နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ ) နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့(FPPS) တို့ ပူးပေါင်းပြီး ကျဆုံးနိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲကို ၂၀၁၄ ခုနှစ်တွင် တကြိမ်နှင့် ၂၀၁၆ ခုနှစ်တွင် တကြိမ်ကျင်းပခဲ့ပါတယ်။ ထိုဂုဏ်ပြုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သဝဏ် လွှာပေးပို့ခဲ့ဖူးပါတယ်။
အဲဒီသဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲကောင်းအာဇာနည်ဆိုတာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ တိုက်ပွဲအဆက်ဆက် အရေးတော်ပုံအဆက်ဆက်မှာ ပေါ်ပေါက်ခဲ့ကြပါတယ်။ သူရဲကောင်းအာဇာနည်တွေဟာ ပုံစံအမျိုး မျိုးနဲ့ တိုင်းပြည်အတွက်၊ အမျိုးဘာသာသာသနာအတွက် စွန့်လွှတ်စွန့်စားခဲ့ကြ၊ ပေးဆပ်အနစ်နာခံခဲ့ကြပါတယ်။ အဲဒီအထဲမှာ အသက်စွန့်ခဲ့ကြသူများဟာ အမြင့်ဆုံးပေးဆပ်ခဲ့ကြသူတွေ၊ အဆုံးစွန်ဆုံး စွန့်လွှတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်။
ဟုတ်ပါတယ်၊ ကျနော်တို့တိုင်းပြည် အခုရောက်ရှိနေတဲ့အနေအထားထိ ရောက်ဖို့ဆိုတာ ခေတ်အဆက်ဆက်က အဲဒီလို စွန့်လွှတ်စွန့်စားမှုမျိုးတွေ မရှိဘဲ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမဲ့လည်း အခုအချိန်ထိ ဒီလိုစွန့်စားခဲ့ကြသူတွေကို တရားဝင် အသိအမှတ်ပြုတဲ့အဆင့်ကို ရောက်ရှိမလာသေးပါဘူး။
ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ဖိနှိပ်မှုတွေအောက်မှာ နေနေခဲ့ကြရတဲ့ ပြည်သူတွေဆီမှာ ဆိုးရွားတဲ့ အိပ်မက်ဆိုးတွေနဲ့ပါ။ ကျနော်တို့လူ့အဖွဲ့အစည်းဟာ (Trauma Society) စိတ်ဒဏ်ရာတွေနဲ့ ပြည်နှက်နေတဲ့ လူ့အဖွဲ့အ စည်းပါလို့ ပြောရင်တောင်မှားမယ် မထင်ပါဘူး။
ဒီလိုဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းတရားကတော့ လူ့အခွင့်အရေးအခြေအနေတွေ ဆိတ်သုဉ်းခဲ့တာရယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့သူတွေကို ဥပဒေအရ အရေးယူနိုင်မှု ကင်းမဲ့ခဲ့တာတွေက အဓိကအကြောင်းတရားတွေပါ။
အချို့အချို့သောသူများကတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေးဆိုတာကို ကြားရင် ငါတို့ကို ပြန် တရားစွဲတော့မှာလား၊ ငါတို့ကို လက်စားချေခံရတော့မှာလားဆိုပြီးစိုးရိမ်ကြတာတွေ ရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကျနော်တို့က လူတွေမှာ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူပြုဖို့သာ ရည်ရွယ်တာပါ။
ဒါတွေကို ကုစားနိုင်ဖို့ဆိုတာ အတိတ်တုန်းက အာဏာရှိတဲ့သူတွေရဲ့ကျူးလွန်ခဲ့ခြင်းတွေကြောင့် ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတွေ အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတင်ဖို့ပါ။ ပြီးတော့ နစ်နာခဲ့တဲ့သူတွေအတွက် ပြန်တာဝန်ယူပေးဖို့ပါ။
ဖြစ်နိုင်ရင်တော့ ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကိုယ်တိုင်က နစ်နာအောင် ပြုမှုခဲ့မှုတွေအတွက် တောင်းပန်ပါတယ် ဆိုတာကို လူသိရှင်ကြားပြောမယ်ဆိုရင်တော့ ပြဿနာတွေရဲ့ တဝက်လောက်က အလိုလို ပြီးဆုံးသွားမယ်လို့ ထင်မိပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ အချို့လည်း အလားတူ ပြောဆိုတောင်းပန်ခဲ့တာတွေ ရှိတဲ့အပြင် နစ်နာကြေးပေးလျော်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အခြားနိုင်ငံတွေမှာတော့ Reparation Law (နစ်နာသူများအတွက် ပြန်လည်ကုစားခြင်းဥပဒေ)၊ Victim Law (နစ်နာသူများအတွက် ဥပဒေ)၊ အမှန်တရားပေါ်ပေါက်ရေး ကော်မရှင်လိုမျိုးတွေနဲ့ အတိတ်က ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းလေ့ရှိကြပါတယ်။
ဒီလို ဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျနော်တို့ မြန်မာတနိုင်ငံတည်းမှာ ဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး။ အခြားသော နိုင်ငံတွေမှာ လည်း ဖြစ်ပျက်ခဲ့တာပါ။
အရှေ့တောင်အာရှ နိုင်ငံတခု ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံမှာလည်း အာဏာရှင်မားကိုးစ် အုပ်ချုပ်ခဲ့ဖူးပါတယ်။ သူ့လက်ထက်မှာ လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ မားကို့စ် ပြုတ်ကျသွားပြီး နောက်အစိုးရတက်လာတယ် ဆိုပေမယ့် အဲဒီတက်လာတဲ့ အစိုးရတွေဟာ အတိတ်တုန်းက ဆိုးရွားမှုတွေကို အမွေဆက်ခံပြီး ပြေလည်အောင် ဖြေရှင်းရတာပါပဲ။ အဲဒါကို ကျော်သွားလို့ မရပါဘူး။ ဒါပေမယ့် အချိန်ကြာတတ်ပါတယ်။
အခု ဖိလစ်ပိုင်မှာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခြင်းခံရသူများအား အသိအမှတ်ပြုရေးနှင့် လျော်ကြေးပေးခြင်းဆိုင်ရာ အက်ဥပဒေ ၂၀၁၃ ကို ထုတ်ပြန်ခဲ့ပြီး အကောင်အထည်ဖော်နေပါပြီ။ ထိုဥပဒေတွင် ဤကဲ့သို့ ဖော်ပြထားပါတယ်။
“နိုင်ငံတော်၏ မူဝါဒတခုအနေဖြင့် ယခုအချိန်မှအစပြု၍ ယခင်သမ္မတဟောင်း ဖာဒီနန်အီးမားကို့စ်လက်ထက် ဖြစ်သော စက်တင်ဘာလ ၂၁ရက် ၁၉၇၂ခုနှစ်မှ ဖေဖော်ဝါရီလ၂၅ ရက် ၁၉၈၆ခုနှစ်အတွင်း တရားဥပဒေမဲ့ သေမိန့်ပေးခြင်း၊ နှိပ်စက် ညှဉ်းပမ်းခြင်း၊ အတင်းအဓမ္မ သို့မဟုတ် ဆန္ဒအလျောက်မဟုတ်သော ပျောက်ဆုံးခြင်းများနှင့် အခြားဆိုးရွားသော လူ့အခွင့် အရေးချိုးဖောက်မှုခြင်းအစရှိသည့် မတရားမှုတို့၏သားကောင်ဖြစ်ခဲ့ရသော ဖိလစ်ပိုင်လူမျိုးတို့၏အနစ်နာခံ စွန့်လွှတ်စွန့်စား မှုများနှင့် သူရဲကောင်းဆန်မှုတို့အား အသိအမှတ်ပြုအပ်ပါသည်။
နိုင်ငံတော်သည် ယခုအချိန်မှ အစပြု၍ ၎င်း၏ဂုဏ်သိက္ခာနှင့် တရားဥပဒေဆိုင်ရာ တာဝန်တရပ်အနေဖြင့် အဆိုပါ လူ့အခွင့် အရေးချိုးဖောက်ခံရသောသူများနှင့် ၎င်းတို့၏မိသားစုများအတွက် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်း၊ ချို့တဲ့ဆင်းရဲဒုက္ခရောက်ခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းစသည့် မားကို့စ်လက်ထက်တွင် ၎င်းတို့ခံစားခဲ့ရ သော အတိဒုက္ခအပေါင်းအတွက် နစ်နာကြေးပေးအပ်ရန် အသိအမှတ်ပြု ဆောင်ရွက်သွားပါမည်။
အလားတူစွာပင် မားကို့စ်လက်ထက်အတွင်း ပစ္စည်းဥစ္စာ မြေရာပိုင်ဆိုင်မှုနှင့် စီးပွားရေးလုပ်ငန်းအစရှိသည်တို့အား မတရားသဖြင့် သိမ်းဆည်းခံရခြင်း သို့မဟုတ် ဆိတ်ကွယ်ရာအရပ်တွင် တိတ်တဆိတ်သိမ်းပိုက်ခြင်း သို့မဟုတ် အသုံးချခြင်း၊ အလုပ်အကိုင်၊ ပညာ၊ အသက်မွေးဝမ်းကျောင်းမှု အစရှိသည်တို့အား ဖျက်ဆီးခံရခြင်း သို့မဟုတ် ယိုယွင်းပျက်စီးစေခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ပိတ်ပင်တားဆီးခံရခြင်း သို့မဟုတ် အခြားသော အခြေခံ လူတဦး တယောက်ချင်းစီ၏အခွင့်အရေးများအား ချိုးဖောက်ခြင်းခံရသောသူများအားလည်း အသိအမှတ်ပြုသွားမည် ဖြစ်ကြောင်း တာဝန်ခံအပ်ပါ သည်။”
ပဋိပက္ခများဖြစ်ပွားစဉ် သို့မဟုတ် အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက် ရှိခဲ့စဉ် နစ်နာခဲ့ကြရမှုများအတွက် ပြန်လည်ကုစား ပေးရန် အစီအစဉ်များဆိုသည်ကို နိုင်ငံတော်အစိုးရက ကမကထပြုပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ မတရားသဖြင့် ပြုမူခံရ၊ နစ်နာခဲ့ရသူများအား စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားပေးရတဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှ တခြင်းရဲ့အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
အခြားသော အသွင်ကူးပြောင်းရေးကာလတရပ်ကို ဖြတ်သန်းခဲ့ဖူးသော နိုင်ငံများမှာ အတိတ်က ဖြစ်ပျက်ခဲ့သော လူ့အခွင့်ရေးချိုးဖောက်မှုများနဲ့ လူ့အခွင့်ရေးချိုးဖောက်ခံခဲ့ရသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကို အသိအမှတ်ပြုခြင်းနဲ့ နစ်နာခဲ့ရသူများအတွက် နစ်နာမှုများအား ကုစားပေးတဲ့ ဥပဒေတွေကို လွှတ်တော်က ရေးဆွဲပြီး အစိုးရက အကောင်အ ထည်ဖော်ဆောင်ခဲ့တဲ့ ဥပမာတွေ ရှိပါတယ်။ အဲဒီလို ဥပဒေတွေက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူပြုခဲ့ပါတယ်။
အခုအခြေအနေမျိုးမှာ အစိုးရအနေနဲ့ ဒီလိုကိစ္စရပ်များကို တစုံတရာ မလုပ်ဆောင်နိုင်သေးတာကို နားလည်ပေးနိုင်သော် လည်း အနာဂတ်မှာ ဒီလိုကိစ္စရပ်များ လုပ်နိုင်လာမယ့် အခြေအနေတွေကို ဖန်တီးနိုင်မယ့် နိုင်ငံတကာစာချုပ်စာတမ်းများ ကို လက်မှတ်ရေးထိုးခြင်း ကိစ္စရပ်တွေကိုတော့ အနည်းဆုံး လှမ်းသင့်တယ်လို့တော့ မြင်ပါတယ်။
အနည်းဆုံး နှိပ်စက်ညှင်းပမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာစာချုပ် UN General Assembly, Convention Against Torture and Other Cruel, Inhumane or Degrading Treatment or Punishmet (1984) နဲ့ သူ့ရဲ့နောက်ဆက်တွဲ စာချုပ်အပြင် International Covenant on Civil and Political Rights နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး စာချုပ်များတို့ ဖြစ်ပါတယ်။
နှိပ်စက်ညှင်းပမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာတူညီချက်ရဲ့အပိုဒ် ၁၄ မှာဖော်ပြထားတာ က “နိုင်ငံတော် အစိုးရသည် ညှဉ်းပမ်းနှိပ်စက်သည့် လုပ်ရပ်များကြောင့် နစ်နာရသူအနေဖြင့် ပြန်လည်ကုစားပေးမှုများရရှိစေရန်နှင့် မျှတပြီးလုံလောက်သည့် လျော်ကြေးပေးမှုများ ရရှိခွင့်နှင့် ယင်းအခွင့်အရေးများကို ဥပဒေအရ စည်းကြပ်ပိုင်ခွင့် သေချာစွာ ဆောင်ရွက်ပေးရမည်”၊
ယင်းတို့တွင် ပြန်လည်ထူထောင်ရေးအတွက် ဖြစ်နိုင်သမျှ အပြည့်အ၀ အကူအညီနှင့် တချိန်တည်းတွင် “နစ်နာရသူသည် ညှဉ်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရပါက ၎င်း၏ မှီခိုသူများအနေဖြင့် လျော်ကြေး ခံစားရရှိခွင့် ရရှိသင့်သည်” ဟု အတိ အလင်းဖော်ပြထားသည်။
နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးစာချုပ်ပါ အပိုဒ် ၉ မှာတော့ တရားလက်လွတ် ဖမ်းဆီးမှုများသို့မဟုတ် ထိန်း သိမ်းထားမှုများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီး “ တရားလက်လွတ် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းခံရသူနစ်နာရသူ မည်သူမဆိုသည် ဥပဒေအရ စည်းကြပ်နိုင်သော လျော်ကြေး အခွင့်အရေးခံစားခွင့်ရှိသည် “ ဟု ပြဌာန်းဖော်ပြထားပါ တယ်။
(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ၂၀ဝဝ ခုနှစ်မှ စ၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆောင်ရွက်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကို ထူထောင်သူ တဦး ဖြစ်သည်။)