နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေအပေါ် မူတည်နေပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ သူတို့ ပါဝင်ဆောင်ရွက်နိုင်မှ တောက်ပတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာပါ။ လူ့စွမ်းအား ရင်းမြစ်တခု ဖြစ်တဲ့ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်နေတဲ့ အထဲမှာ “မူးယစ်ဆေးဝါး” ပြဿနာက ထိပ်ဆုံးက ပါဝင်နေပါတယ်။ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတဲ့ လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်ခံစားနေရပါတယ်။
မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှုတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လုံခြုံမှုကိုပါ ခြိမ်းခြောက်လာနေ ပါတယ်။ ထင်သာတဲ့ ဥပမာတွေ ပြရရင် တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတယောက်က ဆေးစွဲပြီး မိခင်ရင်းကို ဓားနဲ့ထိုး၊ လက်ကောက်တွေ ဆွဲချွတ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ပါ။ ကံကောင်း ထောက်မလို့ မိခင်ဖြစ်သူက အသက် သေဆုံးတဲ့အထိ မဖြစ်ခဲ့ပါဘူး။
ရှမ်းပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာတော့ မူးယစ်ဆေး စွဲနေတဲ့ဖခင်က ဆေးကြောင်ပြီး သား၊ သမီး အရင်း ၅ ယောက်ကို ဓားနဲ့ ခုတ်ခဲ့တာကြောင့် သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ခဲ့တာပါ။
ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးပြားတွေ အလွယ်တကူ ဝယ်ယူလို့ ရနေတာက မူယစ်ဆေး သုံးစွဲမှုကို မြင့်မားစေသလို နောက်ဆက်တွဲ ပြဿနာကိုလည်း ပိုမိုဆိုးဝါးစေပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရေးကို အစိုးရသစ် လက်ထက်မှာ အရှိန်ယူ လုပ်ဆောင်နေတာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပမာဏ များပြားပြီး သိန်းပေါင်း သောင်းချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ အခါ ပိုင်ရှင်မဲ့ ဖြစ်နေတတ်တာက ဘဝင်မကျစရာပါ။
ယမန်နှစ်အတွင်း မန္တလေး တိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတယ် လို့ သတင်းကြီးနေတဲ့ နေရာကို ရဲတပ်ဖွဲ့ဝင် အများအပြားက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒါပေမယ့် အဓိက ရောင်းဝယ်ဖောက်ကားသူ တယောက်ကိုမှ ဖမ်းမမိခဲ့ဘဲ ဆက်နွှယ်နေသူ အနည်းအကျဉ်းကိုပဲ ဖမ်းမိခဲ့တာက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
နောက်တခု စောဒက တက်စရာရှိတာက ဆေးခြောက်၊ စိတ်ကြွဆေးပြား အနည်းငယ် လက်ဝယ်တွေရှိသူ တွေကို ဖမ်းဆီးထောင်ချနိုင်ပြီး အကြီးအကျယ် ရောင်းဝယ် ဖောက်ကားသူတွေကို အရေးမယူနိုင် သေးတာက ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ် လူငယ်တွေအတွက် ရင်လေးစရာပါ။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့က တနင်္သာရီ တိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ပိုင် ပင်လယ်ရေပြင်ပိုင်နက်မှာ ကျပ်သိန်း ၁ သောင်း ၈ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ စက်လှေပေါ်က လှေလုပ်သားတချို့ကို ဖမ်းဆီးရမိခဲ့ပေမယ့် အဓိကတရားခံ မိ၊ မမိ မသေချာသေးပါဘူး။
ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ တာချီလိတ်မြို့က ကုန်စည်ပို့ဆောင်ရေး ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဘိန်းဖြူဘလောက်တုံး ၁၄၁ တုံးကို ရှာဖွေဖမ်းဆီးမိခဲ့ပါတယ်။ အဲ့ဒီနေ့ နေ့လည်မှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ကွမ်ဟိန်းမြို့နယ်၊ စစ်ဆေးရေး ဂိတ်အနီး ကားတစင်းပေါ်ကနေ သိန်းပေါင်း ၅ သောင်းကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွဆေးပြားတွေ ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ဖမ်းဆီးမိသူ ၂ ယောက်ဟာ ကယ်ရီ သယ်ဆောင်ပေးသူတွေသာ ဖြစ်ပြီး အဓိကတရားခံဟာ ထွက်ပြေး လွတ်မြောက်နေ ပါတယ်။ ဒီဇင်ဘာလ ၁ လ အတွင်းမှာပဲ အရေအတွက် အားဖြင့် သိန်းချီရှိနေတဲ့ စိတ်ကြွ ဆေးဝါးတွေကို ပြည်၊ ရန်ကုန်၊ ရသေ့တောင်နဲ့ မောင်တောမြို့တွေမှာ ဖမ်းဆီးမိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။
မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဖြန့်ဖြူးသူတွေဟာ အရေးကြီးတဲ့ ပြစ်မှုကျူးလွန်းသူတွေ ဖြစ်လို့ သူတို့ကို ဖမ်းဆီးနိုင်ရေး အခုထက်ပိုပြီး လုပ်ဆောင်သင့်ပါတယ်။ အရင်အစိုးရတွေ လက်ထက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ရာက ရတဲ့ တရားမဝင် ငွေမည်းတွေ အိမ်၊ ခြံမြေ ဈေးကွက်ထဲ စီးဝင်ခဲ့လို့ အိမ်ဈေး၊ မြေဈေးတွေ အဆမတန် တက်ခဲ့ဖူးပါတယ်။ မူးယစ်ဆေးဝါးနဲ့ ငွေမည်းခဝါချမှုတွေဟာ ဆက်စပ်နေတာမို့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။
ပြည်သူကနေ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရသစ် အနေနဲ့ မူးယစ်ရာဇာတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေး တွေကို ခွင့်မပြုသင့်သလို ငွေမည်းခဝါချမှုကို တိုက်ဖျက်ဖို့ပါ ကြိုးစားသင့်ပါတယ်။ မူးယစ်ရာဇာတွေ အနေနဲ့ ပြည်ပ နိုင်ငံတွေမှာ ဘဏ်စာရင်း ဖွင့်ထားတာတွေ ရှိ၊ မရှိကိုပါ စုံစမ်းသင့်တာပါ။
မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်ဖောက်ကား နေသူတွေသာ အလွန်အမင်း ချမ်းသာကြွယ်ဝ သွားကြပြီး သုံးစွဲသူတွေ လူညွှန့်တုံး နေရတာဟာ စဉ်းစားကြည့်ရင် တော်တော်ထိတ်လန့်စရာ ကိစ္စပါ။ အရင်းအမြစ် ကျတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် သူတွေကို ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ ကိုင်းဖျားကိုင်းနား တွေကိုပဲ အရေးယူနေရင် တိုးတက်မှု ရှိလာမှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာပဲ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရဲတပ်ဖွဲ့ဝင် တဦးကို မူးယစ်ဆေးသုံးစွဲမှု တွေ့ရလို့ ဖမ်းဆီး စစ်ဆေးနေတဲ့သတင်း ဖတ်လိုက်ရပါတယ်။ ပြည်သူကို လုံခြုံမှုပေးရတဲ့ ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် မူးယစ်ဆေးသုံးစွဲတာဟာ ဘယ်လောက်အထိ အန္တရာယ်ရှိနေပြီဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။
ကချင်ပြည်နယ်မှာ ဆိုရင် မူးယစ်ဆေးစွဲမှု ပြဿနာဟာ တော်တော်လေး ကြီးထွားလာနေပြီး HIV ပိုးကူးစက်ခံနေရသူ အရေအတွက် များလာနေတယ်လို့လည်း သတင်းတွေထဲမှာ ဖတ်ရှုရပါတယ်။ မူးယစ်ဆေး စွဲနေသူတွေကို ပတ်ဝန်းကျင်က ပစ်ပယ်တာနဲ့ စာရင် သူတို့ကို လူသစ်စိတ်သစ်နဲ့ ဘဝမှာရှင်သန်နိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေး တာက ပိုကောင်းမွန်ပါလိမ့်မယ်။ မူးယစ်ဆေး ဖြတ်တဲ့နေရာတွေ၊ စခန်းတွေကို ပိုမိုတည်ထောင် သင့်သလို အဲ့ဒီအတွက် နိုင်ငံတော်က ငွေကြေးပံ့ပိုးမှုကို အရှိန်မြှင့်သင့်ပါတယ်။ ထုတ်လုပ် ဖြန့်ဖြူးသူတွေ ရှိနေလို့သာ မူးယစ်ဆေးဝါး သုံးစွဲသူတွေရှိနေတာကို မမေ့သင့်ပါဘူး။
အင်ဒိုနီးရှား အစိုးရဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ပြတ်ပြတ်သားသား ကိုင်တွယ်တာကို မီဒီယာတွေကနေ တဆင့် သိရှိရပါတယ်။ နိုင်ငံထဲကို မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ သြစတြေးလျ နိုင်ငံသား တယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါကို သြစတြေးလျအစိုးရက သူ့နိုင်ငံသားရဲ့ အသက်ချမ်းသာရာ ရဖို့ ဥပဒေဘောင် အတွင်းက အစွမ်းကုန် ကြိုးစားပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါး နှိမ်နှင်းရေးမှာ ပြတ်ပြတ်သားသား ကိုင်တွယ်တဲ့ အင်ဒိုနီးရှားအစိုးရက အလျှော့မပေးခဲ့ဘဲ မူးယစ်ဆေးဝါးမှု ကျူးလွန်သူကို ဥပဒေအတိုင်း သေဒဏ် စီရင်ခဲ့တာပါ။ ဒီနေရာမှာ သြစတြေးလျ အစိုးရရော၊ အင်းဒိုနီးရှား အစိုးရပါ သူတို့တာဝန်သူတို့ ကျေပွန်ခဲ့ကြပါတယ်။
ဥပဒေတရပ်ဟာ ထုတ်ပြန်ထားရုံနဲ့ မလုံလောက်ပါဘူး၊ အဲဒီ ဥပဒေအတိုင်း တိတိကျကျ လိုက်နာမှသာ “တရားဥပဒေ စိုးမိုးရေး” ပီပြင်လာမှာပါ။ နှစ်ပေါင်းများစွာ ကြာအောင် အမြစ်တွယ်နေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်ရမှာပါ။
မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၂၀ (ခ) မှာ “မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ရန် ဆက်သွယ်ခြင်း တို့ကို မည်သူမဆို ပြုလုပ်ပါက ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ် အကန့်အသတ်မရှိ ထောင်ဒဏ်အထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။
နိုင်ငံ့အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ရာဇဝတ်မှုတွေ ထူပြောလာအောင် အားပေးနေတဲ့ မူးယစ်ဆေးဝါးပြဿနာကို ဦးစားပေး ဖြေရှင်းနိုင်မှ၊ တဖက်က အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်မှသာ ပြည်သူ့အစိုးရတရပ်ရဲ့ တာဝန်ကျေပွန်မှာ ဖြစ်ပါကြောင်း သုံးသပ်မိပါတယ်။
(သွေး (စစ်ကိုင်း) သည် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦးဖြစ်ပြီး ပညာရေး၊ လူမှုရေး၊ သဘာဝ၀န်းကျင်ရေးရာ ဆောင်းပါးများ ရေးသားလျက်ရှိသည်။)