ပက်ခ် တယ်ဂူ နဲ့ မူဆီမြစ်

Karim Raslan
ပက်ခ် တယ်ဂူ၏ ကျေးရွာ လှေဆိ / Karim Raslan
Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြာ တောင်ပိုင်းပြည်နယ်၏ မြို့တော် ပလမ်ဘန် (Palembang) မြို့၏ ထင်ရှားသော မူဆီ (Musi) မြစ်မှ နောက်ကျိသော ရေများကို ထိုးခွဲဖြတ်သန်းနေသည့် ကျနော်လိုက်ပါလာသော စက်လှေက ၆ မီတာရှည်ပြီး သစ်သားကိုယ်ထည်နှင့် ဖြစ်ပါသည်။

ကီလိုမီတာ ၇၅၀ ရှည်လျားသည့် မူဆီမြစ်က ဆူမတြာ၏ အရှည်ဆုံး မြစ်ဖြစ်ပြီး ဘန်ကူလူ (Bengkulu) ပြည်နယ် အနောက်ပိုင်း တောင်တန်းများတွင် မြစ်ဖျားခံခဲ့သည်။ အသက် ၆၄ နှစ်အရွယ် လှေသမား ပက်ခ် တယ်ဂူ (Pak Teguh) က ပဲ့ကိုင်ပြီး ကျနော်တို့ကို အသံတွေ ဆူညံနေသော အီနမ်ဘလက်စ် အီလာ (Enambelas Ilir) ဈေးကြီးနှင့် ဝေးရာသို့ ခေါ်ဆောင်သွားသည့် အချိန်တွင် နီညိုရောင် အမ်ပရာ (Ampera) တံတားကြီးက ကျနော်တို့ နောက်တွင် ကျန်ရစ်ခဲ့သည်။

ပက်ခ် တယ်ဂူ

ကျနော်တို့က မြစ်၏ အခြားတဘက် လှေသမားကြီး ပက်ခ် တယ်ဂူ၏ ကမ်ပန် တီဂါ အူလူ (Kampung Tiga Ulu) ရွာသို့ သွားနေကြခြင်းဖြစ်သည်။ ကြီးမားသည့် ပင်လယ်ကူးကုန်တင် သင်္ဘောကြီးများ၊ ဖောင်များနှင့် ဆွဲသင်္ဘောများ၊ တခြား ရေယာဉ်များကြားမှ လူးကာလွန့်ကာ ဖြတ်သန်းသွားရသောခရီးက စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။

ကျယ်ပြန့်သော နုန်းမြေလွင်ပြင် ဖြစ်သည့် ဆူမတြာ၏ အရှေ့ဘက်ကမ်းရိုးတန်းက နုန်းမြေများပို့ချပေးရာ ကမ်ပါ (Kampar)၊ ဘာတန်ဟရီ (Batanghari) နှင့် ဆီအစ် (Siak) အစရှိသော မြစ်များနှင့် အံ့အားသင့်ဖွယ်ရာများ တသီတတန်းရှိနေသည်။ သီရိဝိဇယ (Srivijaya) ဗုဒ္ဓဘာသာ အင်ပါယာ အတွင်း၌ ရှိခဲ့သော မူဆီမြစ်မှာမူ ယနေ့ခေတ် စီးပွားရေး အဟုန်နှင့်အညီ တိုးတက်နေသလို သမိုင်းနှင့် ဒဏ္ဍာရီများလည်း ရောနှော၍ နေပါသည်။

ကျနော့် မျက်လုံးများကို ခန ပိတ်ထားလိုက်ပြီး ၇ ရာစုဆီသို့ အချိန် နောက်ပြန် သွားကြည့်မိသည်။ ကျနော့်ကိုယ် ကျနော် တရုတ်နိုင်ငံ ဂေါင်ဇု (Guangzhou) မှ သီရိဝိဇယ၏ မြို့တော် ပလမ်ဘန်သို့ ခရီးရှည်ကြီး နှင်လာပြီးနောက် အနားယူနေသော ခရီးသည်တဦး (ဟင်းခတ် အမွှေးအကြိုင်များနှင့် သစ်မွှေး ကုန်သည်တဦးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) အဖြစ် စိတ်ကူးယဉ်ကြည့်မိပါသည်။ ကျနော်က ချမ်းသာကြွယ်ဝသည့် မာဂဓမြို့တော် နာလန္ဒာ (Nalanda) သို့ သွားသည့် လမ်းပေါ်တွင် ဖြစ်သည်။ နာလန္ဒာကို ဗုဒ္ဓဘာသာ ပညာရှင်များ၏ အချက်အချာ နေရာအဖြစ် သိထားကြပါသည်။

ပက်ခ် တယ်ဂူ၏ ကျေးရွာ

ကျနော်တို့ ခရီးသွားအဖွဲ့အတွင်းတွင် အိချင် (I Ching) ဟုခေါ်သည့် တရုတ် ရဟန်းငယ်လည်း ပါကောင်း ပါနေနိုင်ပါသည်။ သူက နောက်ပိုင်းတွင် တရုတ်နိုင်ငံ၌ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာများကို ဘာသာပြန်ရာတွင် အကျော်ကြားဆုံးသူ ဖြစ်လာပါသည်။ နောက် ၂၅ နှစ်ခန့်အကြာ အေဒီ ၆၉၅ ခုတွင် လျိုယန် (Luoyang) မြို့မှ ဘုရင်မ ဝူကျဲရှန် (Wu Zetian) ၏ ဝေဖန် ပြစ်တင်မှုကို ခံခဲ့ရသူလည်း ဖြစ်သည်။

ကုန်သွယ်ရေး၊ ပညာရပ်ဆိုင်ရာနှင့် စက်မှုလုပ်ငန်း၏ အချက်အခြာတခု အဖြစ် ကာလရှည်ကြာစွာ ရှိခဲ့သော ပလမ်ဘန်၏ သမိုင်းကြောင်းက ရှေးဟောင်း အင်ဒိုနီးရှားနိုင်ငံ နူစန်တြာ (Nusantara) မှသည် အယုဒ္ဓယ၊ ခမာမှသည် မလက္ကာ နှင့် ၁၃ ရာစု နှင့် ၁၆ ရာစုကြား ပေါ်ထွန်းခဲ့သည့် ဂျာဗားအင်ပါယာ မဂျာပါဟစ် (Majapahit) အထိ ဘုရင့်နိုင်ငံများ အားလုံးနှင့် ရောထွေး ယှက်နွယ်နေသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှ ခိုလာ (Chola) အင်ပါယာ နှင့် တရုတ်နိုင်ငံမှ တန် (Tang) နှင့် ဆွန် (Song) မင်းဆက်များနှင့်လည်း အထူးပြောစရာ လိုမည် မထင်ပါ။

ယခုအခါ မွတ်ဆလင် လွှမ်းမိုးသည့် မြို့တော်တခု ဖြစ်သည့်နေရာသည် တခြားသော ကုန်သွယ် ဆိပ်ကမ်းများကဲ့သို့ပင် တချိန်က အသွေးအရောင် စုံလင်ခဲ့သည်။ ပါရမိဆွာရန် (Parameswaran) ဘုရင် အင်အားကောင်းလာခြင်း နှင့် သီရိဝိဇယ ပျက်သုန်းခြင်းများ နောက်တွင် ပလမ်ဘန် (Palembang) ကို တရုတ် ပင်လယ်ဓားပြများက အုပ်ချုပ်ခဲ့ကြသည်။ တရုတ် မင် (Ming) မင်းဆက်မှ ရေကြောင်းဗိုလ်ချုပ် ချန်ဟို (Cheng Ho) ၏ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ ဗြိတိသျှ တို့ကပင်လျှင် ပလမ်ဘန် (Palembang) ကို ဖျက်ဆီးခဲ့ကြသည်။ သို့သော်လည်း ကျနော်၏ နေ့လည်ခင်း အိပ်မက် ရပ်တန့်သွားပြီး လက်ရှိအချိန်သို့ ကျနော် ရုတ်တရက် ပြန်လည် ရောက်ရှိလာပါသည်။

ပက်ခ် တယ်ဂူ၏ ကျေးရွာသို့ ကျနော်တို့ ရောက်ရှိခဲ့ကြပါသည်။ သူ၏ သားတဦးဖြစ်သော အန်ရှောရီ (Anshori) က ဖြစ်သလို လုပ်ထားပုံရသည့် ဆိပ်ခံဘောပေါ်သို့ ခုန်တက်လိုက်ပြီး ကျနော်တို့ကို လှေပေါ်မှ ဆင်းနိုင်အောင် ပြင်ဆင်ပေးပါသည်။ ပက်ခ် တယ်ဂူက စကားကို ဖြည်းဖြည်းလေးလေး ပြောတတ်သူဖြစ်သည်။ ဖယ်ရီ ရောက်လာဖို့ အချိန် တနာရီပြီး တနာရီစောင့် ဆိုင်းရသည့်တိုင် သူက အေးဆေးငြိမ်သက်စွာ ရှိနေသည်။

“ကျနော် မူဆီမြစ်ကမ်းမှာ ၁၉၇၀ ကတည်းက နေထိုင်ပြီး အလုပ်လုပ်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျနော့်အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်”  ဟု သူကပြောသည်။ ထိုနှစ်များအတွင်းတွင် သူ၏ဘဝ မည်မျှအထိ ပြောင်းလဲခဲ့သနည်းဟု ကျနော်က မေးသည့်အခါ သူက ယဉ်ကျေးသိမ်မွေ့စွာဖြင့် “ကျနော်တို့အတွက် ဘဝက တူတူပါပဲ။ ထူးပြီး ပြောင်းလဲတယ်ဆိုတာ မရှိပါဘူး” ဟု ဖြေပါသည်။

မှန်ပါသည်။ ပညာအရည်အချင်း သို့မဟုတ် အစိုးရအလုပ် ရရှိရန် အဆက်အသွယ် မရှိသော ပက်ခ် တယ်ဂူတို့ကဲ့သို့ မိသားစုမျိုးအတွက် GDP ၆ ရာခိုင်နှုန်း တိုးတက်ခြင်းနှင့် လူဦးရေ ၁ ဒသမ ၆ သန်းရှိသော မြို့တော်တို့က ဘာမှ မဆိုင်သလို ဖြစ်သည်။ ဥပမာပြရလျှင် ဆူလတန် မာမွတ် ဘာဒါရူဒင် ၂ (Sultan Mahmud Badaruddin II) နိုင်ငံတကာလေဆိပ်မှ ဂျကာဘာရင် (Jakabaring) သို့ မြစ်ကို ဖြတ်ကျော်၍ ၂၄ ကီလိုမီတာ ရှည်သော ရထားလမ်း (၂၀၁၈ အရှေ့တောင် အာရှ အားကစားပွဲအတွက် ဖြစ်သည်) ဖောက်လုပ်ခြင်းက အင်ဒိုနီးရှား ရူပီးယား ၁၂ ဒသမ ၅၉ ထရီလီယံ ခန့်ကုန်ကျခဲ့သော်လည်း အလုပ်အကိုင်နေရာ များများစားစား မပေးနိုင်ခဲ့ပါ။ “မီးရထားမှာ အလုပ်လုပ်ဖို့က ကျွမ်းကျင်မှု ရှိဖို့လိုပါတယ်။ ဒါကြောင့် အလုပ်သမားအများစုက ပလမ်ဘန် အပြင်ဘက်ကနေ ရောက်လာကြပါတယ်” ဟု အန်ရှောရီက ရှင်းပြသည်။

ပက်ခ် တယ်ဂူ၏ သား ၆ ယောက်တွင် ၁ ယောက်သာ အထက်တန်းအောင်ပြီး ကျန်သည့် သား ၅ ယောက်မှာ မူလတန်းပင် မအောင်ကြပါ။ မြေး ၁၀ ယောက် အပါအဝင် မိသားစုက ကြီးမားလွန်းသည့်အတွက် ပက်ခ် တယ်ဂူက အလုပ်ကို ကြိုးစားလုပ်ရသည်။ ကံကောင်းသည့် နေ့တွေဆိုလျှင် တနေ့ကို ရူပီးယား ၁ သိန်းလောက် ရပြီး ခရီးသွားရာသီ မဟုတ်သည့် အချိန်များဆိုလျှင် သူ့ဝင်ငွေက ၅ သောင်း လောက်အထိ ကျဆင်းသွားတတ်သည်။ သူတို့မိသားစု၏ အသုံးစရိတ်က တလလျှင် ရူပီးယား သိန်း ၃၀ ကျော်ရှိမည်ဟု ခန့်မှန်းကြည့်မည် ဆိုလျှင် ပက်ခ် တယ်ဂူတို့ မိသားစု  ရင်ဆိုင်နေရသည့် အခက်အခဲကို သိမည်ဖြစ်သည်။ ပက်ခ် တယ်ဂူမှာ မိုဘိုင်းဖုန်း ၁ လုံးတောင် မရှိပါ။ သူ့သား အကြီးဆုံး၏ ဇနီးမှာတော့ ရှိပါသည်။

၃ နှစ်ကြာ ကုန်ကူးရင်း စုဆောင်းခဲ့သည့် ငွေများဖြင့် ပထမဆုံးသော လှေကို ပက်ခ် တယ်ဂူ ဝယ်ယူခဲ့ပါသည်။ အကယ်၍ ယခုအချိန်တွင် ထိုလှေကို လှေသစ်နှင့် လဲမည်ဆိုလျှင် ရူပီးယား သိန်း ၂၀ဝ မျှ ကုန်ကျမည် ဖြစ်သည်။ သို့သော်လည်း သူ့လှေကို သူ၏ မျိုးဆက်များကို လက်ဆင့်ကမ်းပေးနိုင်ရန် ပက်ခ် တယ်ဂူက မျှော်လင့်နေဆဲ ဖြစ်ပါသည်။

ပက်ခ် တယ်ဂူ၏ အခြေအနေက တိုးတက်သော အနာဂတ်များ ရှိနေသည့် တခြားသော ပလမ်ဘန်မြို့ခံ အများစု၏ အခြေအနေကို ရောင်ပြန် ဟပ်ပြနိုင်ခြင်း မရှိပါ။ သူတို့က တလလျှင် လစာ (ပလမ်ဘန်မြို့၏ အခြေခံလစာ သတ်မှတ် နှုန်းထားအတိုင်း) အနည်းဆုံး ရူပီးယား ၂၄၈၄၀ဝ၀ ရရှိနေသူများ ဖြစ်သည်။ ထိုနှုန်းက အရှေ့ဂျာဗား မြို့များဖြစ်သည့် မာလန် (Malang) (အခြေခံလစာ ရူပီးယား ၂၂၇၂၁၆၇) သို့မဟုတ် ဂျွမ်ဘန် (Jombang) (အခြေခံလစာ ရူပီးယား ၂၀၈၂၇၃၀) တို့ထက် အနည်းငယ် သာလွန်သည်ဟု သူတို့က ပြောသည်။

နုန်းမြေပေါ်တွင် ဆောင်လုပ်ထားသော ပက်ခ် တယ်ဂူ၏ ခနော်ခနဲ့  အိမ်ငယ်လေးအတွင်းတွင် အဝတ်အစားများ၊ ဖျာများ၊ ခေါင်းအုံးများနှင့် ပြည့်ကျပ်နေသည်။ သို့သော်လည်း ၎င်းတို့ကို သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားသည်။

“အရင်ကဆိုရင် ဒီနေရာက ရွှံ့ဗွက်တွေပဲ ရှိတယ်။ ဘယ်သူမှ ဒီမှာ မနေချင်ကြဘူး။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့ အခါကျတော့ ပလမ်ဘန်မှာ အလုပ်လုပ်တဲ့ သူတွေ ဒီကို ရွှေ့လာကြတယ်။ ဘာကြောင့်လဲဆိုတော့ မြစ် ဒီဘက်ကမ်းက အိမ်တွေက ဈေးသက်သာတယ်လေ။”

သူ၏ အနာဂတ်အတွက် မျှော်လင့်ချက်ကို ကျနော်က မေးကြည့်သောအခါ “ကျနော် လိုချင်တာကတော့ ကျနော့် ကလေးတွေ ပိုကောင်းတဲ့ ဘဝကိုရဖို့နဲ့ သူတို့ ပုံမှန်အလုပ် ရကြဖို့ပါပဲ” ဟု ပက်ခ် တယ်ဂူက ရိုးရိုးစင်းစင်းပင် ပြောပါသည်။

ရာစုနှစ်ပေါင်းများစွာ အတွင်း မူဆီမြစ်တွင် ပက်ခ် တယ်ဂူ ကဲ့သို့သော လှေသမားတွေ ရှိခဲ့ကြပါလိမ့်မည်။ သူ၏ ဘဝ ရပ်တည်မှုအတွက် အခက်အခဲများကို နေ့စဉ်ရင်ဆိုင်နေခြင်းက ဂုဏ်သိက္ခာရှိသော်လည်း သူတို့၏ ဘဝ အခြေအနေက ခေတ်သစ် အင်ဒိုနီးရှား၏ တောက်ပြောင်မှုများနှင့် ဝေးကွာလွန်းနေသည်။ သီရိဝိဇယ၏ အတိတ်က ခမ်းနားမှုများနှင့် ဆိုလျှင်တော့ ပြောနေစရာပင် မလိုပါ။

(ကရင်မ် ရတ်စ်လာမ် (KarimRaslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading