အာဆီယံ နှစ် ၅၀

Kavi Chongkittavorn
၂၀၁၄ အာဆီယံဥက္ကဌရာထူးကို ဘရူနိုင်ထံမှ မြန်မာက လွှဲပြောင်းရယူခဲ့စဉ်
Want create site? Find Free WordPress Themes and plugins.

ယခုနှစ်တွင် အာဆီယံနှစ် ၅၀ ပြည့်သည်။ စစ်အေးတိုက်ပွဲ အရှိန်မြင့်နေချိန်တွင် နိုင်ငံ ၅ နိုင်ငံက လျော့ရိလျော့ရဲ ထူထောင်ခဲ့သော ဒေသဆိုင်ရာ အဖွဲ့အစည်းတခု ယခုလောက် ခရီးရောက်လာသည်မှာ သမိုင်းမှတ်တိုင် ဖြစ်သည်မှာ မှန်ပါသည်။ သန္ဓေတည်စကပင် အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံကို အရှေ့တောင်အာရှနိုင်ငံအားလုံးပါဝင်သော စည်းမျဉ်း အခြေပြု အဖွဲ့အစည်းအဖြစ် ပြောင်းလဲခဲ့ကြသည်။

၂၀၁၅ ခုနှစ် အကုန်တွင် အာဆီယံနိုင်ငံများကို စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယမ် တန်ကြေးရှှိပြီး လူဦးရေ ၆၆၂ သန်းရှိ အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economic Community – AEC) ကို တရားဝင် စတင်သည်။

စတင် ဦးဆောင် တည်ထောင်သူများသည် ၁၉၆၇ ခုနှစ် သြဂုတ်လအတွင်း ဘန်ကောက်မှ ၈၀ ကီလိုမီတာဝေးသော ပင်လယ်ကမ်းခြေ အပမ်းဖြေစခန်း Bang Saen တွင် ၎င်းတို့၏ သုံးရက်ကြာ စဉ်းစားသုံးသပ်မှု၏ အောင်မြင်မှုများ အတွက် ဂုဏ်ယူကောင်းဂုဏ်ယူခဲ့ကြပေမည်။

ထိုအုပ်စု၏ ထင်ရှားလှသည့် အကြီးကျယ်ဆုံး အောင်မြင်မှာ အဖွဲ့ဝင် ၁၀ နိုင်ငံအကြား ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှု ထိန်းသိမ်းထားနိုင်ခြင်းနှင့် ၎င်းတို့၏ ဆွေးနွေးဖက် နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေးတို့ပင် ဖြစ်သည်။

ဤတည်ြငိမ်သော ဆက်ဆံရေးများသည် အုပ်စု၏ စီးပွားရေး တိုးတက်မှုနှင့် နိုင်ငံတကာ ရုပ်ပုံလွှာကိုလည်း မြှင့်တင် ပေးသည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များ အတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးရှုခင်း အပြောင်းအလဲ အတက်အကျများ အကြားတွင် အာဆီယံသည် စုစည်းညီညွတ်စွာ ရပ်တည်နိုင်ခဲ့ပြီး ၎င်း၏ လမ်းကြောင်းတလျှောက် စိန်ခေါ်မှု အများအပြားကိုလည်း ကျော်လွှားနိုင်ခဲ့သည်။

စစ်ပွဲနှင့် ပဋိပက္ခ ကြီးထွားစေသော အပြုအမူများတွင် မွေ့လျှော်ခြင်းထက် တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမို ကောင်းမွန်သည် ဟူသော အယူအဆမှာ အာဆီယံ၏ စံနှုန်းဖြစ်လာခဲ့သည်။ အာဆီယံ၏ လမ်းကြောင်းမှာ အဖွဲ့အစည်း အတွင်းမှ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းသော နည်းလမ်းဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ပြင်ပချိန်းခြောက်မှုကို ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းကို နားလည် သဘောပေါက်ကြပြီး ထိုအချက်ကြောင့်ပင် အာဆီယံကို စည်းလုံးညီညွတ်စေသည် ဟု ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်တာဝန် ယူခဲ့သော ဒေါက်တာ ဆူရင်ပတ်ဆူဝန် Dr Surin Pitsuwan က Reporting Asean ကို ပြောခဲ့သည်။

“လတ်တလော ကမ္ဘာ့အခြေအနေနဲ့ မရေရာမှုတွေအရ အာဆီယံအနေနဲ့ ချီးကျူးဂုဏ်ပြုမှု တွေမှာပဲ သာယာနေလို့ မရတော့ဘူး။ ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေနဲ့ ကိုက်ညီအောင် ပြောင်းလဲ အမီလိုက်ရမယ်” ဟု သူက ပြောသည်။

အဖွဲ့ဝင်သစ်များ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးနိုင်ငံရေးအရ ပိုမိုခိုင်မာလာသည်နှင့် အမျှ အာဆီယံ ကျင့်ဝတ်များသည် ပိုမိုသက်ဝင်လှုပ်ရှားလာပြီး ပိုမိုနက်ရှိုင်း အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးညှိနှိုင်းမူ အဆင်ပြေစေရန် လမ်းပွင့်သွားစေသည် ဟု ဒေါက်တာ ဆူရင်ပတ်ဆူဝန်က မြင်သည်။

“ရည်မှန်းချက်ကတော့ အာဆီယံ အဖွဲ့ဝင်များအကြား သွေးစည်းချစ်ကြည်မှုနှင့် အပြန်အလှန် နားလည်မှု မြှင့်တင်ဖို့ပဲ ဖြစ်တယ်။ ဒီနည်းနဲ့ အာဆီယံဟာ ကိုင်လှုပ်လို့ မရတဲ့ အဖွဲ့အစည်း ဖြစ်လာမယ်” ဟုလည်း သူက ဆိုသည်။

၁၉၇၆ ခုနှစ်တွင် စတင်ပြဋ္ဌာန်းချိန်မှစ၍ အာဆီယံ၏ သွေးစည်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် (Treaty of Amity and Cooperation) သည် အာဆီယံကို ညီညွတ်စေရန်နှင့် ပြင်ပကမ္ဘာနှင့် ပတ်သက်သော တုံ့ပြန် ဆောင်ရွက်မှုများ အတွက် လမ်းညွှန်ရာတွင် အရေးပါသည်။ မစွက်ဖက်ရေးမူသည် အဖွဲ့ဝင်နိုင်ငံများ အကြား လွန်စွာ လိုအပ်နေသည့် အခြားအဖွဲ့ဝင်များသည် မိမိတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ဟူသော ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။

လွန်ခဲ့သော ၆ နှစ်လုံးတွင် သတင်းခေါင်းစဉ် ဖြစ်နေသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် ၎င်းတို့၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန် အတူတကွ ဆက်လက် လုပ်ဆောင်နိုင်ပါမည်လော ဟူသည့် သံသယများ ပေါ်ထွက်လာခဲ့သည်။ ထုံးစံအတိုင်းပင် နှေးကွေးလှသည့် အာဆီယံ၏ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်သည် ပြင်းထန်သော ဝေဖန်မှုများ ခံခဲ့ရသည်။

အနာဂါတ်တွင် အာဆီယံသည် ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်ရမည် ဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်များ သည် အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ပေါ်တွင်သာ ဆက်လက်အခြေခံရမည် ဟု ဒေါက်တာဆူရင်ပတ်ဆူဝန်က ထပ်မံအတည်ပြု ပြောကြားသည်။ “အကျပ်အတည်းတွေ၊ အရေးပေါ်အခြေအနေတွေ၊ အထူးသဖြင့် ဒေသတွင်း လက္ခဏာဆောင်တဲ့ ကိစ္စရပ်တွေကို အာဆီယံအနေနဲ့ အချိန်မီ တုံ့ပြန်ဖို့ နည်းလမ်းတွေ ရှာဖွေရမယ်” ဟုလည်း သူက ထောက်ပြသည်။

ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံကို ဦးဆောင်ရစဉ် ၎င်း၏ ဦးဆောင်မှု ပြတ်သားမှု လိုအပ်သော စိန်ခေါ်မှု အသစ်များလည်း ရှိသည်။ ပြည်သူ့အာဏာကို မွေးဖွားခဲ့သော နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်း၏ ပြည်သူဗဟိုပြု နည်းလမ်းကို ပိုမိုခိုင်မာစေလိမ့်မည် ဟူသည့် မြင့်မားသော မျှော်မှန်းချက်များလည်း ရှိနေပြန်သည်။

အာဆီယံသည် ပိုမိုထဲထဲဝင်ဝင် ရှိရန်လိုပြီး သာမန်ပြည်သူများထံမှ အကြံဉာဏ်များကို စဉ်းစားသုံးသပ်သင့်သည် ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆူရိယာချင်ဒါဝန် (Dr Suriya Chindawong) က Reporting Asean သို့ ပြောသည်။ “ဘာပဲဖြစ်ဖြစ် အာဆီယံပြည်သူတွေရဲ့ အဆင်ပြေ ချောမွေ့ရေးဟာ အာဆီယံရဲ့ အနာဂါတ်နဲ့ သက်တမ်းရှည်ရေးကို တိုင်းတာတဲ့ ကိရိယာပဲ” ဟုသူပြောသည်။

ရှေ့လာမည့်နှစ်များတွင် ဆာစီယံ အတွက် စိန်ခေါ်မှုများသည် ရာသီဥတုပြောင်းလဲမှု၊ ရိက္ခာဖူလုံ လုံခြုံမှု၊ အကြမ်းဖက် ဝါဒ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် လူမှုအကာအကွယ်ပေးရေး စသည့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများ ပါဝင်သည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်းသည် ၂ နှစ် သက်တမ်းအတွင်း သို့ ရောက်လာသောအခါ အာဆီယံ ခေါင်းဆောင်များသည် စီးပွားရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များ အပြင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အရေး အကြီးဆုံး အဓိက အနှစ်သာရမှာ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် ရှိကြောင်း သဘောပေါက်လာကြသည်။

“နိုင်ငံတကာ အခြေအနေအရ သာမက ဒေသတွင်း အခြေအနေအရပါ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့ အာဆီယံမှာ ရှင်းလင်းတဲ့ ရည်မှန်းချက် ရှိတယ်” ဟု ဒေါက်တာ ဆူရိယာချင်ဒါဝန်က ၂၀၁၆ ခုနှစ် စက်တင်ဘာလက ချမှတ်ခဲ့သည့် ကုလသမဂ္ဂ၏ ထောင်စုနှစ်သစ် ရည်မှန်းချက်များ (UN Sustainable Development Goals – SDGs) ကို ရည်ညွှန်း ပြောဆိုသည်။

အဖွဲ့အစည်း နှစ်ခုအကြား ထောင်စုနှစ်သစ် ရည်မှန်းချက်များသည် လိုက်လျှောညီထွေ ရှိစေရန် ထိုင်းနိုင်ငံသည် အာဆီယံနှင့် ကုလသမဂ္ဂ အကြား ကြားဝင်ညှိုနှိုင်းသူ အဖြစ် ဆောင်ရွက်နေသည်။ “ဒီလိုနည်းနဲ့ အာဆီယံဟာ ကျန်နိုင်ငံတွေနဲ့ အတူ လိုက်ပါပြီးအလျင်အမြန် ရှေ့တန်းရောက်လာမယ်” ဟု သူက ဆက်ပြောသည်။

မနီလာ၏ ဦးဆောင်မှုနှင့် နောင်ကာလများတွင် အာဆီယံသည် မည်သို့ ပြောင်းလဲသွားမည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။ သို့သော် ထင်ရှားလာသော အချက်မှာ ပေါင်းစပ်ဖွဲ့စည်းထားသည့် အဖွဲ့အနေဖြင့် အာဆီယံသည် ယခင်ကဲ့သို့ ငြိမ်သက်နေရန် မဖြစ်နိုင်တော့ဘဲ ယခုမှစတင်ပြီး အဖွဲ့ဝင်နိုင်ငံများသည် ဒေသဆိုင်ရာနှင့် နိုင်ငံတကာရေးရာများတွင် ပိုမို တက်ကြွစွာ ပါဝင်ရမည် ဖြစ်သည်။

(Kavi Chongkittavorn သည် ‘The Nation’ သတင်းစာ၏ ဆောင်းပါးရှင် တဦးဖြစ်ပြီး၊ ချူလာလောင်ကောင် တက္ကသိုလ်၏ လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ သိပ္ပံလေ့လာမှု senior fellow ဖြစ်သည်။၎င်း၏ Asean at 50, and Beyond ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading