၂၀၁၇ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရှေ့နေ ဦးကိုနီ သေနတ်နဲ့ လုပ်ကြံခံရပြီး လုပ်ကြံသူ သေနတ်သမားကို တက္ကစီယာဉ်မောင်း ဦးနေဝင်းက ဖမ်းဆီးရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်။ သူတို့ နှစ်ဦး သေဆုံးမှု အပေါ် ကရုဏာသက်ရမယ့် အစား နှစ်ထောင်းအားရ ကျေနပ်နေတဲ့သူ တချို့ရှိနေပါတယ်။ လူတယောက် ဖြစ်စေ လူတစုဖြစ်စေ ကွယ်လွန်မှု အပေါ် ကျေနပ်နေတဲ့ သူတွေဟာ စိတ်ဓာတ် ညံ့ဖျင်းသေးသိမ် နိမ့်ကျနေသူတွေသာ ဖြစ်ပါတယ်။
လူသေဆုံးမှုမှာ ဝမ်းသာအားရ ဘာကြောင့် ဖြစ်ရတာလဲ။ ဒီလိုသေဆုံးမှုမှာ ဝမ်းသာအားရ ဖြစ်အောင် အမုန်းစကားတွေ ရိုက်သွင်းခံထားရလို့သာ ဖြစ်ပါတယ်။ အများပြည်သူ အဆင်ပြေချောမွေ့မှာကို မလိုလား ကြသူတွေက အမုန်းစကားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာကြာပါပြီ။ ခေတ်ပညာတတ် ဘွဲ့ရဆိုသူတွေပင် အမုန်းစကား မှိုင်းကွန်ရက်မှာ ငြိတွယ် နေကြသူတွေ ရှိတယ်။ အမုန်းစကား မှိုင်းကွန်ရက်မှာ မိနေရင် အချိန်မီ ရုန်းထွက်ကြနိုင်အောင် အားထုတ်ကြ စေလိုပါတယ်။
အထူးသဖြင့် အန်းဒရိုက်ဖုန်း (Android Phone) ယဉ်ကျေးမှုမှာ စီးမြောနေကြသူ အချို့က လူမှုကွန်ရက်မှာ လူသေဆုံးမှု အပေါ် ဝမ်းသာ ကျေနပ်နေတာ စိတ်မကောင်းဖွယ် တွေ့နေရတယ်။ ဦးကိုနီက တရားလွှတ်တော် ရှေ့နေဖြစ်ပြီး အာဏာရ ပါတီ NLD ရဲ့ ဥပဒေအကြံပေး ပညာရှင်လည်း ဖြစ်နေတယ်။ ဒီလုပ်ကြံမှု ဖြစ်စဉ်မှာ နိုင်ငံရေး ထိုးနှက်ချက် ပါနိုင်တယ် ဆိုတဲ့ ကောက်ချက်ချမှု တွေလည်း ရှိနေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်နက်မဲ့ နိုင်ငံသား နှစ်ယောက်ကို လက်နက်ရှိသူက လူပုံအလယ်မှာ လက်နက်အားကိုးနဲ့ သတ်ဖြတ်တဲ့ ဖြစ်စဉ်က ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်မခံနိုင်စရာ ဖြစ်ပါတယ်။ ရှေ့နေ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်း အသက်ခံရမှု လိုပဲ ကချင်ဆရာမလေး နှစ်ယောက် အသတ်ခံရမှု၊ ဖားကန့်မှာ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှု တွေကလည်း လက်နက်ရှိသူက လက်နက်မဲ့သူကို အကြမ်းဖက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပြီး ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိတဲ့ ကိစ္စတွေသာဖြစ်ပါတယ်။
ကျနော်တို့ဆီမှာ တဖက်လူ အတိဒုက္ခရောက်မှ ဝမ်း၀ ခါးလှပြီး နေကောင်း စားပျော် နေကြသူ တချို့ရှိတယ်။ တခြားလူ အဆင်မပြေမှ ကိုယ်အဆင်ပြေနေရတဲ့ သူတွေ ရှိနေတယ် ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ အဆင်ပြေ ချောမွေ့နေရင် သူတို့က မကြိုက်ဘူး၊ အဆင်မပြေအောင် အတတ်နိုင်ဆုံးဖန်တီးယူ နေကြတယ်။ သူတို့တွေက အမုန်းစကား မှိုင်းမိနေကြ သူတွေ ဖြစ်ပါတယ်။
အမုန်းစကားတွေ လူမှုကွန်ရက်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသူတွေက အင်အားအသင့်အတင့် ကောင်းတယ်။ တချို့သူတွေ က အမုန်းစကား ဖြန့်ဝေပေးဖို့ တာဝန်ပေး ခံထားရသလား မှတ်ယူရအောင် ဘယ်ကိစ္စ ဖြစ်ဖြစ် ရန်စကားတွေ နေ့စဉ် တင်နေကြတယ်။ ပရိုဖိုင်းအမှန်နဲ့ တင်နေကြ သူအချို့ ရှိသလို အကောင့်ပုန်း မျိုးစုံသုံးပြီး နေ့စဉ်နဲ့ အမျှ အမုန်း စကား ဖြန့်ဝေပေးနေသူတွေ ရှိတယ်။ တခြားသူရဲ့ ဓာတ်ပုံတွေ သတင်းအချက်အလက်တွေ နည်းမျိုးစုံနဲ့ ရယူပြီး ဓာတ်ပုံ ပိုင်ရှင်ကပဲ ဖြန့်ဝေသလို လုပ်နေကြတဲ့ သူတချို့လည်း ရှိနေပါတယ်။ လက်တဝါးစာ အန်းဒရိုက် ဖုန်းတစ်လုံး ရှိရုံနဲ့ အကောင့်တွေ ဖွင့်ပြီး နည်းမျိုးစုံနဲ့ အမုန်းစကားတွေ ဖြန့်ချီနေသူတွေကြောင့် စိတ်နှလုံး နောက်ကျိရတယ်။
အမုန်းစကားမှိုင်းတွေ ရည်ရွယ်ချက်ရှိရှိ ရိုက်သွင်းနေကြသူတွေကြောင့် အမုန်းမှိုင်းမိပြီး အမုန်း ကွန်ရက်မှာ ငြိတွယ် နေရသူတွေ ရှိတယ်။ တခြားသူရဲ့ ပယောဂကြောင့် အမုန်းကွန်ရက်မှာ မိနေကြသူတွေကို ရုန်းထွက်နိုင်အောင် ကူညီပေးကြပါ။ အမုန်းမှိုင်း ထုတ်လွှင့်နေသူတွေကို လူရာမသွင်းမိ ပါစေနဲ့။ မိတ်ဆွေတို့ရဲ့ လူမှုကွန်ရက်မှာ အဲဒီလို အမုန်းစကား ဖြန့်ဝေနေသူတွေကို ကျဉ်ထားလိုက်ကြပါ။ သူတို့ကြောင့် စိတ် အနှောင့် အယှက် အဖြစ်မခံကြ ပါနဲ့။
အမုန်းစကား ဖြန့်ချိသူတွေကြောင့် လူအဖွဲ့အစည်းအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ အမုန်းစကား ဖြန့်ဝေနေသူတွေကို (ဘယ် အဖွဲ့အစည်းက ဦးဆောင်သည် ဖြစ်စေ) အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူ ပေးစေလိုပါတယ်။ လူမှုကွန်ရက် ဆိုတာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း အငယ်စား ကိုယ်တိုင် တည်ဆောက်နေတာ ဖြစ်လို့ အမုန်းစကားဖြန့်ဝေနေသူတွေ မိတ်ဆွေ အကောင့်ထဲက အပြီးတိုင် မောင်းထုတ်ထားဖို့ လိုပါလိမ့်မယ်။
အမုန်းစကား ဖြန့်ဝေကြသူတွေက လူမျိုးရေးနဲ့ ဘာသာရေးတို့လို ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့ ကိစ္စတွေမှာ အာရုံစိုက်ကြ တယ်။ ဘာသာရေး လူမျိုးရေးတွေက မှိုင်းတိုက်ရတာ လွယ်ကူပြီး လူအများစုအတွက် ဆွဲဆောင် စည်းရုံးဖို့ လွယ်ကူတယ်။ အမုန်းစကား ဖြန့်နေကြသူတွေကလည်း အဲဒီ အားနည်းချက်ကို အသုံးချပြီး လူမှုကွန်ရက်မှာ လူမျိုးရေး အမှတ်တံဆိပ်တွေ ဘာသာရေး ပုံရိပ်တွေကို အသုံးချပြီး အမုန်းစကားကို တွင်တွင်ဖြန့်ချီတော့တာပါပဲ။ တကယ်တော့ ကိုးကွယ်ယုံကြည်ရာကို အသုံးချပြီး အမုန်းစကားဖြန့်ချိတာဟာ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပြီး မလုပ်ကောင်းတဲ့ ကိစ္စပါ။ ဘာသာတရား အသီးသီးက မေတ္တာတရားကိုသာ အခြေခံကြဖို့ လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။
ကျနော်တို့ တိုင်းပြည်က မကြာခဏ ပြန်လည် တည်ဆောက်နေရတဲ့တိုင်းပြည် ဖြစ်တယ် ဆိုတာ သမိုင်းက သက်သေပါပဲ။ အခုလည်း တည်ဆောက်ရေး ကာလကို တက်ညီလက်ညီ ချီတက်နေချိန် ဖြစ်ပါတယ်။ အမုန်းစကားတွေ ဖြန့်တဲ့သူက နည်းမျိုးစုံနဲ့ ဖြန့်ချိနေမှာ ဖြစ်ပြီး သူတို့ကြောင့် ခရီးမတွင် လေးကန်ဖင့်နှေး ရတယ်။ တိုင်းပြည်လည်း ရှေ့ရောက်သင့် သလောက် မရောက်ဘူး။ ဒီလိုလူတွေ များလာရင် ကျနော်တို့ လူ့အဖွဲ့အစည်း ရေစုန်မြောရပြီ။
အခုတောင် အမုန်းစကား ကွန်ရက်မှာ မိနေသူတွေ အမုန်းမှိုင်း မိနေကြသူတွေ ဘယ်လောက် များနေပြီလဲ။ အကျိုးဆက် က ရှေ့နေဦးကိုနီ တက္ကစီယာဉ်မောင်း ဦးနေဝင်း၊ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း၊ ကချင်ဆရာမလေး ၂ ယောက် စတဲ့ လူကောင်း လူတော်တွေ ဆုံးရှုံးခဲ့ကြရပြီပဲ။ အမုန်းစကားဖြန့်ချိနေသူတွေက သူတို့အလုပ် သူတို့လုပ်မှာ ဖြစ်ပြီး ကျနော်တို့ က ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ရုံပါပဲ။
မိတ်ဆွေတို့ကို အမုန်းစကား မှိုင်းမိနေသူတွေ မဖြစ်စေချင်ဘူး။ အမုန်းစကားကွန်ရက်မှာ ပါဝင်ပါတ်သတ်သူတွေ မဖြစ် စေချင်ဘူး။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခု ဖော်ဆောင်မယ် ဆိုရင် အမုန်းစကား ဖြန့်ချနေသူတွေ၊ လက်ခံသူတွေကို လူ့စည်းဝိုင်း အပြင်ဘက် ရာဇဝင်ထဲမှာ ထားခဲ့ကြတာပေါ့။ ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)