ဦးကိုနီကို ဘယ်သူသတ်သလဲ

အောင်ဇော်
ဦးကိုနီ ဈာပန / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ထင်ရှားသော ဥပဒေအကြံပေးကို ပြောင်ပြောင်တင်းတင်း လုပ်ကြံသတ်ဖြတ်လိုက်ခြင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တနိုင်ငံလုံးကို အံ့သြစိုးရိမ်သွားစေခဲ့သည်သာမက နောက်တယောက်လည်း ဖြစ်လာနိုင်ကြောင်း အရိပ်အယောင်ပြလိုက်ခြင်း ဖြစ်သည်။

ဦးကိုနီကို အမှန်တကယ် သတ်ခဲ့သူကို ကျနော်တို့ ဖော်ထုတ်နိုင်ပါမည်လား။ လုပ်ကြံမှုအပြီး မိနစ် အနည်းငယ်အကြာတွင် ဖမ်းမိခဲ့သော လူသတ်သမားကြည်လင်းမှာ ရာဇဝင်လူဆိုးဖြစ်ပြီး သေနတ်သမားအဖြစ် ငှားရမ်းခံခဲ့ရသူဟု ယုံကြည်ရပါသည်။ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အကျဉ်းထောင်များမှ ရာဇဝတ်အကျဉ်းသား အများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးပြီး ပြန်လွှတ်ပေးခဲ့ရာတွင် ကြည်လင်းလည်း တယောက် အပါအဝင် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အထိ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး အမည်မဖော်ပြသူ အများအပြားကို ဆင့်ခေါ်စစ်ဆေးခဲ့သည်။ ဦးကိုနီ အသတ်ခံရခြင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရသူများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သံသယရှိသူ အချို့ကို စောင့်ကြည့်မှုများ လုပ်ခဲ့သော်လည်း အခြေအနေနှင့် ပတ်သက်၍ ရဲအဖွဲ့က တင်းတင်းကျပ်ကျပ် နှုတ်ပိတ်ထားဆဲဖြစ်သည်။ ပြည်သူများကမူ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုနေခဲ့ကြပြီး တာဝန်ရှိသူများကို ဒေါသထွက်ခဲ့ကြသည်။ ယခုအမှုသည် အရေးကြီးသည့် အမှုတခုဖြစ်ပြီး အကယ်၍ လူသတ်မှုနှင့် ဆက်နွယ်ကြောင်း သံသယရှိစရာ သက်သေ အထောက်အထားများ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိလျှင် လုံခြုံရေးတပ်ဖွဲ့များက တာဝန်ခံရမည်ဟု ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သမ္မတရုံးက နောက်ထပ် ကြံရာပါတဦးအဖြစ် ယူဆရသည့် အောင်ဝင်းဇော်ကို ရန်ကုန်မြို့မှ ထွက်ပြေးလာစဉ် ကရင်ပြည်နယ် ဘားအံမြို့တွင် ရဲအဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းသည် စစ်ဘက် အရာရှိဟောင်းတဦး ဖြစ်ပြီး စစ်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် တပ်မှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်ဟု Myanmar Now သတင်းဌာနက ဆိုသည်။ သူက ဗုဒ္ဓရုပ်ပွားတော်များ မှောင်ခိုတင်ပို့သည့်လုပ်ငန်းတွင်လည်း ပါဝင်ပတ်သက်ခဲ့ပြီး ကြည်လင်းနှင့် အတူ မန္တလေး အိုးဘို ထောင်တွင် အတူထောင်ကျခဲ့သူဖြစ်သည်။

ထို့ပြင် ရဲတပ်ဖွဲ့က အသက် ၅၀ အရွယ်ရှိ မြင့်ဆွေဆိုသူကို လိုက်လံရှာဖွေနေဆဲ ဖြစ်သည်ဟု ပြောသည်။ မြင့်ဆွေမှာ ဦးကိုနီကို သေနတ်ဖြင့် ပစ်ရန် ကြည်လင်းကို ငှားရမ်းခဲ့သူဟု သံသယရှိသူ ဖြစ်သည်။ လျှို့ဝှက်ကြံစည်မှုနှင့် ပတ်သက်သည့် အယူအဆများကလည်း အမြောက်အများ ရှိနေသည်။ အကယ်၍ သြဇာအာဏာရှိသူများကသာ ယခု လူသတ်မှုတွင် ပါဝင် ပတ်သက်နေခဲ့လျှင် အမှု၏ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့သူကို တရားရုံးသို့ ရောက်အောင် မည်သို့မှ ပြုလုပ်နိုင်မည်မဟုတ်ဟု အချို့က ထင်ကြေးပေးနေကြသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ တနင်္လာနေ့တွင် သမ္မတဦးထင်ကျော်၏ ရုံးမှ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုသည် တိုင်းပြည်၏ တည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေရန် ဖြစ်ကြောင်း ဖော်ပြထားသည်။ ရှေ့နေ ဦးကိုနီမှာလည်း စစ်တပ်က ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲ အခြေခံ ဥပဒေကို ပြောင်းလဲအစားထိုးမည့် အခြေခံဥပဒေသစ်တရပ် ရေးဆွဲရန် ကြိုးစားနေသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏ အဆိုပြုချက်ကို လက်ခံခြင်းရှိ မရှိက မရေရာပါ။ သို့သော်လည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ဦးကိုနီသည် သမ္မတ တာဝန်မယူနိုင်အောင် တားဆီးခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကို ဖန်တီးရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်ဟု သိရသည်။

ဦးကိုနီ အသတ်ခံခဲ့ရပြီး ၁ ပတ်ကျော် ကြာမြင့်သည်အထိ ဆက်လက်၍ စိုးရိမ်စရာ ဖြစ်နေသည်မှာ ရဲတပ်ဖွဲ့ နှင့် လုံခြုံရေး တပ်ဖွဲ့ များကရော တရား ဥပဒေစိုးမိုးရေးကို ကိုင်စွဲသွားရန် အခိုင်အမာ ကြွေးကြော်ခဲ့သည့် အစိုးရကရော အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတခုကိုမျှ မပြုလုပ်သေးခြင်း ဖြစ်သည်။

တပ်မတော်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကြေညာချက် တစောင်ထုတ် ပြန်ခဲ့ပြီး ဦးကိုနီ၏ မိသားစုများနှင့် တွေ့ဆုံရန် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို စေလွှတ်ခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးကိုနီ၏ မိသားစုထံ ဝမ်းနည်းကြောင်း ပြောကြားမရှိခဲ့သလို လူသိရှင်ကြား ကြေညာချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် စိတ်ပျက်လက်ပျက် ဝေဖန်စရာ ဖြစ်ခဲ့သည်။ သို့သော် အတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ဦးကိုနီ လုပ်ကြံခံရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အံ့သြတုန်လှုပ်ခဲ့ပြီး အမှုကို စုံစမ်းဖော်ထုတ်ရန်နှင့် ကျူးလွန်သူကို ဥပဒေနှင့် အညီ အရေးယူအပြစ်ပေးရန် သူ၏ လက်ထောက်များနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ညွှန်ကြားခဲ့ ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဌ အဖြစ်နှင့် ပြီးခဲ့သည့်လများ အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကလည်း စုံစမ်းစစ်ဆေးမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ပေးရန် တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။

လုပ်ကြံခြင်းမခံရမီ ကတည်းက ဦးကိုနီအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။ သူ့ကို လုပ်ကြံသူများက သူ့နောက်တွင် လိုက်နေခဲ့ပြီး ဦးကိုနီ၏ လူမှုကွန်ရက် စာမျက်နှာကိုလည်း လေ့လာခဲ့ကြဖွယ်ရာ ရှိသည်။ ဦးကိုနီက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံခြား ခရီးစဉ်မှ ဓာတ်ပုံများတင်လေ့ ရှိပါသည်။

ဦးကိုနီနှင့် အစိုးရကိုယ်စားလှယ် အဖွဲ့တဖွဲ့ ၂ ပတ်ကြာ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှ ပြန်လာသည့် အချိန်တွင် ကြည်လင်းက ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် လေယာဉ် ဆင်းသက်မည့် အချိန်ကို ကြိုတင်သိရှိထားဖွယ်ရာရှိသည်ဟု ယုံကြည်ရပါသည်။ သူက လာကြိုသည့် မိသားစုထံရောက်လာမည့် ဦးကိုနီကို အပေါက်ဝတွင် စောင့်ဆိုုင်းနေခဲ့သည်။ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းခြင်း၊ ခရီးဆောင်အိတ်များ ထုတ်ယူခြင်း နှင့် ဂိတ်ဝသို့ ရောက်လာခြင်း စသည့် ဦးကိုနီ ၏ လှုပ်ရှားမှုများကို မိနစ်အနည်းငယ် ကြို၍ သိနေခဲ့သည်ဟုလည်း ယူဆနိုင်ပါသည်။ ထို့နောက် ကြည်လင်းက သူ၏ တာဝန်ကို ပြီးဆုံးအောင် လုပ်ဆောင်လိုက်သည်။

ကြည်လင်း တယောက်တည်း လုပ်ဆောင်ရန် ဖြစ်နိုင်ချေက အလွန်ကို နည်းပါးပါသည်။

ဦးကိုနီကို ပစ်သတ်ခဲ့သည့် ၉ မီလီမီတာ ပစ္စတိုကို ကြည်လင်း မည်သို့ရရှိခဲ့သနည်းဆိုခြင်းကို ယခုထိ မသိသေးပါ။ နိုင်ငံခြား သံတမန် တဦးကို သတ်ဖြတ်ရန်အတွက် အောင်ဝင်းဇော်က အကျဉ်းသားဟောင်းတဦးကို ချဉ်းကပ်ခဲ့သေးသည်ဟု သတင်းများက ဆိုသည်။ သို့သော်လည်း ထိုအချက်နှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာများကို ယခုအထိ မသိရှိ ရသေးပါ။ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့သည်ဟု အဆိုပါ အကျဉ်းသားဟောင်းက Myanmar Now သို့ ပြောသည်။

ဦးကိုနီကို နေခင်းကြောင်တောင် လူအများကြားတွင် လုပ်ကြံခိုင်းခြင်းက ကြောက်ရွံ့ထိတ်လန့်မှုများကို ဖန်တီးပြီး လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ရည်ရွယ်ခြင်းဟု နိုင်ငံရေး ဝေဖန်ဆန်းစစ်သူများက ပြောကြသည်။

တိုင်းပြည်တွင် အကျိုးအမြတ်များ ရရှိနေသည့် အစွန်းရောက်သူ အချို့နှင့် ၎င်းတို့၏ နိုင်ငံရေးကို သံသယရှိဖွယ်ရာများအဖြစ် ရည်ညွှန်းခြင်း ခံခဲ့ရသည်။ သို့သော်လည်း ၎င်းတို့က သြဇာ အာဏာရှိသူများဖြစ်နေခဲ့လျှင် သို့မဟုတ် သြဇာရှိသူများနှင့် နီးကပ်သော ဆက်သွယ်မှု ရှိသူများ ဖြစ်နေခဲ့လျှင် ထုံးစံအတိုင်း လူသတ်မှုနောက်ကွယ်မှ ကြိုးကိုင် စီစဉ်သူနှင့် ဥပဒေအရ အရေးယူ အပြစ်ပေးနိုင်ဖွယ် မရှိပါ။ အကဲဆတ် ထိရှလွယ်သည့် ယခု အသွင်ကူးပြောင်းရေးတွင် တရားမျှမှုသည် အာမခံချက် ရှိမနေသေးသောကြောင့် ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading