မြန်မာကို ဒေါ်နယ်ထရမ့် မည်သို့ဆက်ဆံမည်နည်း

နေယံဦး
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် / Reuters
Want create site? Find Free WordPress Themes and plugins.

အမေရိကန်တွင် ထရမ့်အစိုးရ တက်လာခြင်းနှင့် အတူ ယခင်က အပစ်ပယ်ခံဖြစ်ခဲ့သော မြန်မာနှင့် အမေရိကန်နိုင်ငံတို့ အကြား ဆက်ဆံရေး ကံကြမ္မာသည် မကြာသေးမီက ဝါရှင်တန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အောင်မြင်မှုတခုဟု ကြိုဆိုခဲ့ကြ သူများ အတွက် အထက်ပါမေးခွန်းသည် အရေးပါသော မေးခွန်းတခု ဖြစ်လာသည်။

ကာလရှည် ကြာစွာ ချမှတ်ခဲ့သော စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များက ရုပ်သိမ်းခဲ့ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးကို တက်ကြွစွာထောက်ခံခြင်း အပါအဝင် မကြာသေးမီ နှစ်များက အမေရိကန်၏ မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေး၏ အပြုသဘော ဆောင်သော သွင်ပြင် လက္ခဏာများကို မှန်းဆရ ခက်သော ချဉ်းကပ်မှုများနှင့် အစားထိုးမည်လားဟု အချို့က သိလိုလာ ကြသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစပြုသော မြန်မာခေါင်းဆောင်များ၏ မှတ်ချက်များမှ တဆင့် အကဲဖြတ်ရပါက မြန်မာသည် အမေရိကန်နိုင်ငံ၏ ဆက်လက် ထောက်ခံမှုကို မျှော်လင့်နေသကဲ့သို့ အမေရိကန် စစ်ဘက်နှင့်လည်း ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံလိုကြသည်။

ဒေါ်နယ်ထရမ့်ကို အမေရိကန်သမ္မတ အဖြစ် ရွေးကောက်ခြင်းကြောင့် မကြာသေးမီကမှ နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေး အောက်မှ လွတ်မြောက်လာသော မြန်မာနိုင်ငံတွင် တုံ့ပြန်မှု အများအပြား   ဖြစ်ပေါ်စေခဲ့သည်။ ဒေါ်နယ်ထရမ့်၏ အမျိုးသားရေး ရပ်တည်ချက်ကို လေးစားသူ ဘုန်းတော်ကြီး ဦးဝီရသူကလည်း “ကျုပ်တို့ ဒေါ်နယ်ထရမ့်နဲ့ အတူ ရပ်တည်တယ်” ဟု လူသိရှင်ကြား ကြေညာသည်။

ထရမ့်၏ အမျိုးသားရေး စကားဖြစ်သော “အမေရိကသည်သာ ပထမ” သည် ၎င်းတို့၏ အတွေးအခေါ်ကို ထင်ဟပ်သည်ဟု ထင်ကြသောကြောင့် စစ်တပ် ကျောထောက်နောက်ခံပြု ယခင်အာဏာရပါတီနှင့် မဘသ ထောက်ခံသူများကို ထရမ့်ကိစ္စ က ဆွဲဆောင်နိုင်ခဲ့သည်။ မူဝါဒချမှတ်ရာတွင် အမျိုးသားရေးဝါဒကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ဦးစားပေးသင့် သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် တံတိုင်းကာရန် ထရမ့်၏ တောင်းဆိုမှုသည်လည်း နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ၎င်းတို့ ကိုယ်ပိုင်တံတိုင်းတခုကို စိတ်ကူးယဉ် မြင်ယောင်နေသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ စတင်ပြီး ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ အကြား သေကြေပဋိပက္ခများ ဖြစ်ပွားရာ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ အဓိက နိုင်ငံရေးသမား အများအပြားတို့ကလည်း ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တွင် တံတိုင်းတခု တည်ဆောက်ရေးကို စိတ်ကူးယဉ် အိပ်မက်နေကြသည်။ ထိုကဲ့သို့သော အကာအရံ တံတိုင်းတခုသည် နယ်စပ်ဖြတ်ကျော်ခြင်း၊ တရားမဝင် ခိုးဝင်ခြင်းတို့ကို တားဆီးနိုင်မည် ဟု ၎င်းတို့က အခိုင်အမာ ပြောကြသည်။ ၎င်းတို့ အတွက် ထရမ့်သည် အမျိုးဘာသာ သာသနာကို စောင့်ထိန်းပြီး နိုင်ငံညီညွတ်ရေးကို ရှေ့တန်းတင်သူ ခေါင်းဆောင်ဖြစ်သည်။

သို့သော် မြန်မာစီးပွားရေး အသိုင်းအဝန်း၊ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အစိုးရအရာရှိ အချို့ကမူ ထရမ့်၏ လူပြိန်းကြိုက် ရပ်တည်ချက်များကို သံသယရှိနေကြသည်။ အမေရိကန် သမ္မတသစ်၏ အထီးကျန်နေထိုင်ရေး ပြောကြားချက်များထို အသိုင်းအဝန်းများတွင် လှုပ်လှုပ်ရှားရှား ဖြစ်စေပြီး အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု လျှော့နည်းကာ အကူအညီနှင့် အထောက်အပံ့များ သိသိသာသာ လျှော့ကျသွားမည်ကို စိုးရိမ်လာကြသည်။ အိုဘားမားကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အပြောင်းအလဲကို လှိုက်လှိုက်လှဲလှဲ မထောက်ခံဘဲ အမေရိကန်က လျှစ်လျှူရှုလာမည်ကိုလည်း ၎င်းတို့က စိုးရိမ်ကြသည်။

အများထောက်ခံသောအကြောင်းရင်းတခု

ဝါရှင်တန်၏ အမြင်တွင်မူ ထရမ့်အစိုးရအနေနှင့် ၎င်းတို့၏ အရှေ့တောင်အာရှ မူဝါဒတွင် မြန်မာနိုင်ငံကို ထင်ရှားသော နေရာပေးရန် အကြောင်းရင်းများစွာ ရှိသည်။ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးမှာ ဝါရှင်တန်တွင် အင်အားကြီးပါတီ နှစ်ခုလုံး သဘောတူညီသည့် ရှားရှားပါးပါးနယ်ပယ်ဖြစ်သည်။ ဒီမိုကရက်တစ်နှင့် ရီပါဗလစ်ကန်ပါတီ နှစ်ခုလုံးမှ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံကြသည်။ ယခုမြန်မာနိုင်ငံ၏ အမည်မခံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်နှင့် သမ္မတဟောင်းအိုဘားမားတို့ အနားယူသွားကြပြီ ဖြစ်သည်။ သို့သော် သြဇာကြီးမားသော ရီပါဗလစ်ကန် အထက်လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဂျွန်မက္ကိန်းနှင့် မစ်ချမက္ကောနဲလ်တို့သည် မြန်မာ့ ပြုပြင် ပြောင်းလဲရေးကို အခိုင်အမာ ထောက်ခံကသည်။

တရုတ်နှင့် အန္ဒိယကြားတွင် တည်ရှိသောကြောင့် မြန်မာသည် ပထဝီနိုင်ငံရေးအရ အရေးပါပြီး တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံများ အကြား ပေါင်းကူးအဖြစ်လည်း အရေးပါသည်။ မြန်မာသည် တရုတ်နိုင်ငံကို အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်စေနိုင်သည်။ မကြာသေးမီက နေပြည်တော်၏ နိုင်ငံရေး ပြူပြင်ပြောင်းလဲမှုများနှင့် အနောက်နိုင်ငံများသို့ မျက်နှာမူသော နိုင်ငံခြားရေးမူဝါဒတို့သည် အမေရိကန်အတွက် တရုတ်နှင့် အာဏာချိန်ခွင်လျှာ ထိန်းထားနိုင်စေသည်။ ထို့ကြောင့် အမေရိကန်အစိုးရသစ်သည် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာကို တန်ပြန်အားဖြည့်ရန် အခွင့်အရေး အထူးသဖြင့် ကျိုးကြောင်းဆီလျှော်စွာ အမေရိကန်လိုလားသော ဒေသတွင်းသြဇာ လွမ်းမိုးမှုကို လက်မလွှတ်သင့်ပေ။

ထို့အပြင် မြန်မာသည် ဒေသတွင်းအဓိကနိုင်ငံ ဖြစ်လာနိုင်သည်။ ဖိလစ်ပိုင်တွင် လူပြိန်းကြိုက်သမ္မတ တက်လာခြင်း၊ မလေးရှားမှ နိုင်ငံရေး အရှုပ်တော်ပုံနှင့် ထိုင်းမှ စစ်အုပ်ချုပ်ရေးတို့ကို ကြည့်လျှင် ဒီမိုကရေစီသည် အရှေ့တောင်အာရှတွင် အလွန်ပုံပျက်ပန်းပျက် ဖြစ်နေသည်။ မြန်မာ၏ ငြိမ်းချမ်းသော ပြုပြင်ပြောင်းလဲရေးသည် ဒေသတွင်းတွင် သြဇာ ကြီးမားသော ဥပမာကောင်းဖြစ်နိုင်သည်။ ၎င်း၏ အမွှေးအတောင်ပေါက်လာသော ဒီမိုကရေစီသည် ရင့်ကျက်လာပြီး စီးပွားရေး တိုးတက်လာသောအခါ မြန်မာသည် ဒေသတွင်း ပြဿနားများတွင် ပိုမိုသြဇာကြီးမားသည့် အခန်းမှ ပါဝင်နိုင် သည်။ အာဆီယံမှ သြဇာကြီးထွားလာနေသော နိုင်ငံတနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေး ထိန်းသိမ်းထားခြင်းသည် အမေရိကန် အတွက် အမြော်အမြင်ကြီးရာ ရောက်သည်။

မြန်မာသည် အမေရိကန်စီးပွားရေး လုပ်ငန်များနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အာမခံချက် ရှိသော အနာဂါတ်ကိုလည်း ပေးနိုင်သည်။ လုပ်အားခဈေးချိုပြီး သယံဇာတ ပေါမျာသောကြောင့် လူဦးရေ ၅၃ သန်းရှိ အရာမယွင်းသေးသော ဈေးကွက်မှာ ဆွဲဆောင်မှုရှိလှသည်။ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးနှစ်ခု ဖြစ်သည့် တရုတ်၊ အန္ဒိယတို့နှင့်လည်း နယ်နမိတ်ချင်း ထိစပ်နေသောကြောင့် အမေရိကန်ကုမ္ပဏီများ အတွက် ပိုမိုဆွဲဆောင်မှု ရှိစေသည်။

လစ်ဘရယ်ဒီမိုကရေစီသို့ ထူးခြားသော ခရီးကို ဆက်ရန်အတွက် ဒီမိုကရေစီမဏ္ဍိုင်အဖွဲ့အစည်းများ တောင့်တင်းကြံ့ခိုင်စေရန်၊ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရန်နှင့် ကောင်းစွာလည်ပတ်သော ဈေးကွက်စီးပွားရေးကို ပျိုးထောင်ရန် မြန်မာသည် အမေရိကန်၏ အကူအညီကို လိုသည်။ ၂၃ နှစ်တာ ရပ်ဆိုင်ထားခဲ့သော အမေရိကန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (U.S. Agency for International Development – USAID) ရုံးကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရန်ကုန်တွင် ပြန်လည်ထူထောင်ပြီး အမေရိကန်မှ အစိုးရမဟုတ်သော အဖွဲ့အစည်း အများအပြားသည်လည်း မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို ကူညီနေကြသည်။

ဒေသခံများ အတွက် အလုပ်အကိုင် ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့တွင် ရင်နှီးမြှုပ်နှံမှုကို အမေရိကန်စိုးရက ဆက်လက်အားပေးသင့်သည်။

နှစ်နိုင်ငံကုန်သွယ်ရေး

နိုင်ငံစုံကုန်သွယ်ရေးထက် နှစ်နိုင်ငံချင်း ကုန်သွယ်မှုကို ပိုမိုစိတ်ဝင်စားသည်ဟု ထရမ့်အစိုးရက ကြေညာထားသည်။ နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုကို ခိုင်မာစေရန် မြန်မာက အမေရိကန်ကို နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူ စာချုပ်များ အဆိုပြုသင့်သည်။ စီးပွားရေးလုပ်ငန်းထူထောင်ရန် အမေရိကန်ကော်ပိုရေးရှင်းကြီးများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကို ဖိတ်ခေါ်ခြင်းသည် နှစ်နိုင်ငံချင်းညှိနှိုင်းမှုတွင် ပိုမိုလွယ်ကူပြီး အမေရိကန်စီးပွားရေး လုပ်ငန်းများကိုလည်း ရင်းနှီးမြှုပ်နှံရန် ပိုမိုအယုံအကြည် ရှိစေမည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးသစ်သည် မြန်မာနှင့် စစ်ဘက်ဆက်ဆံရေးကို ပြန်လည် ဆန်းစစ်သင့်သည်။ မြန်မာ စစ်ဘက်နှင့် အပြည့်အဝ ပြန်လည်ဆက်ဆံခြင်း မပြုရန် အမေရိကန်စစ်ဘက်ကို ကွန်ဂရက်က တားဆီးနေဆဲ ဖြစ်သည်။ တပ်မတော်ဟုခေါ်သော မြန်မလက်နက်ကိုင် တပ်များသည် လွတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို အလိုအလျှောက် ရယူထားပြီး လုံခြုံရေးနှင့် ဆိုင်သော ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ကာ နိုင်ငံရေးတွင် သြဇာကြီးသော အခန်းကို ရရှိထားသည်။ စစ်သားလူတန်းစားသည်လည်း လတ်တလော အနာဂတ်တွင် စစ်တန်းလျားသို့ ပြန်မည့်အခြေအနေ မရှိပေ။ သို့သော် ဗိုလ်ချုပ်ကြီးများသည် တရုတ်အပေါ်မှီခိုရမှုလျှော့ချလိုပြီး နိုင်ငံတကာ အသိုင်းအဝန်းနှင့် ပြန်လည် ချိတ်ဆက်ရန် ပိုမိုနက်ရှိုင်းသော ဆန္ဒများရှိသောကြောင့် အမေရိကန်စစ်ဘက်နှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် လိုလားသည်မှာ အထင်အရှားပင်ဖြစ်သည်။ စစ်တပ်သည် ခေတ်မီရန် စောင့်ဆိုင်းနေပြီး ဗိုလ်ချုပ်ကြီးများက အမေရိကန်အကူအညီကို မျှော်လင့်နေသည်။

တပ်မတော်နှင့် အကန့်အသတ်ဖြင့် ထိတွေ့ဆက်ဆံခြင်းသည် စစ်တပ်၏ အပြုအမူအပေါ် သြဇာသက်ရောက်စေရန် အခွင့်အရေး အမေရိကန်ကို ပေးသည်ဟု ဝါရှင်တန်မှ အချို့သော အရာရှိများနှင့် ကွန်ဂရက် ခေါင်းဆောင်များက ယုံကြည်ကြသည်။ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင်လည်း စစ်ဘက်ချင်း ထိတွေ့ဆက်ဆံရေး တိုးမြှင့်ခြင်းသည် မြန်မာစစ်အရာရှိများအကြား စစ်တပ်ပီသမှုနှင့် ဒီမိုကရေစီ အမြင်များမြှင့်တင် အားပေးနက်ရှိုင်းစေရန်နှင့် နိုင်ငံရေးမှ ဆုတ်ခွာမှု မြန်ဆန်စေရန် ပိုမိုကောင်းမွန်သော နည်းလမ်း ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြထားသည်။

အမေရိကန်အစိုးရသစ်သည် မြန်မာစစ်တပ်ကို နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများနှင့် လုံခြုံရေးရာများတွင် ပါဝင်စေရန် အခွင့်အလမ်းလည်း ပေးသင့်သည်။ ဝါရှင်တန်အနေဖြင့် မြန်မာစစ်အရာရှိများကို နိုင်ငံတကာ စစ်ဘက် ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ်သို့ ဖိတ်ခေါ်သင့်သည်။ ၎င်းသည် စစ်ဘက်အရပ်ဘက် ဆက်ဆံရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှုနှင့် လူ့အခွင့်အရေး သင်တန်းများ ပေးနိုင်သည်။ အမေရိကန်အနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် တရားဝင် သဘော ဆက်ဆံရေး အပြင် အလွတ်သဘော ဆက်ဆံရေးနည်းများ သုံးနိုင်သည်။

ဤသို့သော လုပ်ဆောင်မှုများသည် ဗိုလ်ချုပ်ကြီးများကို နိုင်ငံရေးဇာတ်ခုံမှ ထွက်ခွာအောင် ယုံကြည်စေနိုင်ပြီး မြန်မာနိုင်ငံကို အရပ်သားအစိုးရ အစစ်အမှန်ပေါ်ပေါက်စေမည့် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်သည်။ အပြန်အလှန်အားဖြင့် တပ်မတော်၏ ခေါင်းဆောင်များသည်လည်း ရွေးကောက်ခံ အရပ်သားအစိုးရ၏ လုံခြုံရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ကဲ့သို့ ပြဿနာရှိသော နေရာများတွင် လူ့အခွင့်အရေး မှတ်တမ်းတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ပြည်တွင်းစစ် အဆုံးသတ်စေရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် နီးကပ်စွာ ဆောင်ရွက်ခြင်း၊ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ခြင်းတို့ဖြင့် အမေရိကန်၏ စိုးရိမ်မှုများကို ဖြေလျှော့ပေးသင့်သည်။

အမေရိကန်သည် မြန်မာနိုင်ငံ၏ ရာစုဝက်ကြာ နိုင်ငံတကာ အထီးကျန် နေထိုင်ခြင်းကို အဆုံးသတ်ခြင်း အတွက် ဂုဏ်ပြုခံရမည့် နိုင်ငံများတွင် ပါဝင်သည်။ ဒီမိုကရေစီ မျိုးစေ့ကို ချခဲ့ပြီးဖြစ်သည်။ အပင်ရှင်သန်ဖူးပွင့်ရန် နိုင်ငံတကာ အသိုင်းအဝန်းမှ ရှင်သန်ရေး အထောက်အကူများ ယခုအချိန်တွင် အလိုအပ်ဆုံး ဖြစ်သည်။ မြန်မာနိုင်ငံ၏ ထွန်းသစ်စ ဒီမိုကရေစီကို ပြုစုပျိုးထောင်ရေးနှင့် စစ်တပ် ခေတ်မီရေးတို့သည် မြန်မာ့ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုအတွက် အရေးပါပြီး အမေရိကန်အစိုးရသစ်သည် ဤအံ့သြစရာကောင်းသော ခရီးအတွက် ဆက်လက်အပြည့်အဝ ထောက်ခံမည်ဟု မျှော်လင့်ရပေသည်။

(နေယံဦးသည် Pacific Forum, Center for Strategic and International Studies (CSIS) ၏ ဒေသခံသုတေသီ ဖြစ်ပြီး ယခင်က Center for Burma Studies at Northern Illinois University တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ Nikkei Asian Review ပါ How the US could leverage Myanmar ties ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading