နိုင်ငံကြီးသား ပီသစမ်းပါ

သန်းနိုင်ဦး
အများပြည်သူကို အကျိုးပြုချင်ကြတဲ့ စေတနာ့ဝန်ထမ်းလူငယ်လေးတွေဟာ နိုင်ငံကြီးသားတွေပါပဲ / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နေရာအနှံ့မှာ နိုင်ငံကြီးသား ပီသစမ်းပါဆိုတဲ့ အသံတွေ မကြားရတာ ကြာပါပြီ။ နိုင်ငံကြီးသားပီသသူတွေများ လာလို့ သတိပေးဖို့ မလိုအပ်တော့လို့လား။ နိုင်ငံကြီးသား မပီသသူတွေ များသထက်များလာလို့ မပြောကြတော့တာလား။ နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတာ ဘာလဲ စတဲ့ မေးခွန်းတွေအတွက် အဖြေ အဆင်သင့် ရှိမနေပါ။

နိုင်ငံကြီးသားစိတ်ဓာတ်ရှိသူတွေဟာ ကိုယ့်အားကိုယ်ကိုးလေ့ရှိပြီး ကိုယ်ချင်းစာတရားရှိသူ၊ စည်းကမ်းဥပဒေတွေ လိုက် နာပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိကြသူတွေဖြစ်ကြတယ်။ ကိုယ်ကျင့်သိက္ခာကို ရိုသေလေးစားတန်ဖိုးထားကြသူတွေသာ ဖြစ်ပါတယ်။

သူတို့က လူရှင်းတဲ့ မီးပွိုင့်မှာ မီးနီမိရင်တောင်မှ ဖြတ်မမောင်းဘဲ ရပ်စောင့်ကြတယ်။ ရေတိုင်မှာ ရေလျှံနေရင် ဘယ်သူ့ရေ တိုင်ဖြစ်ဖြစ် ပိတ်ပေးဖို့ ဝန်မလေးဘူး။ အလင်းရောင်လုံလောက်နေချိန်မှာ မလိုအပ်ဘဲ လျှပ်စစ်မီးတွေ မဖွင့်ဘူး။ တန်းစီရ မယ့်ကိစ္စကြီးငယ်တွေမှာ ကြားဖြတ်ဖို့ စိတ်မလုံသူတွေ ဖြစ်ကြတယ်။

ရန်ကုန်မြို့ YBS ကြော်ငြာဆိုင်းဘုတ်တွေကို အများပြည်သူအတွက်လုပ်ထားတဲ့ ဆိုင်းဘုတ်တွေကို အ ကျိုးမဲ့ ရိုက်ဖျက်သွားတာက နိုင်ငံကြီးသား မပီသရာ ရောက်ပါတယ်။

ရန်ကုန်မြို့ဘတ်စ်ကား ခေတ်ပြောင်းတော်လှန်ရေးမှာ ကျရာကဏ္ဍက ပါပြီး ဗော်လန်တီယာ လုပ်အားပေး ဝင်လုပ်ကြတဲ့ စေတနာ့ဝန်ထမ်းလူငယ်လေးတွေလည်း ရှိနေပါသေးတယ်။ ကားသုံးနိုင်သူက ကားနဲ့ အကူအညီပေးပြီး လူအားတက်နိုင် သူက ဝါယမ စိုက်ထုတ်ကူညီနေကြတယ်။

ကိုယ်တိုင်လည်း ဝါယမ မစိုက်၊ ကူညီသူတွေကိုလည်း ပျက်ရယ်ပြုနေကြတဲ့ စုန်းပြူးအချို့ လူမှုကွန်ရက်ပေါ်မှာ ရှိနေပါ သေးတယ်။ ခေတ်ပြောင်းတော်လှန်ရေးအတွက် ကိုယ့်စရိတ်ကိုယ်စားပြီး ဝင်လုပ်နေကြတဲ့ နိုင်ငံကြီးသားပီသသူ လူငယ် အချို့ကြောင့် ရန်ကုန်နံနက်ခင်းက ပိုလို့ ကျက်သရေ ရှိသွားပါတယ်။

စနစ်တကျ လေ့ကျင့်သင်ကြားခြင်း ခံရသူတွေ၊ စနစ်ကောင်းမှာ အံဝင်ခွင်ကျဖြစ်နေသူတွေ၊ စေတနာကောင်းရှိသူတွေမှာ နိုင်ငံကြီးသား ပီသတဲ့ စရိုက်လက္ခဏာရှိကြတာ တွေ့ရတယ်။ နိုင်ငံကြီးသား မပီသသူတွေ များနေရင် အဲဒီလူ့အဖွဲ့အစည်း က ဓားမနောက်ပိတ် ဖြစ်တော့တာပါပဲ။

နိုင်ငံကြီးသား မပီသသူတွေကို နိုင်ငံကြီးသားပီသစေဖို့ စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။ ချောင်လို့ ဟောင်၊ ကျပ်လို့ ညပ်ရာက အချောင်နေ၊ အချောင်စား၊ အချောင်စိတ်ဓာတ်တွေ ကိန်းအောင်းလာရတာဖြစ်ပါတယ်။ နိုင်ငံကြီးသား မပီသသူတွေ များနေရင် ခပ်ညံ့ညံ့တိုင်းပြည်အဆင့်က တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ နိုင်ငံကြီးသားပီသဖို့ဆိုတာ သခင်စိတ်ဓာတ်၊ သခင်အကျင့်ရှိဖို့ပါပဲ။ အင်ဒိုနီးရှားနိုင်ငံ သူ့ကျွန်ဘ၀ ရောက် ချိန် (၁၉၀၈ခုနှစ်) မှာ ခေတ်ပညာတက် အင်ဒိုမျိုးချစ်လူငယ်တွေက ဘူဒီအူတိုမိုလို့ သူတို့ဘာသာနဲ့ ခေါ်တဲ့မြင့်မြတ်စွာ ကြံ ဆောင်ရေးအသင်းတွေ ဖွဲ့ကြတယ်။
အဲဒီအသင်းရဲ့ရည်ရွယ်ချက်က အမျိုးသားယဉ်ကျေးမှုမြှင့်တင်ရေး စီးပွားရေး၊ လူမှုရေး၊ ပညာရေးတိုးတက်ဖို့ ဆောင်ရွက် ပေးနိုင်ခဲ့တယ်။

မြန်မာနိုင်ငံမှာလည်း အင်ဒိုနီးရှားနည်းတူ လွတ်လပ်ရေး ဆုံးရှုံးပြီး တိုင်းတပါးလက်အောက် ကျရောက်ခဲ့ရတယ်။ အင်ဒိုနီး ရှားနိုင်ငံထက် ဆောလျင်စွာ အသင်းအဖွဲ့ကို ထူထောင်နိုင်ခဲ့တယ်။ အဲဒီအသင်းက ဝိုင်အမ်ဘီအေလို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (၁၉၀၆ခုနှစ်) ဖြစ်ပါတယ်။

ဝိုင်အမ်ဘီအေအသင်း စတင်ပေါ်ပေါက်စဉ်က ဘာသာရေးအဖွဲ့အစည်းအနေနဲ့ ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အမျိုးသားယဉ်ကျေးမှု၊ ဘာသာ၊ သာသနာနဲ့ ပညာရည် မြှင့်တင်ရေးတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့တယ်။ တနိုင်ငံ လုံးမှာ အသင်းခွဲပေါင်း (၂၀၀၀) ဝန်းကျင် ဖွဲ့နိုင်တဲ့အထိ အောင်မြင်ခဲ့တယ်။

ဝိုင်အမ်ဘီအေပြီးတော့ ဂျီစီဘီအေ (မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ဂျီစီဘီအေအသင်းကွဲပြီး နောက်ပိုင်းရောက်မှ တို့ဗမာအစည်းအရုံးကို ဖွဲ့စည်းနိုင်ခဲ့တာပါ။

နိုင်ငံရေးအမြင်ရှိတဲ့ လူငယ်တစုက ၁၉၃၀ခုနှစ်မှာ တို့ဗမာအစည်းအရုံးအမည်နဲ့ နိုင်ငံရေးအဖွဲ့အစည်းသစ်တရပ် ဖွဲ့စည်းခဲ့ ကြတယ်။ အဖွဲ့ဝင်တိုင်းရဲ့အမည်ရှေ့မှာ သခင်အမည်ခံခဲ့ကြတယ်။ ကိုလိုနီတွေရဲ့လက်အောက်မှာ ကျွန်ပြုခံရတဲ့ဗမာတွေ ကျွန်စိတ်ဝင် ကျွန်ဇာတ်သွင်းခံရတဲ့အဖြစ်ကို နိုင်ငံရေးအမြင်ကျယ်တဲ့ နိုင်ငံသားတွေက မခံမရပ်နိုင်ဖြစ်ရာက သခင်အသင်း ဖြစ်တဲ့ တို့ဗမာအစည်းအရုံးရယ်လို့ ဖြစ်လာရတာပါ။

သခင်ဘသောင်း၊ သခင်သိန်းမောင်တို့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်စိုး၊ သခင်မြ၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်၊ သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)၊ သခင်ဗစိန်၊ သခင်လှဖေ (ဗိုလ်လ ကျ်ာ)၊ သခင်နု၊ သခင်ရှုမောင် (ဗိုလ်ချုပ်နေဝင်း)၊ သခင်ဗဟိန်းတို့လည်း ပါဝင်လာကြတယ်။ လူသိများတဲ့ သခင်တွေတင်မ ကပါဘူး။ မြို့ရွာအသီးသီးက မာစတာကို တော်လှန်ချင်တဲ့ လူကြီးလူငယ်တွေကလည်း သခင်ဘွဲ့ ခံယူလာကြပါတယ်။

တို့ဗမာအစည်းအရုံးရဲ့ရည်ရွယ်ချက်က လူတိုင်း သခင်စိတ်ဓာတ် ကိန်းအောင်းရေးပါပဲ။ တနည်းအားဖြင့် နိုင်ငံကြီးသား စိတ်ဓာတ်ထွန်းကားရေးပါပဲ။ အဲဒီအချိန်က ကျွန်စိတ်ပေါက်နေသူအချို့မာစတာတွေ အလိုကျ ငါးထောင်စား ရာထူး လက် ခံပြီး သခင်အားရ ကျွန်ပါးဝခဲ့တာတွေကလည်း သမိုင်းမှာ ရှိခဲ့တယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လေးချိုးတွေ ရေး၊ ဋီကာတွေ ဖွဲ့ပြီး သတိပေးခဲ့ရတဲ့ အထိပါပဲ။ တို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်က မာစတာဆန့်ကျင်ရေး ကိန်းအောင်းနေတဲ့ လူငယ်တွေအပေါ်မှာ သြဇာသက်ရောက်ခဲ့တယ်။

သင့်ဘဝမဂ္ဂဇင်း (၁၉၉၅ခုနှစ် မတ်လထုတ်) မှာ ဆရာတင်မောင်သန်းက သခင်စိတ်ဓာတ်၊ သခင်အကျင့်ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးမှာ အခုလို ရေးခဲ့တယ်။

“သခင်စိတ်ဓာတ်ဆိုတာ မိုးကို ဒူးနဲ့တိုက်တဲ့ စိတ်ဓာတ်ပါ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတဲ့ စိတ်ဓာတ်သာဖြစ်ပါတယ်။ သခင် အကျင့်ဆိုတာ အဟောင်းအမြင်းတွေကို စွန့်၊ အသိဉာဏ်ရဲ့ဦးဆောင်မှုနဲ့ ခေတ်မီနိုင်ငံတော်သစ်ဆီ ချီတက်ကြသူတွေပါ။ သခင်စိတ်ဓာတ်မှန်ရင် ပညာရှင်နဲ့ ပညာရပ်တွေကို ဘယ်တော့မှ အထင်မသေးဘူး။ ဘယ်ဘက်ထက် ညာဘက်က တော် သေးတယ်ဆိုပြီး ညာဖိနပ်အောက် ပြေးဝင်တဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ကျွန်စိတ်ကတော့ ဘယ်ဖိနပ် ညာဖိနပ်ရွေးတဲ့ စိတ် ဓာတ်သာ ဖြစ်ပါတယ်။ သခင်တွေက လူကိုလူချင်း တန်းတူရည်တူ သဘောမထားရင် လက်မခံပါဘူး။ သခင်စိတ်ဓာတ်ရှိ သူတွေက ကိုယ့်ယုံကြည်ချက်အတွက် အညံ့မခံကြဘူး”

မြန်မာတွေ သခင်စိတ်ဓာတ်၊ သခင်အကျင့် ရှိကြဖို့ အချိန်တန်ပါပြီ။ မရှိသေးဘူးဆိုရင်လည်း စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်ကြရအောင်။ ဒါမှသာ ကိုယ်တိုင်လည်း ကောင်း၊ သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းလည်း ကောင်းမှာပါ။

သခင်စိတ်ဓာတ်၊ သခင်အကျင့်တွေ ရှိမထားရင် တိုင်းတပါးလူမျိုးတွေ ဝင်လာတဲ့အခါ ကျွန်ဖြစ်ခဲ့ရတာကလည်း အထင်အရှား မဟုတ်လား။ မြန်မာတွေကို သခင်စိတ်ဓာတ်၊ သခင်လူမျိုးအဖြစ်သာ မြင်ချင်ပါတယ်။ ကျွန်ထူး၊ ကျွန်ချွန်တွေအဖြစ် မမြင်ချင်ပါဘူး။

အခုချိန်က တိုင်းသစ်ပြည်သစ် တည်နေချိန်ဖြစ်ပါတယ်။ နိုင်ငံကြီးသား စိတ်ဓာတ်ပြည့်ဝတဲ့ အနာဂတ်နိုင်ငံတော်သစ်ကို ပျော်ပျော်ကြီး တည်ဆောက်ချင်ပါတယ်။ လုပ်ရပ်မှား စေတနာမှားတွေကို အတိတ်မှာ ပြည်ဖုံးကားချခဲ့ရအောင်။ လက်ခုပ်နဲ့ ဖြစ်စေ ကိုယ်တိုင်ပါဝင်စေချင်ပါတယ်။ ရှေ့မှာ လှပတဲ့ ရွှေရောင်နိုင်ငံတော်သစ် ရှိနေပါတယ်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading