အသိ၊ သတိကောင်းတွေရှိတဲ့ နေ့တနေ့မှာ ရှေးဟောင်းနှောင်းတွေတွေးနေရင်း အငယ်ကောင်ကို သတိတရ ဖြစ်လာတယ်။ ဒီလိုသတိရမိလာတော့ ဒီကောင့်ကို တောင်းပန်ချင်မိတယ်။ ဒါပေမယ့်လည်း သေချာစဉ်းစားကြည့်မိတော့ မတောင်းပန်ချင်ပြန်ဘူး။
အငယ်ကောင်ဆိုတာ ကျနော်မွေးမြူခဲ့တဲ့ အိမ်မွေးခွေးတကောင်ရဲ့နာမည်ပါ။ ခွေးတကောင်မို့ လူတယောက်က တောင်းပန်ဖို့ မလိုဘူးဆိုတဲ့ ခွဲခြားတတ်တဲ့ အတွေးကြောင့် မဟုတ်ပါဘူး။ ကျနော်က အငယ်ကောင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်ဘူး ထင်လို့ပါ။ သူက ကျနော်ဆီကနေ တောင်းပန်ခြင်းထက် ဂရုစိုက်စောင့်ရှောက်မှု ပိုပြီးရသင့်ခဲ့တယ်လို့ ထင်ထားလို့ပါ။
သူ့အပေါ်ပြုမူမိတဲ့ တာဝန်မဲ့မှုတွေအတွက် အစားထိုး ပေးဆပ်ခွင့် မရခဲ့လို့ပါဘဲ။ “တမလွန်ကျရင် မင်းနဲ့ထိုက်တန်တဲ့ ရပိုင်ခွင့်တွေကို ငါပေးပါ့မယ် အငယ်ကောင်ရေ” ရယ်လို့သာ ဆန္ဒပြုမိနေပါတယ်။ အငယ်ကောင်နဲ့ ဆုံတွေ့ခွင့် ရခဲ့တာက ဒီလိုပါ။
ကျနော် ၁၀ တန်း စာမေးပွဲဖြေပြီးတော့ မိသားစု စီးပွားရေးအတွက် မုံရွာမြို့က မြို့ဟောင်းဘူတာ အလွန်မှာ ဥစားကြက် မွေးမြူရေးခြံလုပ်ငန်း တပိုင်တနိုင် လုပ်ခဲ့ရတယ်။ ခြံစောင့်ဖို့ဆိုပြီး ဖခင်ဖြစ်သူရဲ့လက်အောက်ဝန်ထမ်း တယောက်က နို့လွတ်စ ခွေးနှစ်ကောင် လက်ဆောင်ပေးပါတယ်။
ကြီးတဲ့ကောင်ကို အကြီးကောင်၊ ငယ်တဲ့အကောင်ကို အငယ်ကောင်ရယ်လို့ ခပ်လွယ်လွယ်ပဲ နာမည်ပေးခဲ့တယ်။ ဒီလို နာမည်လွယ်လွယ်ပေးလိုက်တာကလည်း သူတို့နှစ်ကောင်အပေါ် အလေးမထားခဲ့ခြင်း အစပေါ့။
ကိုယ့်အရိပ်ခိုနားသူ အမွေးမြူခံ ခွေးနှစ်ကောင်အတွက် လိုက်နာစရာ စည်းကမ်းတွေက တပုံကြီးပါ။ ကိုယ့်ဘက်ကပေးမယ့် သူ့တို့ရဲ့ရပိုင်ခွင်ကတော့ ရေရေရာရာ မရှိပါဘူး။ ကျွေးတာစား၊ ထားသလိုနေပေါ့။
သူတို့ရဲ့ တာဝန်က လှောင်ထားတဲ့ ကြက်ခြံထဲက ကြက်တကောင်တလေ အပြင်ထွက်လာရင် သခင်သိအောင် ဟောင်သံပေးရမယ်။ ဒါပေမယ့် စိတ်နဲ့တောင် ဒီကြက်တွေကို သူတို့ မပြစ်မှားရဘူး။ သူ့တို့ကိုယ်ပေါ်က သန်းတွေ မွှားတွေလာပြီး ဆိတ်စွဲစားတတ်တဲ့ ကြက်ကလေးတွေကိုလည်း မခြောက်လှန့်ရဘူး။
ဒီစည်းကမ်းတွေကြောင့် သူတို့အိပ်နေချိန်မှာတောင် သူ့တို့ကိုယ်ပေါ် ခုန်တက်ပြီး ထိုးဆိတ်နေကြတဲ့ ကြက်ကလေးတွေကို မာန်မဖီဝံ့ခဲ့ကြတာ ကြက်ကလေးတွေကတောင် သိနေကြပုံပဲ။ ဒီလိုခပ်ကြမ်းကြမ်း ပုံစံပေးထားတာကို အငယ်ကောင် ကောင်းကောင်းသင်ခန်းစာ ယူထားခဲ့ရရှာပါတယ်။
ကျနော် ထမင်းမချက်တဲ့နေ့ဆို လမ်းထိပ်မှာရှိတဲ့ ကိုဘသိုက်ရဲ့လဖက်ရည်ဆိုင်က နံပြားနှစ်ချပ်နဲ့ တနပ်စာဖူလုံခဲ့ရတဲ့ အငယ်ကောင်ပါ။ ဒ့ါအပြင် မုံရွာကျောင်းဆရာတော် ဦးဥုက္ကံ စွန့်ကျဲတဲ့ခွေးစာထဲက သူ့အတွက် အနည်းအကျဉ်း ယူလာကျွေးလည်း မငြိုမငြင်ကျေးဇူးတင်ပြီး အမြီးတနှံ့နှံ့နဲ့ သခင့်စိတ်အေးစေတဲ့ အကောင်ပါ။
တကယ်တော့ အငယ်ကောင်ဟာ အကြီးကောင်ထက် ကျနော့်အပေါ် အတော်သံယောဇဉ် ကြီးတယ်။ သစ္စာရှိတဲ့ ခွေးတကောင်ပါ။ ကျနော်ရဲ့ စည်းကမ်းတင်းကြပ်ဒဏ်ကို ခံနိုင်ပြီး အရိပ်အကဲလည်း နားလည်လွယ်တဲ့ ခွေးလေးပါပဲ။
၁ နှစ်လောက်ကြာလာတော့ ကြက်ခြံမှာနေရတာ ကျနော်ငြီးငွေ့လာပြီ။ ဒေသကောလိပ်တွေ ဖွင့်မယ်ဆိုတော့ ကျောင်းတက်ဖို့လည်း စိတ်လှုပ်ရှားလာပြီ။ အဖေကလည်း မုံရွာ၊ မြို့ဟောင်းဘူတာကနေ မန္တလေးဘူတာ ပြောင်းမိန့်ကျလို့ ပြောင်းသွားတာ ၆ လလောက် ကြာပြီ။
ဒါကြောင့် ကြက်ခြံလုပ်ငန်း ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကြက်တွေ ရောင်းပစ်လိုက်ဖို့ ဆုံးဖြတ်ပြီး မြို့ဟောင်းဈေးထိပ်က ကြက်ဒိုင်မှာပဲ ဈေးဖြတ်ပြီး ရောင်းလိုက်တယ်။ ကြက်ဒိုင်က ကြက်တွေကို ခြင်းထဲဖမ်းထည့်ပြီး မြင်းလှည်းနဲ့ လာသယ်သွားကြတယ်။
အငယ်ကောင်ရဲ့ ပြဿနာက အဲဒီမှာစတော့တာပါပဲ။ ကြက်တွေသယ်တဲ့ မြင်းလှည်းကို နောက်ကလိုက်ပြီး ဟောင်လိုက်၊ ရှေ့ကပိတ်ပြီး ဟောင်လိုက်၊ ကျနော့်ဆီပြေးလာပြီး ဟောင်တဲ့အပြင် ကျနော့်ရဲ့ပုဆိုးစကို သူရဲ့ပါးစပ်နဲ့ ကိုက်ဆွဲတော့တာပါပဲ။
သူ့အမူရာက တခုခု လုပ်ပါအုံးဆိုတဲ့ သဘောပါ။ ကြက်တင်တဲ့ မြင်းလှည်းကိုကြည့်ပြီး မျက်နှာမကောင်း။ ဈေးထိပ်ရောက်တဲ့အထိ အငယ်ကောင် ဇွဲမလျော့။ လိုက်ဆဲ။ ဟောင်ဆဲပါပဲ။ ကြက်ခြင်းသယ်မယ့်လူက ကြက်ခြင်းသယ်မရလို့ ကျနော့်ကို လာခေါ်ရတယ်။ အငယ်ကောင်ကို အော်ငေါက်လိုက်မှ အမြီးကုပ်ပြီး ကျနော့်နောက်ပြန်လိုက်လာတယ်။
အဲဒီအချိန်က အငယ်ကောင့်ရဲ့သောကဗျာပါဒကို ကျနော်နားမလည်ခဲ့။ မကြာမီဖွင့်တော့မယ့် ကျောင်းတက်ဖို့သာ တွေးပျော်နေတာကိုး။ နေ့ညတာဝန်ကြီးတဲ့ ကြက်ခြံလုပ်ငန်းကို ပျင်းရိငြီးငွေ့လာတာကလည်း တကြောင်း အပါအဝင်ပါ။
မန္တလေးမှာ လက်ရှိပြောင်းနေတဲ့အိမ်က မန္တလေးဘူတာကြီး အပေါ်ထပ်မှာ ဖြစ်နေတာမို့ အငယ်ကောင်ကို အိမ်ကိုခေါ်လာလို့မရ။ ဒီတော့ ထုံးစံအတိုင်း ဆရာတော်ဦးဥုက္ကံက လက်ခံစောင့်ရှောက်ပေးပါရန် တောင်းပန်လျှောက်ထား ရပြန်ပါတယ်။
အငယ်ကောင်ကို နဂိုထဲက နှစ်သက်တဲ့ဆရာတော်က အလွယ်ပင် လက်ခံပေးခဲ့ပါတယ်။ စက်မှုတက္ကသိုလ် တက်ရဖို့အရေး အသည်းအသန် စာကြိုးစားနေရတဲ့အတွက် အငယ်ကောင် ရှိနေတဲ့ မုံရွာကို မရောက်ဖြစ်တော့ပါဘူး။
စက်မှုတက္ကသိုလ် တတိယနှစ်အပြီး မုံရွာကို အလည်သွားဖို့ အခွင့်အရေး ရလာပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ခွဲခွာခဲ့ရတဲ့ သခင်ဟောင်းကို ပြန်တွေ့ရချိန်မှ အငယ်ကောင် အူးမြူးနေပုံက ဆရာတော်ကပင် သတိထားမိစရာ ဖြစ်ခဲ့တယ်။
ကျနော့်ဆီ အပြေးလာလိုက်။ ခြေထောက်ကို လျက်လိုက်၊ နမ်းလိုက်။ ပတပ်ရပ်ပြီး ဖက်ဖို့ ကြိုးစားလိုက်။ မြေပြင်မှာ လူးလိမ့်လိုက်။ ဆွဲဆွဲငင်ငင် အူလိုက်။ ဟောင်လိုက်။ အမူအရာအစုံနဲ့ အကြိမ်ကြိမ် လုပ်ပြနေပါတယ်။
ကျနော့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေထဲမှာ ပြောပြစရာတာတွေ အများကြီး ရှိနေသလိုပါ။ သူ့မျက်လုံးနဲ့ အကြည့်များကလည်း အဓိပ္ပါယ်စုံ ရှိနေသလိုပါပဲ။ မကြာမီ ပင်စင်ယူတော့မယ့် အဖေနှင့်အမေတို့ တာဝန်ပိုမည်ထင်ပြီး အငယ်ကောင်ကို အိမ်ပြန်ခေါ်လာဖို့ မလုပ်ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နှစ်တွေကြာမြင့်ခဲ့ပါတယ်။ ဆရာတော်နဲ့ အမှတ်မထင် ပြန်ဆုံတော့ အငယ်ကောင့်အကြောင်း စကားစပ်မိပါတယ်။ အငယ်ကောင် မရှိတော့ဘူးပေါ့။ အငယ်ကောင် ရှိစဉ်ချိန်ကလည်း ကြက်ခြံဟောင်းနေရာ၌သာ နေလေ့ရှိကြောင်း။ အဖေ့တပည့်က ကျနော်ပေးခဲ့တဲ့စက်ဘီးစီးပြီး ဆရာ့တော့် ကျောင်းလာလျင်လည်း စက်ဘီးဘဲသံကိုပင် မှတ်မိကြောင်း ဆရာတော်က ပြောပါတယ်။
အငယ်ကောင်ရဲ့သခင့်အပေါ် တန်ဖိုးထား ချစ်ခင်မှုများကို စကားထဲ ထည့်ပြောခဲ့သော်လည်း သူ့အပေါ် ဂရုစိုက်မှု အလေးနက် မလုပ်ဖြစ်ခဲ့ပါ။ အသိ၊ သတိကောင်းတဲ့ နေ့တနေ့မှာ ရှေးဟောင်းနှောင်းဟောင်း အဖြစ်နဲ့သာ တွေးမိခဲ့တယ်။
ဒီလိုတွေးရင်းနဲ့ အငယ်ကောင်ကို သတိတရ ဖြစ်မိတယ်။ အဲဒီအခါကျမှ အငယ်ကောင်ကို တောင်းပန်ချင်လာတယ်။ သူ့အကြည့်တွေ၊ သူရဲ့သံယောဇဉ် အရိပ်ငွေ့တွေနဲ့အတူ ရင့်ကျက်မှု၊ နားလည်မှုတွေကိုပါ မြင်ယောင်လာမိတယ်။
ကြက်တင်မြင်းလှည်းကို ဟောင်နေတဲ့ သူရဲ့နာကြင်ကြေကွဲမှု ပြည့်နေတဲ့အသံက ဆိုလိုချက်ကို သိလာသလို ခံစားမိလာတယ်။
တတိယနှစ်အပြီး အငယ်ကောင်နဲ့ ပြန်ဆုံချိန်က သူ့အော်မြည်သံတွေ၊ အူသံတွေ၊ အပြုမူတွေ၊ ပြန်မြင်ယောင် ကြားယောင်မိရင်းမှ သူ့ကိုပြန်ပြီး ယုယချစ်ခင်မှုတွေ သံယောဇဉ်တွေကို မပြသခဲ့မိတာ ကိုယ့်ချို့ယွင်းချက်တွေပါလား။
အဲဒီအချိန်က တန်ဖိုးထားလေးစားစရာတွေကို သိနိုင်တဲ့ ရင့်ကျက်မှု ကျနော်မှာ မရှိခဲ့ပါလား။ အငယ်ကောင်ရဲ့ တာဝန်ကျေပွန်မှုနဲ့အတူ သူ့ကိုထပ်တူ ချစ်ခင်မှု တန်ဖိုးထားစရာ သူ့ရဲ့ရပိုင်ခွင့်တွေကို နားလည်မပေးခဲ့မိပါလား။
သူ့ရဲ့တာဝန်ကျေမှု၊ သူ့ရဲ့စေတနာ၊ သူရဲ့သံယောဇဉ် ဆိုတာတွေကို ခိုကိုးခွင့်လောက် ပေးခဲ့တာလေးနဲ့ တန်ဖိုးဖြတ်မိခဲ့တယ်။ လူသားတယောက် အနေနဲ့ တန်ဖိုးရှိတဲ့ အမူကျင့်ကောင်းတဲ့ ခွေးတကောင်ရဲ့ ခွင့်လွှတ်ခြင်းကို ရရှိဖို့ ကျနော်အနေနဲ့ ထိုက်တန်ပါရဲ့လားဗျာ။
ကွယ်လွန်သူ နိုင်ငံတော်အဆိုတော် စိုင်းထီးဆိုင် ငယ်နုစဉ် ဆိုခဲ့တဲ့ သီချင်းလေးကို တိုက်တိုက်ဆိုင်ဆိုင် ကျနော် ပြန်အမှတ်ရမိတယ်။ ခွေးတယောက်နဲ့ လူတကောင်။
(ဆောင်းပါရှင်အောင်ဇော်ဝင်းသည် RIT ရန်ကုန်စက်မှုတက္ကသိုလ်တွင် ပဉ္စမနှစ်အထိ ပညာသင်ယူခဲ့သူဖြစ်ပြီး၊ လက်ရှိတွင် စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ် မန္တလေးမြို့တွင် လုပ်ကိုင်နေထိုင်လျက် ရှိသည်။)