ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သက်ဆိုင်ပါဝင်သူ တပ်မတော်ဘက်ကိုရော တိုင်းရင်းသားတွေဘက်ကိုရော မည်သည့်ဘက်ကိုမှ မလိုက်ဟူသော ဆင်ခြေကို ကြားနေရသည်။ ဒီဆင်ခြေက တော်တော့်ကို ချို့ယွင်းအားနည်းနေသည်ဟု ကျနော် မြင်မိပါသည်။
မကြာသေးမီရက်ပိုုင်းက အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်သည် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ၏ အကြီးအကဲ အဖြစ် စကော့ပရူရစ်ကို ခန့်အပ်ဖို့ အဆိုတင်သွင်းခဲ့သည်။ စကော့ပရူရစ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်လျှင် အမေရိကန်အဝှမ်း နာမည်ဆိုုးဖြင့် ကျော်ကြားသောသူ ဖြစ်သည်။ သူသည် ကမ္ဘာကြီး ရာသီဥတုဖောက်ပြန်နေခြင်းကို လက်မခံသူ ဖြစ်ရာ ထိုသူမျိုးကို ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ဆိုသည်မှာ အလွန် ဝေဖန်စရာ ဖြစ်ခဲ့သည်။ သူ့ရာထူးကို အတည်ပြုဖို့ အမေရိကန် လွှတ်တော်မှာ ကြားနာရသည်။ ၎င်းကြားနာပွဲတွင် ယခင် ဒီမိုကရက်တစ် သမ္မတလောင်းနေရာအတွက် ဟီလာရီ နှင့် အဓိကပြိုင်ဖက်ဖြစ်ခဲ့သူ ဘားနီဆန်းဒါးက ရာထူးလက်ခံရယူမည့်သူကို မေးခွန်းထုတ်သည်။
“မောင်ရင်က EPA (ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ)ရဲ့ အုပ်ချုပ်ရေးမှူး ရာထူးကို ရယူရမှာ ဖြစ်တယ်။ EPA ဆိုတာက ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖိုု့ပဲ။ များစွာသော သိပ္ဗံပညာရှင်တွေဟာ ရာသီဥတုုပြောင်းလဲမှုကို ကာကွယ်ဖို့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ အမြင်ရှိကြတယ်။ ဒါပေမယ့် မောင်ရင်က သည်ကိစ္စဟာ စကားနိုင်လုကြရလိမ့်မယ် ဆိုပြီး ကျုပ်ကို အရေးဆိုနေတယ်” ဟု ဘားနီက ဆို၏။
“ဟုတ်တယ်လေ၊ သည်ခန်းမဟာလဲ စကားနိုင်လုကြတဲ့ ခန်းမပဲ”ဟု စကော့ပရူရစ်က ပြန်ပက်သည်။
ဘားနီက “ကျုပ်က မောင်ရင့်ကို (တိုက်ရိုက်) မေးနေတာ၊ ပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် မောင်ရင့်ကိုယ်ပိုင်အမြင်က ဘာလဲ” ဟု စိန်ခေါ်ပြန်သည်။
“ကျနော့်ကိုယ်ပိုင်အမြင်က အကောင်အထည် ဘာမှ မရှိပါဘူး” (My personal opinion is immaterial to) ဟု စကော့ပရူရစ် ပြန်ဖြေသည်။
၎င်း၏စကားမဆုံးမီ ဘားနီဆန်ဒါးက “ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးမှာ ခေါင်းဆောင်လုပ်ရမယ့် မောင်ရင်က ရာသီဥတုပြောင်းလဲခြင်းဟာ လူတွေရဲ့ လုပ်ရပ်ကြောင့်၊ ကာဗွန်တွေထုတ်လွှင့်နေတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး မောင်ရင့်ရဲ့ စိတ်ထဲမှာ ဖြစ်ပျက်ခံစားမှု (ဖီလင်) တွေဟာ အကောင်အထည် ဘာမှ မရှိပါဘူး ဆိုသတဲ့လား။ မောင်ရင်ဟာ ကျုပ်ရဲ့ မဲကိုတော့ ရလိမ့်မယ် မဟုတ်” ဟု ပြင်းပြင်းထန်ထန် ပြစ်တင်လေသည်။
စကော့ပရူရစ် ဘာမှ ပြန်မပြောနိုင်။
ကျနော်တို့သည် ခွဲခြားဆက်ဆံခြင်း (discrimination) အား တန်းတူညီတူ ဖြစ်ရမယ့် ကိစ္စ တန်းတူညီတူ မထားခြင်းဟု နားလည်ကြသည်။ ကျနော်တို့ အထူး သိမှတ်ရန် လိုသော အချက်မှာ တန်းတူညီတူ မရှိသင့်သော ကိစ္စများအား တန်းတူညီတူ ဆက်ဆံခြင်းကလည်း ခွဲခြားဆက်ဆံခြင်း တမျိုးဟူ၍ ဖြစ်သည်။
ပျက်စီးယိုယွင်းလာနေသော ရာသီဥတု သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်လာလျှင် စိတ်ထဲမှာ ဘာမှ အကောင်အထည် မရှိပါဘူးဟု လုပ်မရ၊ အားနည်းတိမ်းပါးနေသော နေရာတခုကို အရေးပေး ကယ်ဆယ်ဖို့ ပြင်းပြသော စိတ်ခံစားချက်ရှိရန် လိုသည်။ တာဝန်ရှိခေါင်းဆောင်တဦးအတွက် အလွန်ကို လိုအပ်လျက်ရှိနေသော အရည်အသွေး ဖြစ်ပါသည်။
ထိုနည်းတူစွာပင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ မြန်မာ့တပ်မတော်ကို သော်လည်းကောင်း၊ တိုင်းရင်းသားတွေကိုသော်လည်းကောင်း မည်သည့်ဘက်ကိုမှ ပိုပိုသာသာ မျက်နှာသာ မပေးသောကြောင့် ဘက်လိုက်မှုမရှိဟု ပြော၍ မရနိုင်ပါ။ သမာသမတ်ရှိ၍ နည်းမှန်လမ်းမှန် ဆောင်ရွက်သော အစိုးရတရပ်ဟု ဆိုလျှင် မိမိလူ့ဘောင်၏ အားအနည်းဆုံးသူကို အထူးကာကွယ်စောင့်ရှောက်ပေးရပါသည်။ အားအကြီးဆုံးသူကိုလည်း အထူးပင် ကွပ်ညှပ်ချုပ်ကိုင် တင်းကြပ်ထားရပါသည်။ ဒေါ်အောင်ဆန်းစုကြည် သုံးစွဲနေကျ “တာဝန်သိသောသူ”သည် အားကြီးသူနှင့် အားနည်းသူအကြား မိမိတွင် ဘာအမြင်၊ ဘာခံစားမှု အကောင်အထည်မရှိ၊ ကြားနေသည်ဆိုလျှင် ယင်းသည် အားကြီးသူကို မျက်နှာသာပေးခြင်း ဖြစ်ပြီး အားနည်းသူကို နှိမ်ချခွဲခြားဆက်ဆံခြင်းပင် ဖြစ်ပါ၏။
ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ခေါင်းဆောင်များ ငြိုငြင်မှာ စိုးပြီး ပြည်တွင်းစစ် ရပ်စဲရေးကိုပင် တရားဝင် ထုတ်ဖော်မပြောနိုင်သော အခြေအနေသို့ ရောက်နေကြောင်း ကြားသိနေရပါသည်။ ကချင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၃၀၀၀ ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီ ပေးအပ်လှူဒါန်းရာတွင် စစ်ဘေးဒုက္ခသည်ဟူ၍ပင် မသုံးဘဲ “နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေး စခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများ”ဟုသာ သုံးစွဲခြင်းက နောက်ဆုံးသက်သေဖြစ်ပါသည်။ စကားကြုံ၍ ပြောရလျှင် လတ်တလော လုပ်ကြံသတ်ဖြတ်ခံရသော ဦးကိုနီ ဈာပနသို့ ဒေါ်အောင်ဆန်းစုကြည်ထံမှ ဝမ်းနည်းကြောင်း ပြသသည့် အထိမ်းအမှတ် လူကိုယ်တိုင် တက်ရောက်ခြင်း မဆိုထား ပန်းတပွင့်မျှပင် မပို့ပေးသည်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေရေးရာ အတိုင်ပင်ခံတဦးဖြစ်သော ရဲဘော်ရဲဘက်အား မသိကျိုးကျွန်ပြုရာ ရောက်လွန်းလှပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ သူဦးဆောင်သော ဒီချုပ်အစိုးရသည် အမှန်တကယ် သမာသမတ်ရှိသော အစိုးရတရပ်ဟု ကိုယ့်ကိုကိုယ် သက်သေထူလိုလျှင် အခုသွားနေတဲ့ပုံစံမျိုး ‘ဘယ်ဘက်မှ မလိုက်’ (ဘာဖီလင်မှ မရှိ) ဆိုတဲ့ စတိုင်မျိုး ဖမ်းနေသည်မှာ တရားမျှတမှုအတွက် ဦးတည်မနေမပါ။ အခုသွားနေတဲ့ပုံစံမျိုး ‘ဘယ်ဘက်မှ မလိုက်’ ဆိုသော စတိုင်မျိုး ဖမ်းနေသည်မှာ တရားမျှတမှုအတွက် ဦးတည်မနေပါ။ အစိုးရဖြစ်ပြီ ဖြစ်လေရာ အမှားအမှန်အတွက် ခွဲခြားပြုမူဆောင်ရွက်နိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။ ရှေးမြန်မာများ ဆိုထုံးအတိုင်း နေလိုမီးလို ကျင့်ရမယ့် လူတွေရှိသလို ရေချမ်းအိုးကဲ့သို့ ကျင့်ရမယ့် လူတွေရှိသည်။
နေလိုမီးလို ကျင့်ရမယ့် လူတွေဟူသည် မိမိ၏ အစိုးရအဖွဲ့ဝင်များ၊ မိမိက တာဝန်ပေးထားသော အာဏာပိုင်အဖွဲ့အစည်းများ၊ အထူးသဖြင့် နိုင်ငံ၏ လက်နက်ကိုင် စစ်တပ်ကို မတရား မကျူးလွန်မိစေရန် အထူးကြပ်မတ်ကိုင်တွယ်၊ အပြစ်ရှိလျှင် ရှိသည့်အလျှောက် စီရင်ရန် ဖြစ်သည်။ ရေချမ်းအိုးကဲ့သို့ ကျင့်ရမယ့် လူတွေဆိုသည် လူနည်းစု ဘာသာခြားများ၊ တိုင်းရင်းသားများ၊ လူတဦးချင်းပြည်သူများကို မည်သည့် အားကြီးသူက လာရောက် ကျူးလွန်ခြင်း မခံရစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် ဘယ်သူ့ကိုမှ နေလိုမီးလိုလဲမကျင့်၊ ရေချမ်းအိုးလိုလဲ မကျင့်သော မြုံနေသော အစိုးရမျိုးသည် မတရားမှုကို ဖုံးကွယ်လှည့်ပတ်ထားသော သဘောမျိုး သက်ရောက်နေပါသည်။ လူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသည် အားနည်းသူအပေါ်မှာ စာနာထောက်ထားမှု၊ အားကြီးသူအပေါ် တိကျပြတ်သား မျက်နှာသာမပေး တင်းကြပ်မှု စသည့် စိတ်ထားနှင့် ယင်းစိတ်ထားကို ထင်ရှားစေသော ပြုမူပြောဆို ပြုကျင့်မှု အပြည့်အဝရှိနေသော အစိုးရဖြစ်စေလိုပါသည်။
(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ နေထိုင်နေသည်)