၂၀ဝ၄ ခုနှစ်မှာ ပြသခဲ့တဲ့ နာမည်ကြီး ရုပ်ရှင် “ရဝမ်ဒါ ဟိုတယ်” (Hotel Rwanda) ကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ် မှုအပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံရေး အကျင့်ပျက်မှုနဲ့ အကြမ်းဖက်မှုတွေရဲ့ ဂယက်ကို ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုမှာ ၁၉၉၄ ဧပြီလ ၇ ရက်ကနေ ဇူလိုင်လလယ်အထိ ရက်ပေါင်း ၁၀ဝ အတွင်း ဟူတူ အစွန်းရောက်တွေ လက်ချက်နဲ့ တွတ်စီ ၁ သန်းခန့် သတ်ဖြတ်ခံခဲ့ရပါတယ်။ တိုင်းပြည်မှာ အဓိက လူမျိုးစု ၂ စု ရှိပြီး ၈၅ ရာခိုင်နှုန်းက ဟူတူနဲ့ ၁၄ ရာခိုင်နှုန်းက တွတ်စီ လူမျိုးတွေ ဖြစ်ပါတယ်။
၁၉၉၀ အစောပိုင်း ကာလတွေမှာ ဟူတူ အစွန်းရောက်တွေ အပါအဝင် ရဝမ်ဒါရဲ့ နိုင်ငံရေး အထက်တန်းလွှာတွေက တွတ်စီ လူနည်းစုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာတွေ ဖြစ်ပွားစေတယ်ဆိုပြီး အပြစ် တင်ခဲ့ကြပါတယ်။ တွတ်စီ ပြည်သူတွေဟာ တွတ်စီ သူပုန်အုပ်စုဖြစ်တဲ့ ရဝမ်ဒါမျိုးချစ် တပ်ဦး (RPF) ကို ထောက်ခံ ပံ့ပိုးကြတယ်လို့လည်း စွပ်စွဲခံရပါတယ်။
၁၉၉၄ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ဟူတူသမ္မတ Juvénal Habyarimana စီးနင်းလိုက်ပါလာတဲ့ လေယဉ် ပစ်ချခံရပြီး သမ္မအပါအဝင် ခေါင်းဆောင်တွေ သေဆုံးသွားတဲ့နောက် ရဝမ်ဒါမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ စတင်ခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် ဟူတူ အစွန်းရောက်တွေက တွတ်စီလူမျိုးတွေကို သတ်ဖြတ်ဖို့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တွတ်စီလူမျိုးတွေဟာ သူတို့အိမ်တွေထဲမှာ သတ်ဖြတ်ခံရ၊ မသေတဲ့ သူတွေကလည်း တိုင်းပြည်က ထွက်ပြေးခဲ့ကြရပါတယ်။ ဒီလို သတ်ဖြတ်မှုတွေကို လူ ၂ သိန်းလောက်က ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ရဝမ်ဒါဟိုတယ် ရုပ်ရှင်ထဲမှာလည်း သတ်ဖြတ်မှုတွေကို ကြောက်လန့်စရာ မြင်တွေ့ရပါတယ်။ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးတွေက သူတို့ အတွေ့အကြုံတွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ၂၀ဝ၆ ခုနှစ်မှာ မျှဝေ ပြောပြတဲ့ အခါမှာလည်း ထိတ်လန့် တုန်လှုပ်ဖွယ် အကြောင်းအရာတွေကို ငိုယိုပြောပြကြ၊ နားထောင်ရတဲ့ ပရိသတ်တွေလည်း စိတ်မချမ်းမြေ့စရာတွေ နားထောင်ရင်း မျက်ရည်ကျသူက ကျခဲ့ကြပါတယ်။
အဲဒီ ရဝမ်ဒါ အမျိုးသမီးတွေကတော့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွင်း နစ်နာခဲ့ရသူတွေ၊ အသက်ရှင်ကျန် လွတ်မြောက်ခဲ့သူတွေ အတွက် ကုစားရေးတွေ လုပ်နေသလို၊ ဟူတူနဲ့ တွတ်စီ လူမျိုးစု နှစ်စုကြားမှာ ပြန်လည် ပေါင်းစည်းနိုင်အောင် ကြိုးစား လုပ်ဆောင် နေကြသူတွေလည်း ဖြစ်ပါတယ်။
၁၉၉၄ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုမှာ အမုန်းပွားအောင် ဟောပြောမှုနဲ့ အမုန်းတရား ဝါဒဖြန့်မှုတွေက ထင်ရှားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာခုံရုံး (ICTR) က အမုန်းတရား ဖြန့်ဖြူးမှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအကြား ဆက်နွှယ်မှုကို နားလည်သဘောပေါက် ပြီးတဲ့နောက် ကမ္ဘာမှာ ပထမဆုံးအနေနဲ့ “လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်အောင် လှုံ့ဆော်မှုအဖြစ်” ရေဒီယို အသံလွှင့်သူများ၊ သတင်းစာ အယ်ဒီတာနဲ့ နာမည်ကျော် ပေါ့ပ်ဂီတသမားတွေကို စီရင်ချက်တွေ ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုင်းရင်းသားတွေ လက်နက်စွဲကိုင် တော်လှန်နေတာ နှစ်ပေါင်း ၇၀ နီးပါး ရှိတော့မှာ ဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက သတင်းတွေ အမှောင်ချခံရ၊ သတင်းဆက်သွယ်ရေး နည်းပညာတွေလည်း မထွန်းကားသေးတဲ့အတွက် အစိုးရရဲ့ တဖက်သတ် ဝါဒဖြန့်မှု အောက်မှာ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှု ပုံရိပ်တွေ ကျဆင်းအောင် ရေးသား၊ ထုတ်ပြန်မှုတွေ ရှိခဲ့ပါတယ်။
ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အတူ ဆက်သွယ်ရေး သတင်းနည်းပညာတွေပါ ထွန်းကားလာတဲ့အတွက် အရင်ခေတ်တွေကလို အစိုးရ တဖက်တည်းကပဲ ဝါဒဖြန့်တာမျိုး မဟုတ်တော့ဘဲနဲ့ လူမှု ကွန်ရက်တွေပေါ်ကနေ အမှန်တရားကို တင်ပြလိုသူတွေရဲ့ ဖော်ထုတ်မှုတွေလည်း ရှိလာပါတယ်။
တလက်စတည်းမှာပဲ လူမှုကွန်ရက်တွေပေါ်ကနေ အပြိုင်အဆိုင် ဝါဒဖြန့်၊ တဖက်နဲ့တဖက် အမုန်းပွားစေမယ့် ရေးသားမှုတွေ၊ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတွေ အပြိုင်တင်ကြတာကိုလည်း တွေ့လာရပါတယ်။ အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်တဲ့ ကာလမှာဆို ပိုမြင်ရတတ်ပါတယ်။
ပုံမှန်အားဖြင့်တော့ အဓိက ပြိုင်ဖက်တွေဖြစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား တဖက်နဲ့ တဖက် သတင်း အမှန်တွေရော၊ အမှားတွေပါ တင်ကြ၊ လော်ဘီလုပ်ကြနဲ့ ရှိနေရာကနေ တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်တဲ့ အခါမှာလည်း လူမှုကွန်ရက်တွေပေါ်ကနေ တဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားတွေရော ဆန့်ကျင်ဖက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားတွေ အကြားမှာပါ လူမျိုးရေးအရ အမုန်းပွားစေမယ့် ပြောဆိုရေးသားတာ၊ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတွေနဲ့ အမြင်လွဲအောင် လှုံ့ဆော်နေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်တာ ဖြစ်လို့၊ အားလုံးရဲ့ မတူကွဲပြားစွာ တည်ရှိမှုတွေကို လက်ခံပြီး တဦးကိုတဦး အပြန်အလှန်လေးစား၊ တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။
လူမျိုးတမျိုးနဲ့ တမျိုးအကြား ပဋိပက္ခတွေအတွင်း အမုန်းမီးပွားစေဖို့ အပြန်အလှန် လှုံ့ဆော်နေရင် အမုန်း သံသရာထဲက ရုန်းထွက်နိုင်ကြမှာ မဟုတ်ပါဘူး။
ဒီနေရာမှာ အဖွဲ့အစည်း တဖွဲ့ဖွဲ့၊ လူမျိုး တမျိုးမျိုးက မတရား လုပ်နေတာ၊ ဖိနှိပ် အနိုင်ကျင့်နေတာတွေကို နှုတ်ပိတ်ပြီး ငြိမ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မတရားတဲ့၊ မမျှတတဲ့ အခြေအနေတွေကို ခြေခြေမြစ်မြစ်၊ သက်သေ အထောက်အထားနဲ့ အမှန်အတိုင်း တင်ပြ ဖော်ထုတ်နိုင်ရပါမယ်။
မိမိတို့ရဲ့ အမြင်သဘောထားတွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး ပဋိညာဉ်စာချုပ် (ICCPR) အပိုဒ် ၁၉ အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပေမယ့် ICCPR ရဲ့ အပိုဒ် ၂၀ မှာတော့ “စစ်ဖြစ်စေရန် အတွက် မည်သည့် လှုံ့ဆော်၊ ဝါဒဖြန့်မှုကိုမဆို ဥပဒေအရ တားမြစ်ရမည်။ အမျိုးသားရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအရ အမုန်းပွားစေရန် အတွက် ခွဲခြားဆက်ဆံခြင်း၊ ရန်လိုမုန်းတီးခြင်း သို့မဟုတ် အကြမ်းဖက်မှုတို့ ဖြစ်ပွားစေရန် မည်သည့် စည်းရုံးမှုမဆို ဥပဒေအရ တားမြစ်ရမည်” လို့ ပြဌာန်းထားပါတယ်။
လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိပေမယ့် အဲဒီလိုဖော်ထုတ်တာဟာ အမုန်းပွားဖို့၊ စစ်ဖြစ်စေဖို့၊ ရန်လိုမုန်းတီးမှုတွေ ဖြစ်ပွားစေဖို့ မဟုတ်ဘူး၊ ဆိုတာ သတိပြုရပါမယ်။ အမုန်းပွားစေမယ့် စကားတွေကို သာမန်ပြည်သူတဦး ပြောဆိုတာထက်၊ သြဇာတိက္ကမ ရှိတဲ့၊ ဘာသာရေး ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ သတင်းသမားနဲ့ အနုပညာရှင် အပါအဝင် နာမည်ကျော်ကြား လူသိများသူတွေ ပြောဆိုတာက သက်ရောက်မှု အတိုင်းအတာ ပိုများပါတယ်။
မိမိအမြင်၊ သဘောတရားတွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်ရှိသလို၊ မိမိပြောဆိုတဲ့ အကြောင်းတရားတွေက လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာတခုနဲ့ တခုအကြား အမုန်းပွားစေဖို့၊ ရန်လို မုန်းတီးစေဖို့၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားစေဖို့ ရည်ရွယ် လုပ်ဆောင်ရင်တော့ နောင်မျိုးဆက်တွေအထိတိုင် အကျိုးနည်းစေမယ့် ရလဒ်တွေသာ ရရှိမှာ ဖြစ်ပါတယ်။
ကိုးကား
-Hotel Rwanda ရုပ်ရှင်
-Hate Speech Leads to Genocide
-World Policy Blog.
(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)