လက်ရှိကာလတွင် ရှည်ကြာပြင်းထန်၍ အဆုံးမသတ်နိုင်သေးသော ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးဟု ဆိုနိုင်သည့် အနှစ် ၇၀ နီးပါးကြာမြင့်ပြီဖြစ်သော မြန်မာပြည် ပြည်တွင်းစစ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို ပြည်သူများက ပြင်းပြစွာ တောင့်တနေသည့် နည်းတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အပြုတ်တိုက်ရန် အမြစ်ပြတ် ချေမှုန်းရန်ဆိုသည့် အယူအဆ သဘောထားကို ကိုင်ဆောင်ထားသူများကိုလည်း တွေ့ရသည်။ ဤသို့သော အမြင်အယူအဆတို့ မည်သည့် အခြေခံပေါ်မှ ပေါ်လာသည်ကို စူးစမ်းသုံးသပ် ကြည့်လိုပါသည်။
နိုင်ငံရေးအခြေခံ
နိုင်ငံရေးအရ မိမိတို့နိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယနိုင်ငံကဲ့သို့ ပါလီမန်ဒီမိုကရေစီ အားကောင်းသည့် နိုင်ငံတခုဖြစ်မလာခဲ့ပေ။ တပ်တီ တဖွဲ့အုပ်စုတစုတိုင်းက မိမိ၏နိုင်ငံရေး အမြင်အယူအဆအတွက် လက်နက်ကိုင်သည့်နည်းဖြေရှင်းသည့်နည်းကိုကျင့်သုံးကြခြင်းသည် မိမိတို့တိုင်းပြည်တွင် အရိုးစွဲနေသည့် နည်းလမ်းဖြစ်
သည်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းတွင် မိမိ၏နိ်ုင်ငံရေးသဘောထားကို လက်နက်ကိုင်သည့်နည်းဖြင့် ဖြေရှင်းသည့် နည်းလမ်းက မြန်မာပြည်တွင် ပို၍ လွှမ်းမိုးလာသည်။ မြန်မာ့နိုင်ငံရေးတွင် ဆွေးနွေးငြင်းခုံ အဖြေရှာသည့် ယဉ်ကျေးမှုမထွန်းကားချေ။ အနည်းစုက အများစုကို နာခံသည် ဒီမိုကရေစီအလေ့အထ မှေးမှိန်နေခဲ့သည်။ မိမိနှင့်နိုင်ငံရေး အယူအဆမတူသည့် ဘက်ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး နိုင်ငံရေး ထိုးနှက် တိုက်ခိုက်ကြသကဲ့သို့ စစ်ရေးအရလည်း တိုက်ခိုက်ခဲ့ကြသည်။
အကြောင်းအချက်တခုမှာ မြန်မာပြည်ရှိ တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု လွန်စွာနောက်ကျသည့်အပြင် တိုင်းရင်းသားတို့၏ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့်ဖက်ဒရယ် အခွင့်အရေးများ ယခုတိုင် မရှိနိုင်ခြင်းသည် တိုင်းရင်းဒေသများတွင် စစ်မက်ဖြစ် ပွားနေခြင်း၏ အကြောင်းရင်း တခုဖြစ်သည်ဟု ဆိုရမည်။ တိုင်းရင်းသားတို့၏ အမြင်တွင် တိုင်းရင်းသား ဒေသများ၌် စစ်မက်ဖြစ်ပွားနေခြင်းသည် “ဗမာလူမျိုးကြီးဝါဒ” ကျင့်သုံးခြင်းသည်လည်း အကြောင်းတချက်ဟု ယူဆကြသည်။
ဤသို့ မိမိ၏နိုင်ငံရေးအမြင်ကို စစ်အင်အား အသုံးပြုခြင်းကို အားသန်ခဲ့ကြပေရာ ၂၀၁၂ စသည့် ငြိမ်းချမ်းဆွေးနွေးပွဲများ တွင်လည်း မိမိတို့ ရပ်ခံတင်ပြသည့် အမြင်အယူအဆအတွက် လိုအပ်သလို အကန့်အသတ်ဖြင့် စစ်အင်အား သုံးစွဲခြင်းသည် ဆက်လက် တည်ရှိနေရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲယှဉ်တွဲ၍ စစ်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုရပါမည်။
အနှစ် ၇၀ ပြည်တွင်းစစ် အတွေ့အကြုံ
အနှစ်၇၀ ပြည်တွင်းစစ် အတွေ့အကြုံအရ တိုင်းရင်းသား လက်နက်အဖွဲ့များ အပြုတ်တိုက်နိုင်ခဲ့ခြင်း မရှိသည်ကတော့ ထင်ရှားပေသည်။ ရှည်ကြာသော ပြည်တွင်းစစ်အတွင်း တချို့အဖွဲ့များကို အပြတ်ရှင်းနိုင်ခဲ့သည်ဟု ပြောဆိုနိုင်သော အဖွဲ့သစ်များပေါ်လာပြီး ချုပ်ငြိမ်းပျောက်ကွယ်သွားခြင်း မရှိပေ။ လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တိုင်း လိုလိုတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေပြီး စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် အင်အား ၁ သိန်းခန့်ရှိနေခြင်းက လက်တွေ့ ငြင်းမရသည့် အခြေအနေဖြစ်သည်။
သို့သော် အနှစ် ၇၀ အတွင်း တချို့သော လက်နက်ကိုင် အဖွဲ့များကို အပြုတ်တိုက်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် ပြည်မ၊ မြေပြန့်ဒေသရှိ လက်နက်ကိုင်အဖွဲ့များကို အပြုတ်တိုက်နိုင်ခဲ့ကြသည်ကတော့ ငြင်းပယ်မရချေ။ ထိုအချင်းအရာသည် ပြည်မဒေသများတွင် လမ်းပမ်းဆက်သွယ်ရေး သွားလာရန် လွယ်ကူခြင်း ဝိုင်းပတ်ပိတ်ဆို့ရန် လွယ်ကူခြင်းသည် အကြောင်းချက်တခု ဖြစ်သည်ကို ထည့်သွင်းစဉ်းစားရန် လိုသည်။ သို့သော် တောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲကာ ဝိုင်းပတ်ပိတ်ဆို့ရန် မလွယ်သည့် တိုင်းရင်းသား ဒေသများတွင် အပြုတ်တိုက်နိုင်ခြင်း မရှိခြင်းသည် ထိုဒေသ၏ ထူးခြားသည် မြေအနေအထားကို ထည့်သွင်းစဉ်းစားကြရန် လိုသည်။
ထို့ပြင် စစ်ပွဲတပွဲ အောင်မြင်ဖို့ဆိုလျှင် လူထုထောက်ခံမှုရရှိရန် လိုအပ်သည်။ လူထုကိုယ်တိုင်က ပါဝင်ပူးပေါင်းမှသာ စစ်ပွဲ ကို အဆုံးသတ်နိုင်ပေမည်။ လက်ရှိကာလတွင် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ရာ၌ တပ်မတော်အနေနှင့် မိမိ ယုံကြည်ရသော ဒေသခံပြည်သူစစ်အဖွဲ့များကို မွေးထားနိုင်သော်လည်း ဒေသခံလူထု၏ ထောက်ခံမှု ပါဝင်ပူးပေါင်းမှု ရရှိရန် ခက်ခဲနေပြီး တိုင်းရင်းသားတပ်ဖွဲ့များ၏ အခိုင်အမာ စခန်းမဟုတ်ဘဲ လှုပ်ရှားတပ်ဖွဲ့များဆိုပါက သတင်းရရှိရန် ခက်ခဲနေသည်။ ထိုအကြောင်းအချက်သည် အပြုတ်မတိုက်နိုင်သည့် အကြောင်းရင်းတရပ် ဖြစ်ပေသည်။
သာလွန်သည့် လက်နက်အင်အား
ဤသို့ အနှစ် ၇၀ အပြုတ် မတိုက်နိုင်ခဲ့သော်လည်း ယနေ့အချိန်တွင် အပြုတ်နိုင်သည်ဟု ယူဆကြသည့် အကြောင်းတချက်မှာ သာလွန်သည့် လက်နက်အင်အား ဖြစ်သည်။ ၁၉၈၉ မတိုင်မီကာလနှင့် နှိုင်းစာလျှင် ယနေ့ကာလတွင် တပ်မတော်၏ လက်နက်စွမ်းအင် မြင့်မားလာသည်ကတော့ အမှန်ပင်ဖြစ်သည်။
သာလွန်လာသည့် အချက်တခုမှာ မြေပြင်အကူပစ် လက်နက်ကြီးတပ်ဖွဲ့များ ဖြစ်သည်။ ၁၉၈၉ မတိုင်မီက တပ်မတော်က အများဆုံး သုံးစွဲနိုင်သည့် ခြေလျင်အကူပစ် လက်နက်ကြီးများမှာ ၃ လက်မ ၈၁ မမ မော်တာ ၇၅ မမနောက်ပွင့် အမြောက် တို့ဖြစ်ပြီး ၁၂၀ မမ ၁၀၅ မမ လက်နက်ကြီးများ တလုံးချင်းပစ် ဒုံးကျည်များကို အကန့်အသတ်နှင့်သာ သုံးစွဲနိုင်ခဲ့သည်ကို တွေ့ရသည်။ အမြောက်ဆံများကို ပြည်ပမှ ဝယ်ယူတင်သွင်းရသည်ဟု ဆိုကြသည်။ အမြောက်တပ် ဖွဲ့စည်းပုံအရလည်း တပ်ရင်းအဆင့်သာ ဖွဲ့စည်းနိုင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် အကူပစ် လက်နက်ကြီးအဖြစ် ၁၂၀ မမနှင့်၁၀၅ မမ များကို ဖောဖောသီသီ ပစ်ခတ်သုံး စွဲလာနိုင်သည်။ ပြည်တွင်းရှိ (ကပစ) စက်ရုံများမှ ထုတ်လုပ်နိုင်စွမ်း ရှိပြီဟု ဆိုသည်။ ထို့ပြင် မြေပြင်မှ မြေပြင်ပစ် အတွဲလိုက်ပစ် ခတ်၍ ရသောဒုံးစင်များ ၁၂၂ မမ ၁၅၅ မမ များလည်း ပိုင်ဆိုင်လာပြီဟု သတင်းများတွင် တွေ့ရှိရသည်။ သို့သော် လက်ရှိ ပြည်တွင်းစစ်တွင် သုံးစွဲခြင်းတော့ မတွေ့ရသေးပေ။ အမြောက်တပ် ဖွဲ့စည်းပုံမှာလည်း အနည်းဆုံး တပ်မ ၁၀ ခန့်အထိ ဖွဲ့စည်း ထားရှိနိုင်ခဲ့ပြီဟု ဆိုပါသည်။
ဒုတိယ သာလွန်လာသည့် အချက်တခုမှာ သံချပ်ကာ တင့်ကားတပ်ဖွဲ့ဖြစ်သည်။ ယခင်က ပွိုင့် ၅ တပ်ဆင်ထားသည့် သံချပ်ကာ ကားငယ်များသာ ရှိခဲ့ရာမှာ ယခုအခါ စစ်သည်တင် သံချပ်ကာယဉ်များရော တင့်ကားများပါ သုံးစွဲလာနိုင်ခြင်း ဖြစ်သည်။ ယခုအခါ တပ်မတော်၌ သံချပ်ကာ တင့်ကားတပ်မ ၅ ခုခန့် အနည်းဆုံးရှိမည်ဟု ဆိုကြပေရာ ယခင်ကထက် များစွာသာလွန်လာသည့် အချက်တခု ဖြစ်သည်။ လမ်းသာသည့် မြို့ရွာများတွင် စစ်ဆင်ရေး ပြုလုပ်ရာတွင် အားသာသော်လည်း တောင်တန်းထူထပ်သော နေရာများနှင့် ပြောက်ကျားစစ်ပွဲတွင် သိပ်အသုံးမဝင်တတ်ချေ။
တတိယ သာလွန်လာသည့် အချက်တခုမှ လေကြောင်းပစ်ကူ ဖြစ်သည်။ ၁၉၈၉ မတိုင်မီက တပ်မတော်လေမှ အသုံးပြု နိုင်သည့် တိုက်လေယာဉ်များမှာ PC 6/PC 7/ T 33 အမျိုးအစားများသာ ဖြစ်သည်။ PC 6 /PC 7 တို့မှာ အမောင်းသင် လေယာဉ်များကို တိုက်လေယာဉ်အဖြစ် အသုံးပြုခြင်းဖြစ်ရာ လွန်စွာ အဆင့်နိမ့်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ထိုလေယာဉ်တို့ အား ပွိုင့် ၅ စက်သေနတ်ကြီးနှင့်ပင် ပစ်ချ၍ရရာ လုံခြုံမှုလည်း နည်းသည်ဟု ဆိုရမည်။
ယခုကာလတွင် ထိုလေယာဉ်များ နေရာတွင် ယူဂိုဆလပ်နိုင်ငံလုပ် Soko G-4 Super Galeb လေယာဉ်များ F 7 နှင့် A 5 များ ဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်သည့်ပြင် စတုတ္ထမျိုးဆက်ဟု ဆိုသည့် MIG 29 တိုက်လေယာဉ်များပါ ဝယ်ယူဖြည့်တင်းထားနိုင် ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် MI 35 ကဲ့သို့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပြီး စစ်ပွဲတွင် ကောင်းစွာ အသုံးချနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အဆင့်မြင့် လေယာဉ်များအား ပွို င့် ၅ စက်သေနတ်ကြီးနှင့် ပစ်ချရန် မဖြစ်နိုင်သဖြင့် လေကြောင်းတိုက် ခိုက်မှုများကို စိတ်တိုင်းကျ ပြုလုပ်နိုင်စွမ်းရှိပေသည်။
လက်ရှိအချိန်တွင် လေကြောင်း ကာကွယ်ရေးအတွက် HN 5 နှင့် FN 6 ပုခုံးထမ်း ဒုံးပစ်လောင်ချာများ ရှိသည်ဟု သတင်း ထွက်နေသည့် UWSA မှအပ ကျန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား စိတ်ကြိုက် လေကြောင်း တိုက်ခိုက်မှု ပြုလုပ် နိုင်စွမ်းရှိသည်ဟု ဆိုရမည်။ ပုခုံးထမ်း ဒုံးပစ်လောင်ချာများ ရှိသည်ဆိုပါကလည်း သူတင်ကိုယ်တင် ရင်ဆိုင်နိုင်စွမ်း ရှိသည်ဟု ဆိုရပါမည်။
စတုတ္ထ သာလွန်သည့် အချက်မှာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ K 8 / Y 8 စသည့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ဤသို့ လေကြောင်းသယ်ယူ ပို့ဆောင်မှု ပြုလုပ်နိုင်ခြင်းသည် တပ်အပြောင်းအရွှေ့နှင့် စစ်ချီ စစ်တက်တွင် အားသာချက်များစွာ ဖြစ်ခဲ့သည်။
ယခင်ကားလမ်းဖြင့်သာ တပ်အပြောင်းအရွှေ့ ပြုနိုင်သဖြင့် အချိန်ကြန့်ကြာသည့်အပြင် လမ်း၌ ဖြတ်၍ အတိုက်ခံရသည့် အန္တရာယ်ရှိသည်။ ထို့ပြင် စစ်ကူ အချိန်မီ မရောက်နိုင်သည့် အခက်အခဲရှိသည်။ တပ်မတော်၏ လေကြောင်းချီ စစ်ဆင်ရေး များကို ၂၀၁၅ နှစ်ဆန်း ကိုးကန့်ဒေသ စစ်ပွဲတွင်လည်းကောင်း၊ ၂၀၁၆ နှစ်ကုန်ပိုင်း မြောက်ပိုင်းစစ်ပွဲတွင်လည်းကောင်း တွေ့ခဲ့ရသည်။ လေကြောင်းချီမှု တပ်အပြောင်းအရွှေ့မြန်ဆန်ပြီး လမ်းဖြတ်တိုက်ခိုက်မှု အန္တရာယ်မှ ရှောင်ရှားနိုင်ခဲ့သည်။
တပ်မတော်အနေနှင့် ၁၉၈၉ မတိုင်မီထက်စာလျှင် လေကြောင်းရန် ကာကွယ်ရေးတပ်မများ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များ တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သကဲ့သို့ တပ်မတော် (ရေ) အားလည်း ခေတ်မီစစ်သင်္ဘောများ လက်နက်များဖြင့် ဖြည်းတင်းထားနိုင်ခဲ့သည်။ သို့သော် အဆိုပါ သာလွန်ချက်များကို တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ခိုက်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း မရှိပေ။ ပြည်ပရန်အတွက်သာ သုံးရပေလိမ့်မည်။
လက်နက်စွမ်းရည် သာလွန်မှုသည် အဖြေလော
လက်နက်စွမ်းရည် သာလွန်မှုသည် တိုက်ပွဲတပွဲချင်းအတွက် အားဖြစ်သည်မှာ ငြင်းပယ်စရာအကြောင်း မရှိပေ။ အထက်ပါ သာလွန်ချက်ချက်များနှင့် သုံးသပ်လျှင် စစ်သည်၊ လက်နက်ခဲယမ်းတို့ကို လေကြောင်းချီ ရွှေ့ပြောင်းနိုင်ခြင်းသည် စစ်ဆင်ရေး အတွက်များစွာ အထောက်အကူပြုသည့် အားသာချက်ဖြစ်သည်။ ရာသီဥတု အလွန်ဆိုးဝါးနေသည့် အချိန်မျိုးမှအပ သုံးစွဲ၍ ရနိုင်စွမ်းရှိသည်။
သံချပ်ကာနှင့် တင့်ကားတပ်ဖွဲ့များ၏ အားသာချက်ကို သုံးစွဲရန် မြေအနေအထား အကန့်အသတ်ရှိပေသည်။ လေကြောင်း နှင့် လက်နက်ကြီးပစ်ကူကမူ စခန်းများ မြို့ရွာများ သိမ်းပိုက်သည့်အခါတွင် ၎င်းတိုက်ပွဲ ဖြစ်ပွားသည့်နေရာသို့ ပစ်ကူပေးရာ တွင် အားသာချက်အဖြစ် အသုံးပြုနိုင်သည်။ ထိုအားသာချက် ၂ ခုကို အသုံးပြုရန် အကန့်အသတ် ၂ ခုရှိသည်။ တခုက ရာသီဥတု အကန့်အသတ်ဖြစ်သည်။ ဒုတိယတခုကတော့ နေရာအတည်တကျ မနေဘဲ ရွှေ့ပြောင်းပုန်းကွယ်နေသော အဖွဲ့များကို တိုက်ခိုက်ရာတွင်လည်း အကန့်အသတ် ရှိပေသည်ကို သတိမူရန် လိုပါသည်။
မည်သို့ဖြစ်စေ သာလွန်မှုရှိသော အချက်အလက်များကိုတော့ အသိအမှတ်ပြုရပေမည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် ခေတ်မီစစ်လက်နက် စွမ်းအား အတောင့်အတင်းဆုံး အကြီးအမားဆုံးဟုဆိုသော အမေရိကန်စစ်တပ်၏ အနီးခေတ် စစ်ပွဲများဖြစ်သော အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲများတွင် သာလွန်သည့် စစ်လက်နက်များ၏ အစွမ်းသည် အဓိက မြို့ကြီးပြကြီးများ ဆက်သွယ်ရေး လမ်းကြောင်းများကို သိမ်းပိုက်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း တောင်တောင် ထူထပ်သော သို့မဟုတ် နယ်စွန်နယ်ဖျားများ အခြေပြုသော သူပုန်များအား အပြုတ်တိုက်နိုင်စွမ်း မရှိပေ။ သာလွန်သည့် လက်နက်စွမ်းအင်သည် စစ်ပွဲ၌ အသာစီးရသည့် အခြေအနေတရပ်ကို ဖန်တီးပေးနိုင်သော်လည်း နိုင်ငံရေး အယူအဆ မတူသည့် သူပုန်များကို အပြုတ်တိုက်နိုင်လောက်အောင် ထိတော့ မစွမ်းခဲ့ပေ။ သာလွန် လက်နက်စွမ်းအင်သည် ပြည်တွင်း စစ်တွင်များတွင် အကန့်အသတ် ရှိသည်ကို ဖော်ပြပါသည်။
ထို့ပြင် ဖွံ့ဖြိုးမှု နိမ့်ကျသော လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသော မတ်စောက်မြင့်မားသေည့် တောတောင်များ လျှိုမြောင်များသည် လက်နက်ကိုင် ပုန်ကန်သူများအတွက် ပြောက်ကျားစစ်ဆင်ရန်၊ ၎င်းတို့တပ်ဖွဲ့များ ရှင်သန်ရန်အတွက် အကောင်းဆုံး ရေမြေအနေအထားဖြစ်၍ နေသည်။ ထို့ပြင် ဒေသခံတို့၏ ထောက်ခံမှု၊ ဒေသခံတို့အား စည်းရုံး သိမ်းသွင်းများနှင့် နိုင်ငံတကာရှိ ၎င်းတို့အား ထောက်ခံသူများ၏ ပံ့ပိုးမှုများသည် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များ ရှင်သန်နိုင်ရေးအတွက် အကြောင်းရင်းများ ဖြစ်နေသည်။
ထို့ကြောင့်လည်း အမေရိကန်တို့ အနေနှင့် စစ်အင်အား အလုံးအရင်းနှင့် ကမ္ဘာ့ အကောင်းဆုံး စစ်လက်နက်စွမ်းရည်များကို သုံးစွဲခဲ့သော်လည်း သူပုန်များကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းမရှိဘဲ စစ်ပွဲကား ယနေ့တိုင် ရှည်ကြာနေဆဲဖြစ်သည်။
အလားတူပင် မြန်မာပြည်၌လည်း တစုံတရာ သာလွန်သည့် စစ်လက်နက် စွမ်းရည်သည် စစ်ပွဲအတွင်း တစုံတရာ အကျိုး သက်ရောက်မှု ရှိမည်ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အပြုတ်တိုက်နိုင်သည့် ပင်မအကြောင်း အချက် ဖြစ်လာနိုင်ဖွယ်မရှိဟု သုံးသပ်ရပါသည်။
ဆက်လက်ဖော်ပြပါမည်
(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာသုတေသီတဦးဖြစ်သည်)