ပြီးခဲ့သည့် တပတ်က သတင်းစာတစောင်မှာ ရာဇဝတ်မှုများ ထိန်းမနိုင် သိမ်းမရ ဖြစ်လာရင် လူတွေက လုံခြုံရေး အဖွဲ့အစည်းကို အားမကိုးဘဲ ကိုယ့်ဘာသာ ဖြေရှင်းကုန်ကြတဲ့ အကြောင်း ရေးထားတာ ဖတ်ရပါတယ်။ တရားဥပေဒ စိုးမိုးရေး လိုအပ်ချက်ကို ထောက်ပြထားတဲ့ အဲဒီ သတင်းမှာ ဆက်လက်ဖော်ပြထားတဲ့ အကြောင်းအရာတခုကို ဘဝင်မကျမိလို့ ဒီစာကို ရေးပါတယ်။ အဲဒီ ဆောင်းပါးမှာ ဖော်ပြထားတာက –
“လွတ်လပ်မှု ဆိုတာလည်း လွန်လျှင်ဘေးဖြစ်မည်။ ဟိုအရင်က မိန်းမတွေဟာ ဗိုင်းကောင်းကျောက်ဖိ အရှက်လုံလုံ နေကြ သည်။ တလင် တမယားစနစ် ကျင့်သုံးသည်။ အခုခေတ် မိန်းမတွေကတော့ လျှပ်ပေါ်လော်လီကာ အဝတ်အ စားကို ရင်ပေါ် ပေါင်ပေါ် ဝတ်ကြသည်။ ရည်းစားထည်လဲ တွဲသည်။ အရက်သောက်သည်။ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ များလာသည်။ ညစ်ညမ်း ရုပ်ရှင်တွေ အလွယ်တကူ ကြည့်လာနိုင်သည်။ ရလဒ်ကတော့ မုဒိမ်းမှုများ ဒီရေအလား များလာသည်။ ထိုကဲ့သို့ မလိုလားအပ်သော လွတ်လပ်မှုများကို ထိန်းချုပ်သင့်နေပြီ” တဲ့။
သဘောကတော့ မုဒိမ်းမှုတွေများလာတာ မိန်းကလေးအတွေ အနေအထိုင် မတတ်တာကြောင့် လို့ ဆိုလိုတာပါ။ မိန်းကလေးတွေ အနေအထိုင်ကြောင့် မုဒိမ်းမှု ဖြစ်ရတာ မဟုတ်ပါ။ ဒီသဘောမျိုး အရေးနဲ့အပြောတွေ နေရာတိုင်းမှာ ကြားရတိုင်းလည်း ရင်ထဲ တင်းတင်းကျပ်ကျပ် ခံစားရပါတယ်။ ချက်ချင်းသာ တုံ့ပြန်ချေပခွင့် ရရင်တော့ “တခြားသူရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ အကြံမပေးခင် လူကြီးမင်းရဲ့ အတွေးအခေါ်ကို အရင်လွတ်လပ်အောင် လုပ်ပါ” လို့ ပြောမိမှာပါပဲ။
တလောက လူသိများခဲ့သော လူမှုကွန်ရက်မှာ ပျံ့နှံ့နေသည့် သတင်းတပုဒ်ကို ပြန်အမှတ်ရမိ ပါတယ်။ စိတ်ဝေဒနာရှင် အမျိုးသမီးတဦး လမ်းပေါ်မှာ ကလေးမွေးသည့် ကိစ္စ။ စိတ်ဝေဒါနာသည်ကိုတောင် ဘယ်သူများ လက်ဆော့ ခြေဆော့ခဲ့ လေသလဲ။ ထိုအမျိုးသမီးက ရင်ဟိုက်တွေ ဘာတွေများ ဝတ်လိုက်မိလေးသလားလို့ တွေးပြီး အပြစ်တင်ရမလား။ သို့သော် ကံကောင်းစွာ လူမူရေး အသင်းတခုက သိရှိသွားပြီး တာဝန်ယူသွားသည်ဟု ကြားရသည်။ မည်သို့ တာဝန်ယူသည်တော့ မသိရ။ တယောက်က ဝင်၍ မှတ်ချက်ပေးထားသည်ကိုပါ သတင်းထဲမှာ ထည့်ရေးထားတော့ ရင်လေးရင်း အတွေးပွားရ ပြန်တယ်။ သူရေးထားတာက ဧရာဝတီဘက်မှာလည်း အဲ့ဒီလိုမျိုး ရှိလို့ သားကြောဖြတ်ပေးထား ရတယ်။ သူ့ကိုရော လုပ်ပေး လိုက်ကြပါလားတဲ့။ ကွန်မန့်ရေးသူ စေတနာနဲ့ ပြောတာ ဖြစ်ချင်ဖြစ်ပါတယ်။ ကိုယ့်မှာတော့ ဘုရားတမိပါတယ်။
တဖက်ကလည်း သိပ်တော့ မအံ့မိပါ။ ၂၀၁၅ ခုနှစ်အတွင်း Gender Equality Network က ပြုလုပ်ခဲ့တဲ့ သုတေသန တခုမှာ မီဒီယာ (အဓိကအားဖြင့် ပုံနှိပ်မီဒီယာများ) များတွင် ကျား/မရေးရာနဲ့ ပတ်သတ်လာလျှင် အမျိုးသမီးတွေကို နှိမ်ချ ရေးသားကြတာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးကြောင်း ဖော်ထုတ် တင်ပြတားတယ်။ အဓိက တွေ့ရှိတဲ့ အချက်ကလည်း အထက်က ပြောခဲ့တဲ့ ပုံစံမျိုးတွေ များတယ်။ မုဒိမ်းမှု တခု ဖြစ်တယ်၊ မီဒီယာတွေက ရေးသားကြရမှာ မိန်းကလေးတွေ အနေအထိုင် ပြုပြင်ဖို့ ဆိုတာချည့် ဇောင်းပေး ရေးကြတယ်။ ဒါဟာ မှားယွင်းနေတဲ့ စံနှုန်း၊ မညီမျှ နေတဲ့ စံနှုန်းတခုကို သိလျက်ဖြစ်စေ၊ မသိလျက် ဖြစ်စေ ဖြန့်ဝေနေခြင်း ဖြစ်တယ်။ အခြား တဖက်တွင်လည်း victim blaming ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။
victim blaming ဘာ့ကြောင့် ပြုလုပ်ရတာလဲ ဆိုရင် ယဉ်ကျေးမှု စံနှုန်းတွေကို အခြေပြုကာ စဉ်းစားတွေးခေါ် ပြုမှုကြခြင်း ဖြစ်ပါတယ်။ တဖက်ကလည်း အကြမ်းဖက်ခံရသူရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို လစ်လျူရှု လိုက်ခြင်း ဖြစ်ပါတယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ ကိုယ့်ပါးကို လူတယောက်က အသားလွတ် လာရိုက် ရင် ဘယ်လိုခံစားရမလဲ။ ဒီကြားထဲ ရိုက်တဲ့သူက ပြောသွားသေးတယ်။ မင်းပါးလေးက ဖြူဖြူနုနုလေး ရိုက်ချင်စရာကိုး လို့။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုတာ ဒီထက် အဆမတန် ဆိုးဝါးလှပါတယ်။ အခုလို victim blaming လုပ် လိုက်ခြင်းဖြင့် ပြဿနာ တွေရဲ့ မူရင်ဇာစ်မြစ်ကို ရေလိုက်လွဲသွားစေပါတယ်။ လိင်အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြို တင်ကာကွယ်ရအောင် အမျိုးသမီးတွေကို လုံလုံခြုံခြုံ ဝတ်တိုင်း ကောင်းသွားမှာလား။ ဟိုးအရင် အဲ့သလို ဝတ်တုန်းက ရော မုဒိမ်းမှုဆိုတာ မရှိဘူးလား။
တကယ်တော့ အကြောင်းတရား ပေါင်းစုံဖြစ်တည်မှ ဖြစ်လာတာပါ။ လူတွေဟာ ပညာရေး အားနည်းလာတယ်၊ ဆင်ခြင်ဉာဏ် အားနည်းလာမယ်၊ သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေမရှိဘူး။ (အားနေရင် မကောင်း တာ ပိုလုပ်ချင်တာ သဘာဝ)။ လူတွေကို ယဉ်ကျေးအောင် လုပ်ပေးတဲ့ လူမှုအထိန်းအကွပ်တွေ ယိုယွင်းလာတယ်။ တချိန်ထဲမှာပဲ သူတို့ အတွက် ဥပဒေ အထိန်းအကျောင်းတွေက အားနည်းလာမယ်။ ဥပမာ လမ်းပေါ်မှာ မိန်းကလေး တယောက်တည်း ညဘက် အေးအေးဆေးဆေး လမ်းလျှောက်လို့ ရအောင် လုံခြုံရေး အားကောင်းနေမယ် ဆိုရင် ဖြစ်နိုင်ခြေက နည်းသွားမှာ ပါ။
မုဒိမ်းကောင်တွေဟာ အားနည်းတဲ့ ပစ်မှတ်တွေကို အခွင့်ကောင်းယူပြီး ပစ်မှတ်ထားတတ်ပါတယ်။ ဥပမာ ယုံကြည် စိတ်ချရသူတွေက မုဒိမ်းမှု ကျူးလွန်တတ်ကြတာပါ။ သက်ငယ် မုဒိမ်းမှုတွေမှာ ဒီသဘော ထင်ထင်ရှားရှား မြင်ရပါ မယ်။ တကယ်တမ်း လုပ်ရမှာက မိန်းကလေးကို ဘယ်လို နေရာတွေဟာ လုံခြုံရေးအတွက် မသင့်တော်ဘူး။ ဘယ်လို အချိန်ဆို မသွားသင့်ဘူး။ တကယ်လို့ ကြုံလာခဲ့ရင် ဘယ်လို တုံ့ပြန်ရမယ် ဆိုတာမျိုးသာ လေ့ကျင့်သင်ကြား ပေးထားရမှာပါ။ အဲသည်လို မဟုတ်ဘဲ မိန်းမတွေ အဝတ်အစားကို လှအောင်ပအောင် မဝတ်နဲ့မုဒိမ်းကျင့်ခံရလိမ့်မယ် လို့ ဘယ်လို စဉ်းစားချက်နဲ့များ သင်ကြားရမှာပါလိမ့်။ မတွေးတတ်အောင်ပါပဲ။
တဖက်ကလည်း ဒီသဘောထားတွေ ပြန့်နှံ့ရှိနေသေးတယ် ဆိုတာ မြန်မာပြည်အတွက် များစွာကြိုးပမ်းရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေကို တန်းတူညီတူ ဆက်ဆံတာဟာ လူတယောက်အနေနဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အခုလို အမျိုးသမီးတွေကို နှိမ်ချ ဆုံးမတာဟာ ကျား/မ အခြေပြု အကြမ်း ဖက်မှုတွေကို ပိုပြီး တွန်းအား ဖြစ်စေပါတယ်။ ကျူးလွန်သူကလည်း ကျူလွန်းချင်စရာကိုး၊ အဲ့ကောင်မကမှ အနေအထိုင် မတတ်တာကိုးလို့ မြင်စေပြီး အမှန်တကယ် ပြစ်မှု ကျူးလွန်သူကပဲ မတော်တဆ မှားမိသလိုလို ထင် ယောင်ထင်မှား ဖြစ်စေပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ တချို့နေရာတွေမှာ မုဒိမ်းမှု ကျူးလွန်သူနဲ့ ပြန်ပေးစားတဲ့ အဖြစ်တွေ ရှိနေသေးတာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ အလျော်ပေး ဆုံးဖြတ်တာ ရှိနေသေးတာ ဖြစ်ပါတယ်။ ပါကစ္စတန်လို နိုင်ငံမျိုးမှာတော့ မုဒိမ်းမှု ကျူးလွန်သူနဲ့ ပြန်ပေးစားတာမျိုးလည်း ရှိသလို၊ မုဒိမ်းမှု ကျူးလွန်ခံရသူကို မိသားစု သိက္ခာကျစေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ပစ်တာ (honor killing) ဆိုတာမျိုးထိ ရှိပါတယ်။
အဲ့သည်လို ကျူးလွန်ခံရသူကို အပြစ်တင်တဲ့ အလေ့အထဟာ အမှန်တကယ် ကျူးလွန်သူတွေ ထုတ်ဖော် တိုင်ကြား လာစေဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ငါတော့ ပြောလိုက်ရင် အရှက်ကွဲတော့မှာပဲ။ အပြောခံရ တော့မှာပဲတွေးကာ ကျိတ်မှိတ် ဖုံးကွယ်ထားကြတော့တယ်၊ ဒါမှမဟုတ် ကိုယ့်သာဘာ ဖြေရှင်းရင်း အသက်ဆုံးရှုံးရသည်အထိ ဖြစ်တော့ တယ်။
တကယ်တော့ မုဒိမ်းမှုဆိုတာ Grave violence ကြီးမားသည့် ပြစ်မှုဖြစ်ပြီး စေ့စပ်ကျေအေးခြင်း မပြုထိုက်တဲ့ အမှု လည်း ဖြစ်ပါတယ်။
ကျား/မ သဘာဝကို အခြေပြုပြီး ပြောဆိုနှိပ်ကွပ်တာတွေဟာ မလုပ်သင့်တဲ့ အရာတွေပါ။ ဘာကြောင့် အမျိုးသမီး တွေကို အပြစ် မတင်သင့်တာလဲ ဆိုရင် ရှင်းပါတယ်၊ လူသားအားလုံးဟာ တူညီတဲ့ အခွင့်အရေးရကြရမှာပါ။ အမျိုး သမီးတိုင်းဟာ တန်းတူညီမျှတဲ့ အခွင့်အရေးရှိပါတယ်။
အခုလို လုပ်ခြင်းဟာ အမျိုးသမီးတွေကို နှိမ်ချ ဆက်ဆံလိုက်ခြင်း လူမဆန်ခြင်းပါ။ ခွဲခြားဆက်ဆံခြင်းလည်း ဖြစ်ပါ တယ်။ အခြေခံ လူအခွင့်အရေးကို ချိုးဖောက်ခြင်းလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ လူသားတိုင်း ရသင့်တဲ့ အခွင့်အရေး ဖြစ်နေလို့ပါ။ တကယ်လို့ တန်းတူညီမျှမှုတွေ မရှိဘူး။ အမျိုးသမီးတွေဟာ တဆင့်နိမ့်တွေလို့ ယူဆကြ တဲ့အခါ အကြမ်းဖက် အနိုင်ကျင့် အမြတ်ထုတ်တာတွေ ဖြစ်လာတော့တယ်။ ကျားမ အခြေပြု အကြမ်းဖက်မှုလို့ သုံးနှုံးကြပါတယ်။
ကျား/မ အခြေပြု အကြမ်းဖက်မှု ဆိုတာ ဘာလဲ။ လူမူအသိုင်းအဝန်းက လက်ခံထားတဲ့ ကျားဖြစ်ခြင်း မ ဖြစ်နေခြင်း ကြောင့် ဆန္ဒမပါဘဲ ပြုလုပ်ခံရသော အန္တရာယ်ရှိသည့် အပြုအမှု၊ လုပ်ရပ်မျိုးစုံကို ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဂျင်ဒါသမားလို့ ပြောလိုက်တာနဲ့ မိန်းမဝါဒီ (feminist) အဖြစ် အလွယ်ရှုမြင်ကြပါတယ်။ မိန်းကလေးတွေဟာ အ ကြောင်း တရားများစွာကြောင့် ပိုပြီး သားကောင်ဖြစ်ရတာ မှန်ပေမယ့် အမျိုးသားတွေ၊ ယောက်ျားလေးတွေလည်း မလွတ်ပါဘူး။ ပါဝင်ခံစားရပါတယ်။ အခုဆိုရင် ယောက်ျားလေး တယောက်ကို မတော်မတရားလုပ်တာတွေ ကြား နေကြပါပြီ။ အဆိုပါ အန္တရာယ်ရှိတဲ့ အပြုအမှု ဆိုတဲ့ အထဲမှာ လိင်အကြမ်းဖက်တာ၊ လိင်အမြတ်ထုတ်တာ၊ ဇွတ်အတင်း အိမ်ထောင်ချပေးတာ၊ ပြည့်တန်ဆာ လုပ်ခိုင်းတာ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ ပြင်းထန်တဲ့ ရိုးရာအစဉ် အလာ အပြုအမှု (ဥပမာ- မုဆိုးမ ဆိုရင် အမွေမရတာ၊ မုဒိမ်းမှု ဖြစ်လာရင် မိန်းကလေးကိုသာ အပြစ်တင်တာ) တွေ ပေါင်းစုံပါဝင်ပါတယ်။ မြန်မာပြည်မှာတော့ ဒါတွေနဲ့ ပတ်သတ်တဲ့ စာရင်းအင်း အချက်အလက် ရရှိဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းများရဲ့ အတွေ့အကြုံအရ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလောက် အသိပေး တိုင်ကြားတာ နည်း လွန်းနေပါသေးတယ်။ ငုပ်လျှိုးကာ ဖြစ်နေတဲ့ သဘောပါ။
အထက်ပါ Gender Equality Network ၏ လေ့လာမှုတွင်ပင် မီဒီယာများနဲ့ ပတ်သက်သည့် ဖော်ပြထားသည့် အချက်အလက် တချို့မှာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ မီဒီယာများတွေထဲမှာ သတင်းစာ ၂၂ ရာနှုန်းနဲ့ ဂျာနယ် ၃၁ ရာနှုန်းကသာ ကျား/မ ရေးရာ ခွဲခြားဆက်ဆံမှု သတင်းများကို ဖော်ပြပေးကြတယ်။ ဖော်ပြမှု ပုံစံကလည်း အစွန်း နှစ်ဖက် ရောက်တယ်။ တချို့ကျတော့ စစ်ပွဲတွေ ပြဿနာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရေးရင် သနားစရာ ဒုက္ခရောက် နေတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အကြောင်း ထင်ရှားအောင် ရေးပြရင်း အမျိုးသမီးတွေဟာ အားနည်း တဲ့သူ၊ ကူရာမဲ့ သဘော အလိုလို သွတ်သွင်းပြီးသား ဖြစ်စေတယ်။ တခြားတဖက်မှာလည်း အထက်က ပြောခဲ့တဲ့ အတိုင်း ပုံဖျက်မြင်တာ မျိုးပါ။ သတင်းကိုးကား ဖော်ပြမှုမှာလည်း အမျိုးသမီးတွေကို ကိုးကားဖော်ပြတာက သတင်း စာမှာ ၂၂ နဲ့ ဂျာနယ်မှာ ၃၁ ရာခိုင်နှုန်းသာ ရှိပါတယ်။
တချိန်တည်းမှာလည်း မီဒီယာ လောကကိုယ်တိုင်ပင်လျှင် ကျား/မ ရေးရာ ခွဲခြားမှုများ ကျယ်ပြန့်စွာ ရှိနေသေးခြင်းကို ကျား/မ အလုပ်အကိုင် ရရှိမှု၊ အမျိုးသမီး သတင်းထောက်များ အရေအတွက်နှင့် အနေအထားတို့ကို သုံးသပ်ကြည့် လျှင် သိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ သတိပြုသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
မီဒီယာဆိုတာ လူ့အဖွဲ့အစည်း တခုရဲ့ ပုံရိပ်ဖြစ်ပါတယ်။ ပြည်သူအများရဲ့ မတူညီတဲ့ သဘောထားအမြင်များကို ထင်ဟပ်ရာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းများကို လက်ဆင့်ကမ်း သယ်ဆောင်ရာ၊ ပုံသွင်းရာလည်း ဖြစ်ပါတယ်။ ဒီလို အရေးပါသော နေရာမှာ ရှိနေတဲ့ မီဒီယာ အနေနဲ့ အကောင်းဆုံးသော စံနှုန်းများကို လက်ကိုင်ထား သင့်တယ် ဆိုတာ ပြောစရာလိုမယ် မထင်ပါ။ ကျား/မ ရေးရာတွေ ပြောတဲ့အခါ သတင်းရေးသားသူတွေ အနေနဲ့ အလေးအနက် ဂရုပြုသင့်တယ်။ လူတိုင်းဟာ လူ့အခွင့်အရေးရ ခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ခံနိုင်ရမယ် ဆိုတဲ့ စံနှုန်းတွေ လက်ကိုင်ထားသင့်တယ် လို့ မြင်ပါတယ်။
မြန်မာပြည်သူတွေ အားလုံး အတွက် အစဉ်အလာတွေကို ရုန်းမထွက်နိုင်သေး သော်လည်း လူချင်း အတူတူ တန်ဖိုး ချင်း မျှမျှ ဖြစ်လာဖို့ ဆိုရင်တော့ လေးလေးနက်နက် ရဲရဲဝံ့ဝံ့ ရှေ့ဆက်လှမ်းရမှာ ဖြစ်ပါတယ်။ မီဒီယာများက ဦးဆောင် ကဏ္ဍမှ ပါဝင်နိုင်ကြပါစေ။
(လင်းငယ်သည် ပြည်တွင်းအခြေစိုက် ဆရာဝန်တဦး ဖြစ်သည်)