထူးသဖြင့် ရှမ်းပြည်နယ်တွင် မြင့်တက်လာခဲ့သည်။ ရှမ်းလူမျိုးတချို့သည် ဘိန်းစိမ်း ကို မိရိုးဖလာအရ သုံးစွဲခဲ့သည်။ နောက်ပိုင်းတွင် တဆင့်တက်ကာ စိတ်ကြွ ဆေးပြားများနှင့် ရာဘ ကို သုံးစွဲလာကြ သည်။
အမျိုးသား၊ အမျိုးသမီး၊ လူကြီး လူငယ်မရွေး သုံးစွဲလာကြပြီး စိတ်ကြွဆေးပြားများကို မူးယစ်ဆေးဝါးအဖြစ် မမြင်တော့ သည့် အဆင့်သို့ ရောက်ရှိလာတော့သည်။ လက်ရှိ အခြေအနေတွင် တောင်ယာ လုပ်ငန်း လုပ်ကိုင်သူများပါ မကျန် သုံးစွဲ လာကြပြီး ယုတ်စွအဆုံး သာရေး၊ နာရေး ကိစ္စများတွင်ပင် သုံးစွဲလာသည်အထိ ဖြစ်လာခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးကို အလွယ်တကူသုံးစွဲလာမှုသည် ရှမ်းပြည်နယ် တခုတည်းတွင် ဖြစ်နေသည် မဟုတ်။ ရန်ကုန်မြို့ တွင် ပင် အဆက်အသွယ်ရှိလျှင် ပေါများစွာ ရရှိနေပြီ။ Crystal ဟုလည်း ကောင်း၊ ICE ဟုလည်းကောင်း ကျော်ကြားသော မက်သာ အဖက်တမင်း စိတ်ကြွဆေး များကိုလည်း ဖောဖောသီသီ ဝယ်ယူရရှိနိုင်ပါသည်။ လက်တည့်စမ်းလိုသော လူငယ်များ အတွက် သူတို့ လက်တကမ်းမှာပင် ယင်းမူးယစ်ဆေးများ အသင့် ရှိနေကြလေသည်။
လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှုများ သိသိသာသာ မြင့်တက်လာခြင်းနှင့် ဘိန်းဖြူကို အကြောမှတဆင့် ထိုးသွင်း ခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေကြောင်း TNI စစ်တမ်းက ဆိုသည်။
မူးယစ်ဆေးဝါး သုံးစွဲမှုတိုးလာသလို နောက်ဆက်တွဲ ဆိုးကျိုးများလည်း ကြီးမားလာသည်။ ကချင် ပြည်နယ်နှင့် ရှမ်း ပြည်နယ် မြောက်ပိုင်း ဒေသများတွင် လူမှုရေး ပြဿနာများနှင့်အတူ ကျန်းမာရေး ပြဿနာများ ဆိုးဝါးလာနေသည်။ HIV ကူးစက်ပြန့်ပွားမှု တိုးလာသည်။ အသည်းရောင် အသားဝါရောဂါ (Hepatitis C) ဖြစ်ပွားမှု တိုးလာသည်။
ဘိန်း နှင့် ပဋိပက္ခ စီးပွားရေး
နှစ်စဉ် ဇွန်လ၂၆ ရက်နေ့သည် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်သည်။ ထိုနေ့တွင် မူးယစ်ဆေးဝါး သုံးစွဲမှု နှင့် ပတ်သက်ပြီး တပ်လှန့်လေ့ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဘိန်းခင်းများကို မီးရှို့ပြတတ်သည်။ ဖမ်းဆီးရ မိသော မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးပြတတ်သည်။
၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ ၁၅ နှစ်တာ ကာလကို မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး အတွက် စီမံကိန်းကာလဟု သတ်မှတ်ခဲ့ကြသော်လည်း အမှန်တကယ် ထိရောက်မှု မရှိခဲ့ပေ။
၂၀၀၆ ခုနှစ်မှစပြီး ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် မြင့်မားလာရသည့် အကြောင်းရင်းများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းက ထိပ်ဆုံးမှာ ရှိသည်။
ဘိန်းစိုက်ခင်းများနှင့် ဘိန်းထုတ်လုပ်သော စက်ရုံများသည် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင်သာ တည်ရှိနေ သည် မှာ ငြင်းမရသော ဖြစ်ပါသည်။
ယခင်က ဘိန်းကို ဝ၊ ကိုးကန့်၊ လွယ်မော် ဒေသများတွင်သာ အများအပြား စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် အခြားဒေသများ၌ပါ နေရာအနှံ့အပြား စိုက်ပျိုး လာကြသည်။ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်နေပြီး ကချင်ပြည်နယ် တွင်လည်း တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြသည်။ မူဆယ်-နမ့်ခန်း နောက်ဘက် တကျောတွင် ဘိန်းအမြောက် အမြား စိုက်ပျိုး နေဆဲဖြစ်သည်။ ထို့အတူ တရုတ်မြန်မာ ပိုက်လိုင်း တလျှောက်တွင်လည်း စိုက်ပျိုးကြသည်။
ထူးခြားသည်မှာ လိုင်ဇာဘက်တွင် တရုတ်ပြည်ဘက်မှ တရုတ် လူမျိုးများကိုယ်တိုင် ဝင်ရောက် စိုက်ပျိုး နေကြသည့် ကိစ္စပင်ဖြစ်သည်။ ကချင်ပြည်နယ် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နယ်မြေ အတွင်းရှိ ကန်ပိုက်တည်း မြို့နယ်နှင့် ဆတုံး မြို့နယ်အတွင်း ဘိန်းစိုက်ဧက ထောင်ချီ ရှိနေပြီး အရင်းအနှီးများကို တရုတ်နိုင်ငံဘက်မှ ရရှိနေ သည် ဟု သတင်းတပုဒ် တွင် ဖော်ပြထားသည်။
ဘိန်းစိုက်ပျိုး မှုတွင်မူ တချို့က တနိုင်တပိုင် စိုက်ပျိုးခြင်းဖြစ်ပြီး တချို့က ၁၀ ဧက ၁၅ ဧက စသဖြင့် စီးပွားဖြစ် စိုက်ကြ သည်။ အထူးသဖြင့် တနိုင်တပိုင်စိုက်ပျိုးသူများကို တရုတ် စီးပွားရေး လုပ်ငန်းများက အရင်းအနှီး ထုတ်ပေး ကြကြောင်း သိရသည်။
တချို့ရွာများတွင် ဧက ရာနှင့်ချီကာ ရှိနေသည်။ ဘိန်းပေါ်ချိန်တွင် ဘိန်းပြန်သွင်းရသည်။ ပြီးခဲ့သည့်နှစ်တွင် ဘိန်းစိမ်း တပိဿာလျှင် တရုတ်ယွမ် ၃၀၀၀ ဝန်းကျင်ရှိ နေသည်။ ထိုအရင်နှစ်က ယွမ် ၃၅၀၀ ခန့်ရသည်ဟု ဆိုသည်။ မည်သို့ ပင် ဆိုစေ ဘိန်းကလွဲပြီး အခြားစိုက်ပျိုးစရာလည်း မရှိသော ဒေသများဖြစ်နေသည့် အတွက် သူတို့ဘဝ၏ နေ့စဉ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဘိန်းကိုသာ အားထားပြီး စိုက်နေရသည်ဟုလည်း ပါရှိသည် ။
နယ်စပ် ဖြတ်ကျော်နေသော ဘိန်းပြဿနာ
ဘိန်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးဖူးသည်။ ဘိန်းပြဿနာသည် မြန်မာနိုင်ငံ တခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။ တရုတ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတခုဖြစ်နေ သည်။ ၁၉၈၉ – ၉၀ တွင် ဘိန်းခင်းများအား ဝင်တိုက်မည်ဟု တရုတ်ဘက်က ပြောဆိုခဲ့ဖူးသည်။ ပြောသာ ပြောခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပြင်းပြင်း ထန်ထန် တားဆီးခြင်းမရှိခဲ့။
ဘိန်းပြဿနာ ဖြေရှင်းရေးနှင့်ပတ်သက်လျှင် တရုတ်အစိုးရသည် ပြတ်သားသော မူဝါဒ မရှိ။ ထိုင်းကမူ ဘိန်းခင်း များ ကို အမြဲတမ်း ဖျက်ဆီးတတ်သည်။ မြန်မာ အစိုးရဘက်မှာတော့ အခက်အခဲများစွာ ရှိနေသည်။ ဘိန်းစိုက်သည့် ဧရိယာများကို သွားရောက်စုံစမ်းရန် ခဲယဉ်းသည်။ ထိုဒေသတွင် ဘိန်းစိုက်နေသူများ မှာ ဝ၊ ကိုးကန့် နှင့် တရုတ် တို့ သာများနေခြင်း၊ ဘိန်းစိုက်ပျိုးသည့် ဒေသများသည် လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများ ဖြစ်နေခြင်းနှင့် အကြောင်းကြောင်းသော အကြောင်းရင်းများကြောင့် မြန်မာအစိုးရ ဘက်က ဘိန်းခင်းများကို အချိန်မီ ဖျက်ဆီးနိုင်ခြင်း မရှိပါ။
မည်သို့ပင်ဖြစ်စေ ဘိန်းကိစ္စ နှင့် ပတ်သက်လျှင် မြန်မာနိုင်ငံရော တရုတ် နိုင်ငံပါ တာဝန်ရှိနေသည်။ တရုတ်က မြန်မာ အပါအဝင် ရွှေတြိဂံဒေသတွင် ဘိန်းအစားထိုး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ သို့သော် မအောင်မြင်။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများအဖြစ် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် မြေသိမ်းယာသိမ်း အမှုများသာ မြင့်တက်လာခဲ့သည်။
ဘိန်း ပြဿနာ အဖြေရှာသော်
ဘိန်းပြဿနာကို ဖြေရှင်းမည်ဆိုပါက လေးပွင့်ဆိုင် ဖြေရှင်းသင့်သည်။ နိုင်ငံတကာ အကူအညီလည်း လိုလိမ့်မည်။ ဒေသခံများအပါအဝင်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံကာ လေးပွင့်ဆိုင် ဆွေး နွေးနိုင်ရန် လိုအပ်သည်။ အစိုးရဘက်က ဖြေရှင်းနေရုံနှင့် ပြေလည်မည်မဟုတ်။ မြန်မာပြည်တွင် အစဉ်အဆက် အစိုးရတရပ် ရှိနေသော်လည်း အစိုးမရသည့် နေရာဒေသများ ရှိနေသည်မှာ အထင်အရှား ဖြစ်ပါသည်။
ယနေ့ ကာလသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးပင် မဖြစ်မြောက်နိုင်သေးသည့် ကာလလည်း ဖြစ်နေသည်။ အပစ်ရပ်မှ ငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည် ဖော်နိုင်မည်။ ဘိန်းစိုက်ခြင်း၊ ဘိန်းထုတ်လုပ်ခြင်း၊ မူးယစ် ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ပေါများနေခြင်း စသည့် ပြဿနာများသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုက်ရိုက် ဆက်စပ်နေသည်။
ငြိမ်းချမ်းရေး မရသရွေ့တရားဥပဒေ စိုးမိုးမည်မဟုတ်။ တရားဥပဒေ မစိုးမိုးသရွေ့လည်း ပဋိပက္ခစီးပွားရေး လုပ်ငန်း များ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ပဋိပက္ခ စီးပွားရေးတွင် ဘိန်းလုပ်ငန်းသည် ငွေဝင်လမ်း အဖြောင့်ဆုံးလုပ်ငန်း တခုဖြစ်လေရာ ငြိမ်းချမ်းရေး မရသေးသရွေ့ ဘိန်းပြဿနာဖြေရှင်းရေးသည် ရွှေပြည်တော်မျှော်တိုင်းဝေး ဆိုသလို မှေးမှိန် နေလိမ့်ဦးမည်ဟု တွေးတောမိပါတော့သည်။ ။