၁၉၈၉ ခုနှစ်မတိုင်မီက ပြည်တွင်းစစ်သည် တပြည်လုံးအနှံ့အပြား၌ ဖြစ်ပွားနေခဲ့သည်။ ထိုအချိန်က စစ်ပွဲများ သည် အဓိကအားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် မြန်မာပြည်မြောက်ပိုင်းမှ တောင်ပိုင်းအထိ အရှေ့ခြမ်းတခုလုံးတွင် ဖြစ်ပွားနေသည်။
ဤသို့ တနံတလျား စစ်ဆင်နေရသော အစိုးရနှင့် တပ်မတော်အဖို့ စစ်စရိတ်အကန့်အသတ်နှင့် တပ်အင်အား အကန့်အ သတ်တို့အား ရင်ဆိုင်ကြရသည်။ တပ်မတော်နှင့် အစိုးရသည် ၎င်းတို့အား ပုန်ကန်ဆန့်ကျင်သည့် လက်နက်ကိုင်အင်အား ကြီးလာသည်အမျှ တပ်အင်အားကို တစတစ တိုးချဲ့ဖြည့်တင်းလာရသည်။ တပ်မတော်အနေနှင့် တိုင်းပြည်ဘတ်ဂျက်နှင့် တည်ဆောက်ထားသည်ဖြစ်ရာ စစ်သည်အင်အားဖြစ်စေ စစ်လက်နက်ဖြည့်တင်းအရဖြစ်စေ လက်နက်ကိုင်အဖွဲ့များ ထက် သာလွန်သည်က အမှန်ပင်ဖြစ်သည်။
သို့သော် တိုင်းပြည်ဘတ်ဂျက်နှင့်ညှိ၍ စစ်အင်အားတည်ဆောက်မှုမှာ အကန့်အသတ်ရှိသည်။ တပြည်လုံးအနှံ့ စစ်ဆင်ရ သောအခါ နေရာတိုင်းသို့ စစ်အင်အား အလုံအလောက်ပို့ ဆောင်ရန် အကန့်အသတ်ရှိခဲ့ပေသည်။ ဦးစားပေးနေရာများသို့ စစ်အင်အားပို့ဆောင်ရပေရာ ဟာကွက်များပေါ်ထွက်လာသည့်နေရာများတွင် လက်နက်ကိုင်တပ်ဖွဲ့အင်အားများ ကြီးထွား၍ လာခဲ့ပေသည်။
၁၉၈၉ ခုနှစ်နောက်ပိုင်း CPB ပြိုကွဲပြီးနောက် ၎င်းအခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်များရှိ မူလတိုင်းရင်းသားလက်နက်ကိုင်အများစုရော CPB အရှေ့မြောက် ဗက ပမှ ခွဲထွက်လာသော တိုင်းရင်းသားအဖွဲ့များပါ နဝတအစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး ရယူခဲ့ကြသည်။ ထိုအခါ တပ်မတော် အတွက် စစ်ဆင်ရေးတပ်များဖြစ်စေ စစ်ဆင်ရေးအသုံးစရိတ်ဖြစ်စေ အကန့်အသတ်ရှိသည့်အခြေအနေမှ တစုံတရာ လွတ်ကင်းသွားခဲ့သည်။
သို့ဖြစ်ရာ ၁၉၈၉ နောက်ပိုင်း တပ်မတော်အနေနှင့် ပြည်တွင်းအုံကြွမှုများကို ထိန်းချုပ်နိုင်ရန် ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ ကြီးများတွင် တပ်အင်အား တစုံတရာလိုသည်မှအပ ( ထိုတပ်များသည်ပင် စစ်စရိတ်ကုန်ကျခြင်းမရှိပေ) ကျန်တပ် အင်အားများကို KNU ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုတည်းကိုသာ စိတ်ကြိုက်ထိုးစစ်ဆင်ခွင့်ရခဲ့သည်။ ခြွင်းချက် အနေနှင့် ခွန်ဆာ၏ MTA ကို UWSA တပ်အားအသုံးပြု၍ ထိုးစစ်ဆင်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အနှစ် ၂၀ ခန့်ကြာသည်အထိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများကို ငြိမ်း ချမ်းရေးယူထားနိုင်ခဲ့ပြီး အချို့အဖွဲ့များကို စစ်ဆင်ခဲ့ခြင်းဖြင့် တပ်မတော်အနေနှင့် စိတ်ကြိုက်စစ်အင်အားအသုံးပြုခွင့်ရသ ကဲ့သို့ စစ်စရိတ် စိတ်ကြိုက်သုံးစွဲခွင့်ရခဲ့သည်။ (တိုင်းပြည်အား ဆိုရှယ်လစ်စီးပွားရေးမှ တစိတ်တပိုင်း ဈေးကွက်စီးပွားရေး သို့ ပြောင်းလဲလိုက်နိုင်ခြင်း သဘာဝဓာတ်ငွေ့ထွက်ခြင်းတို့ကလည်း စီးပွားရေးအကြောင်းအချက်တခုဖြစ်သည်)
ထို့ပြင် အနှစ် ၂၀ ကာလအတွင်း အဖွဲ့တဖွဲ့ နှစ်ဖွဲ့ကိုသာ ဦးတည်ပြီး စိတ်ကြိုက်စစ်ဆင်ခွင့်ရသကဲ့သို့ ငြိမ်းချမ်းရေးယူထား သောအဖွဲ့များကို စည်းရုံးသိမ်းသွင်းခြင်း ဖိအားပေးခြင်းစသဖြင့် နည်းလမ်းပေါင်းစုံသုံးပြီးနောက် အချို့အဖွဲ့များအား BGF နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း အချို့အဖွဲ့များကို ပြည်သူ့စစ်အဖြစ်လည်းကောင်း အချို့အဖွဲ့များအား လက်နက် ဖြုတ်ခြင်း လက်မခံသည့်အဖွဲ့များ ကွဲထွက်အင်အားလျော့နည်းစေခဲ့ခြင်းတို့အား ဆောင်ရွက်နိုင်ခဲ့ရာ တစုံတရာ အကျိုးရှိခဲ့ သည်ဟု ဆိုနိုင်သည်။
သို့ဖြစ်ရာ ဤအတွေ့အကြုံများအား ဆက်လက်သယ်ဆောင်ကာ အချို့အဖွဲ့ကို ငြိမ်းချမ်းရေးယူ၍ အချို့အဖွဲ့အား အပြုတ် တိုက်မည်ဆိုပါက ဖြစ်နိုင်ဖွယ်ရှိသည်ကို ထည့်သွင်းစဉ်းစားကြဖွယ်ရှိသည်။ သို့ဖြစ်ရာ ဤသို့ခွဲခြား၍ အပြုတ်တိုက်ရေး စဉ်း စားမှုသည် ဖြစ်နိုင်ဖွယ်ရှိမရှိ ပြီးခဲ့သော အတွေ့အကြုံများကို ပြန်လည်သုံးသပ်၍ စဉ်းစားသုံးသပ်ကြည့်ရမည် ဖြစ်ပါသည်။
KNU ဒေသစစ်ဆင်ရေး
၁၉၈၉ ခုနှစ်နောက်ပိုင်း တိုက်ပွဲကြီးများ အများအပြားဖြစ်ပွားသည်မှာ KNU ထိန်းချုပ်ရာ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင်ဖြစ်သည်။ မဲသဝေါ၊ မဲလ၊ မော်ဖိုးကေ၊ ပွိုင့် ၄၀၄၄ ခေါ် ခွေးအိပ်တောင် ခေါ် ထွီဖါးဝီကျိုး၊ မာနာပလော စ သည့်တိုက်ပွဲကြီးများသည် လူသိများသည့် တိုက်ပွဲကြီးများဖြစ်သည်။ ပြင်းထန်သော အကျအဆုံးများသော အချိန်ကြာ မြင်စွာတိုက်ရသောတိုက်ပွဲကြီးများ ဖြစ်ခဲ့သည်။ စစ်ဘေးဒုက္ခသည် သိန်းနှင့်ချီ၍ ထွက်ပေါ်ခဲ့သော တိုက်ပွဲကြီးများလည်း ဖြစ်သည်။
သို့သော် ဤသို့ တဖွဲ့တည်းခွဲ၍ ဖိဖိစီးစီးတိုက်ခဲ့၍ KNU အား အပြုတ်တိုက်နိုင်ခဲ့သလောဟု ဆိုလျှင် အပြုတ်မတိုက်နိုင်ခဲ့ပါ။ KNU ၏ အခိုင်အမာစခန်းအချို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းသာ ရှိခဲ့သည်ကို တွေ့ရသည်။ ဤကား လက်တွေ့ တွေ့ မြင်ရသည့် ရလဒ်ဖြစ်ပါသည်။
တကယ်တမ်း KNU အထိနာခဲ့ခြင်းမှာ ထိုစစ်ဆင်ရေးတိုက်ပွဲများကြောင့် မဟုတ်ပေ။ ၁၉၉၄ ခုနှစ်၌ ဘာသာရေးကို အခြေ ခံပြီး ဗုဒ္ဓဘာသာကရင်များက DKBA ဟူ၍ အင်အား ၄၀၀၀ ခန့် ခွဲထွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသို့ ခွဲထွက်ခဲ့သော DKBA အင်အားစုများသည် အစောပိုင်းက တပ်မတော်နှင့် ပူးပေါင်း၍ပင် KNU အား တိုက်ခိုက်ခဲ့သေးသည်ကို တွေ့ရ
သည်။
ဤသို့ နိုင်ငံရေးအရ ဘာသာအရ ထိုးနှက်ခံရ၍ KNU သည် မူလအင်အားထက် တဝက်ခန့်လျော့ကျသွားသည့်ပြင် တဖွဲ့ တည်းလိုလို ဦးတည်တိုက်ခိုက်ခြင်းခံနေရသည်။ ထိုစဉ်က KNU နှင့်အတူတွဲ၍ တိုက်ခိုက်သည့် တပ်ဖွဲ့မှာ ABSDF သာရှိ သည်ကို တွေ့ရသည်။ သို့သော် လက်တွေ့ရလဒ်အရ KNUအနေနှင့် စခန်းအချို့နယ်မြေအချို့လက်လွှတ်ခဲ့ရသော်လည်း ပြုတ်သွားခြင်းတော့မရှိပေ။
သို့ဖြစ်ရာ ယနေ့ကာလတွင် ကျန်သောလက်နက်ကိုင်အဖွဲ့များအား ထိန်းထားပြီး အဖွဲ့တဖွဲ့ သို့မဟုတ် အဖွဲ့အချို့အား အပြုတ်တိုက်နိုင်မည်ဟု စဉ်းစားခြင်းသည်လည်း ပြီးခဲ့သော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေ နည်းပါးလွန်းသည်ဟု ဆိုရပါ မည်။ အပြုတ်တိုက်ရေးကို ဖြစ်နိုင်သည်ဟု စဉ်းစားကြသည်မှာ အထက်ပါ အကြောင်းအချက် ၂ ခုဖြစ်သော သာလွန် သော လက်နက်စွမ်းရည်နှင့် ခွဲခြား၍ အင်အားကွဲအောင်လုပ်ပြီး တိုက်ခိုက်ခြင်းအပေါ်မူတည်သည်ဟု ဆိုရပါမည်။
အပြုတ်တိုက်ရေးနှင့် ပတ်သက်၍ ပြည်ပ အတွေ့အကြုံများအရ အနှီးခေတ်၌ လက်ညိုးထိုးပြလေ့ရှိသောနိုင်ငံမှာ သီရိလ င်္ကာနိုင်ငံဖြစ်သည်။ သို့သော် ရေပတ်လည်ဝိုင်းနေသော သီရိလင်္ကာကျွန်းနိုင်ငံပေါ်တွင်သာ အောင်မြင်ခဲ့သည်ကို နေရာတကာ ပုံတူကူးချ၍ မရနိုင်ပေ။ တောတောင်ထူထပ်၍ နိုင်ငံချင်းဆက်နေသော နိုင်ငံများတွင် ထိုနည်းတူ ထပ်တူ ကျင့်သုံး အောင်မြင်ရန် ခက်ခဲပေသည်။ ထို့ပြင် တမီလ်သူပုန်များ ကျရှုံးရသည့်မှာ စစ်ရေးသက်သက်ကြောင့်သာ မဟုတ်ဘဲ အိန္ဒိယဝန်ကြီးချုပ်အား လုပ်ကြံခဲ့သည့် နိုင်ငံရေးအမှားကို ကျူးလွန်ခဲ့သည်က အကြောင်းချက်တခုဖြစ်ခဲ့သည်။
မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နယ်စပ်များကို အားပြုထားပြီး ထိုနယ်စပ်ရှိ တိုင်းပြည်များ ဖြစ်သော တရုတ်၊ ထိုင်းတို့နှင့် ယခုအခါ မည်မျှ ဆက်ဆံရေးကောင်းအောင်တည်ဆောက်သည် ဆိုစေကာမူ သမိုင်းတလျှောက်ရှိခဲ့သည့် အကျိတ်အခဲများ ဖြေဖျောက်ရန် လိုအပ်နေသေးသည်ကိုလည်းကောင်း ထိုနိုင်ငံများအတွင်း နယ်နိမိတ် တလျှောက်တွင်လည်း မြန်မာပြည်တွင်း ပုန်ကန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားများနှင့် မျိုးတူတိုင်းရင်းသားလူမျိုးများ နေကြသည်ကို လည်းကောင်း ဂရုပြုကြရန်နှင့် ထည့်သွင်း တွက်ချက်ကြရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ မတူသော မြေပြင်အနေအထား မတူသော နိုင်ငံတကာအနေအထားများကို ထည့်သွင်းတွက်ချက်ခြင်း မပြုဘဲ သီရိလင်္ကာအား ပုံတူကူးချ ဥပမာပြုရန် မဖြစ်နိုင်ပေ။ ဥပမာပြုလိုပါက မြန်မာပြည်နှင့်ရေမြေတောတောင် သဘာဝတူနိုင်ငံတ ကာဆက်စပ်ပတ်သက်မှုတူသော နိုင်ငံများအား ဥပမာပြုရန် လိုသည်။ ထိ့ုပြင် မြန်မာပြည်၏ထူးခြားချက်များကို ထည့်သွင်း စဉ်းစားရန်လည်း လိုပါသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့တဖွဲ့ချင်းအရ တပ်မတော်ထက် အင်အားနည်းသည့် အပြင် သမိုင်းအတွေ့အကြုံများအရ ခွဲခြားတိုက်ခိုက်ခြင်း မခံရအောင် မဟာမိတ်တပ်ပေါင်းစုများကို ကြိုးစားဖွဲ့စည်းတည် ဆောက်နေကြသည်။ သို့ဖြစ်ရာ တဖွဲ့ချင်း ခွဲထုတ်တိုက်ခိုက်နိုင်ရန် ဖြစ်နိုင်ခြေ နည်းပါးသည်။ တဖွဲ့အတိုက်ခံရပါက အခြား အဖွဲ့များပါ စုစည်းတိုက်ခိုက်လာမည့် တနွယ်ငင်၍ တစင်ပါမည့် အလားအလာက ပို၍များနေသည်။ ၎င်းအဖွဲ့များ အနေ နှင့်လည်း ၎င်းတို့ရှင်သန်ရေးအတွက် သမိုင်းအတွေ့အကြုံများကို သုံးသပ်၍ ပြင်ဆင်နေကြသည်ကို သတိပြုရန် လိုအပ် ပါသည်။
အပြုတ်တိုက်ရေး
တကယ်တမ်း လက်ရှိအနေအထားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပြုတ်တိုက်ရန် ဖြစ်နိုင်ခြေ နည်းပါး သည်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏စစ်အင်အား၊ စစ်လက်နက်အင်အား အခြေအနေများအရ တပ်မတော်အား အပြုတ်တိုက်နိုင်ရန်မှာ ဖြစ်နိုင်ခြေမရှိချေ။ တိုင်းရင်းသားလက်နက်ကိုင်များအဖို့ မိမိဒေသ၊ မိမိပြည်နယ်တွင် နိုင်ငံရေးအရ လူထုထောက်ခံမှု ရယူနိုင်သေးသော်လည်း ပြည်မဒေသ လူထု၏ထောက်ခံမှုရရန် မဖြစ်နိုင်ချေ။ ထို့ ပြင် စစ်အင်အားတိုးချဲ့ရန်နှင့် စစ်စရိတ်ဖြည့်တင်းနိုင်ရန် အကန့်အသတ်ရှိပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဖို့လည်း မိမိဒေသအတွင်း၌ လူထုထောက်ခံမှု ရယူခြင်းနှင့် နယ်မြေဒေသကျွမ်း ကျင်မှု အားသာချက်ကို ကိုင်စွဲပြီး ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ရှင်သန်နိုင်သော်လည်း တပ်မတော်အား အပြုတ် တိုက်ရန် ဖြစ်နိုင်ခြေမရှိပေ။ ထို့ကြောင့်လည်း ဤသို့သော မျှခြေတွင် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေးသာ အသင့် တော်ဆုံးနည်းလမ်းဖြစ်လိမ့်မည်ဟု ယူဆကြရသည့် အကြောင်းအချက်တချက်ဖြစ်သည်။
ပြည်တွင်းပဋိပက္ခနှင့် နိုင်ငံတကာပတ်သက်မှု
လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် ရွာကြီးဖြစ်နေပြီဟု ဆိုကြသည့်အတိုင်း ပြည်တွင်းရှိပြဿနာတို့သည် အထီးတည်ရှိမ နေဘဲ နိုင်ငံတကာသို့ ယှက်နွယ်၍ ဆက်စပ်ပတ်သက်နေသည်ကို ရှောင်လွှဲ၍မရပေ။ တိုင်းပြည်တခု၏ တရားဝင်အစိုးရနှင့် တပ်မတော်သာ နိုင်ငံတကာနှင့် ဆက်စပ်ပတ်သက်နေသည်မဟုတ်ဘဲ ပုန်ကန်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် လည်း နိုင်ငံတကာနှင့် ဆက်စပ်ပတ်သက်နေပေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် သူတို့၏လှုပ်ရှားမှုများ ထောက်ခံစာနာပေးမည့် နိုင်ငံတကာ အင်အားစုများ ကို ရှာဖွေစည်းရုံး သိမ်းသွင်းထားကြသည်။ နိုင်ငံတကာမှ အစိုးရ၏အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည်လည်း အကြောင်း ကြောင်းများစွာဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ပါဝင်ဆက်နွယ်နေကြသည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး၊ ဘာသာရေး စသည့်ခေါင်းစီးများစွာဖြင့် ပါဝင်ပတ်သက်မှုရှိကြသကဲ့ သို့ နယ်စပ်တည်ငြိမ်ရေး မိမိတိုင်းပြည်တွင်း စစ်မက်မကူးစက်ရေးအတွက်လည်း ပါဝင်ပတ်သက်ကြသည်။ ထို့ပြင် မိမိ တိုင်းပြည်အကျိုးစီးပွားအတွက်လည်း ပါဝင်ပတ်သက်လေ့ရှိကြသည်။ ဤကား ရှောင်လွှဲ၍ မရသည့် မျက်ကွယ်ပြု၍မ ရသည့် အကြောင်းအချက်များဖြစ်သည်။
ဤသို့ နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုများလေ ပြည်တွင်းစစ်သည် ပိုမိုပြင်းထန်သည်ကို သတိပြုရန်လိုသည်။ လက်ရှိ ဆီးရီးယားကို ကြည့်ပါက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှသည် ပြည်ပစွက်ဖက်မှု များပြားသဖြင့် ကြီးမားသည့် လက် နက်ကိုင်ပဋိပက္ခများ ရှည်ကြာစွာ ဖြစ်ပွားနေပြီး တိုင်းပြည်လည်း ပြာပုံဖြစ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်လည်း သန်းနှင့်ချီခဲ့ပေ သည်။ ပြည်ပစွက်ဖက်များပါလာပါက အစိုးရ၏သာလွန်သည့်လက်နက်အင်အားကို ထိန်းညှိရန် လက်နက်ကိုင်သူပုန်များ ကို စစ်လက်နက်ထောက်ပံ့ကြပေရာမှ အပြန်အလှန် စစ်လက်နက်စွမ်းရည်မြှင့်တင်ကြခြင်းဖြင့် စစ်ပွဲ၏ထိခိုက်ပျက်စီးမှုက အတောမသတ်နိုင်တော့ပေ။
ဆီးရီးယားပြည်တွင်းစစ်မှ မိမိတို့အနေနှင့် ကောင်းစွာ သင်ခန်းစာယူသင့်သည်။ အပြုတ်တိုက်ရေး ကြံရွယ်ချက်ဖြင့် ပြည် တွင်းစစ်ပွဲ ကြာရှည်ပြင်းထန်ပါက ပြည်ပစွက်ဖက်မှုများ ထိန်းညှိမှုများ ပေါ်ပေါက်လာနိုင်ပြီး ထိန်းမနိုင် သိမ်းမရသည့် စစ်ပွဲများ မြို့ရွာများစွာ ပျက်စီးဆုံးရှုံးမှုများဖြင့် နလံမထူသည့်နိုင်ငံ (failed state ) ဖြစ်သွားနိုင်သည်ကို ဂရုပြုကြရန် လိုအပ် ပေသည်။
သို့ဖြစ်ရာ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကျင့်သုံးမည့် အပြုတ်တိုက်ရေး ဖြစ်နိုင်ခြေနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ထည့်သွင်းတွက်ချက်ကြရန် လိုအပ်ပါသည်။ ထို့ပြင် လက်ရှိစားပွဲဝိုင်းဆွေးနွေးပွဲ ကာ လတွင်လည်း အသာစီးရရန် သို့တည်းမဟုတ် တဖက်၏သဘောထားကို တဖက်က လက်ခံလာစေရန် စစ်ရေးအရ ဖိအား ပေးသည်ကိုလည်း ရပ်တန့်ရန် လိုသည်။ အကန့်အသတ်ဖြင့် စစ်ဆင်ကြသည်ဆိုသော်လည်း အကန့်အသတ်မဲ့ဖြစ်သွား နိုင်သည်ကို ထည့်သွင်းစဉ်းစားကြရန် လိုပါသည်။
စစ်သည် နိုင်ငံရေး၏အဆက်ဖြစ်သည်။ နိုင်ငံရေး ပြဿနာ ဖြေရှင်းကြမည်ဆိုလျှင် နည်းလမ်းပေါင်းစုံ ထည့်သွင်းစဉ်းစား ကြမည်သာဖြစ်သည်။ မည်သည့်နည်းလမ်းကို စဉ်းစားသည်ဖြစ်စေ ဘက်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံအား ထည့်သွင်း စဉ်းစား၍လည်းကောင်း ဖြစ်လာနိုင်သည့် အဆိုးအကောင်း၊ အကျိုးဆက်များကို ထည့်သွင်းစဉ်းစား၍လည်းကောင်း မည် သည့်နည်းက တိုင်းပြည်နှင့်ပြည်သူ့အတွက် အကောင်းဆုံးဖြစ်မည်ဆိုသည်ကို သက်ဆိုင်သူအားလုံးက ထည့်သွင်းတွက် ချက်ကြရန် လိုအပ်ပေလိမ့်မည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ပြည်တွင်းစစ်နှင့် အပြုတ်တိုက်ရေး (၁)