ရခိုင်ပြည်မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီး ဂျနီဗာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာဟာ အတော်လေး ပြင်းထန်လာတာ တွေ့ရပါတယ်။
ဒီအစီရင်ခံစာကို အခြေခံပြီး ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်တွေကို သတ်ဖြတ်နေတာတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီးရဲ့တိုက်တွန်းနှိုးဆော်ချက်လည်း တဆက်တည်းထွက်လာပါတယ်။ ဒါအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ် ကလည်း ဒီကိစ္စကို လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆွေးနွေးဖို့အထိ တိုက်တွန်းပြောကြားလာပါတယ်။
မြန်မာအစိုးရကတော့ ဒီကိစ္စကို နိုင်ငံတကာက ကျေနပ်လောက်စရာ တုံ့ပြန်မှု မလုပ်သေးပါဘူး။ ဒုသမ္မတဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ထားပါတယ်ဆိုတာနဲ့ ကိုဖီအာနန်ကော်မရှင်ရှိပါတယ်ဆိုတာလောက်ပဲ တုံ့ပြန်ပါတယ်။ ဘူးသီးတောင်၊မောင်တောဒေသ နယ်မြေစစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ၌ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဦးစီးဆောင်ရွက်နေကြောင်းကလည်း နောက်ဆက်တွဲဖြစ်ရပ်တွေပါပဲ။
တကယ်တမ်းမှာ မကြာသေးခင်နှစ်တွေက ဖြစ်စဉ်တွေကို အကြမ်းဖျင်းပြန်ကြည့်ရင် ၂၀၁၂ခုနှစ်မှာတော့ ရခိုင်လူထုရော ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင် လူထုပါ ပဋိပက္ခမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် မနှစ်က ဖြစ်ခဲ့တဲ့ ရဲစခန်းတွေ စီးနင်းမှုမှာတော့ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင် လက်နက်ကိုင်တွေက ရခိုင်ပြည်သူလူထုကို မထိခိုက်စေခဲ့သ လို ရခိုင်လူထုကလည်း ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိပါဘူး။
ဒီအချိန်မှာ ပဋိပက္ခဟာ ဘယ်သူတွေ ကြားမှာ ရှိတယ်ဆိုတာ နည်းနည်းပိုရှင်းလာပါတယ်။
အစိုးရအဆက်ဆက် (သို့မဟုတ်) စစ်တပ်နဲ့ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်တွေကြားမှာပဲ ပြဿနာက အဓိက တည်ရှိနေပြီး ရခိုင်လူထုဟာ ၂၀၁၂ခုနှစ်မှာ ပြဿနာထဲ ဆွဲသွင်းခံခဲ့ရတာမျိုးမြင်လာရပါတယ်။
တဖက်က ပြန်ကြည့်ရင်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ white card တွေနဲ့ မဲထည့်ခိုင်းခဲ့တာလည်း USDP အစိုးရပဲဖြစ် တာမို့ စစ်တပ်နဲ့ စစ်တပ်နောက်ခံအင်အားစုတွေဟာ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်အရေးကို နိုင်ငံရေး ရေချိန် နဲ့ ချိန်ညှိဆောင်ရွက်နေသလို သဘောမျိုးလို့ ယူဆစရာဖြစ်လာပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ တွေဟာ အများပြောကြသလို လူမှုအသိုက်အဝန်း၂ခုကြားက ပြဿနာဟုတ်ရဲ့လား တွေးစရာပါ။
ဖြစ်ရပ်တွေရဲ့ပုံစံ pattern တွေအရ ဆိုရင်တော့ ဒါဟာ နိုင်ငံရေးအားပြိုင်မှု အသွင်မျိုးရုပ်လုံးပေါ်လာတာ တွေ့ရပါတယ်။
ဒီအားပြိုင်မှုကြောင့် ဘယ်သူတွေ အသာရပြီး ဘယ်သူတွေ အနာရလဲ ကြည့်ရအောင်။ ၂၀၁၂ ပဋိပက္ခကြီးကြောင့် နှစ်ပေါင်း များစွာအားကောင်းခဲ့တဲ့ ရွှေဂက်စ်ဆန့်ကျင်ရေး လှုပ်ရှားမှု ကျဆုံးခဲ့ရပါတယ်။
ဆယ်စုနှစ်နဲ့ချီ အဆင်ပြေခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်တွေကြားက ဆက်ဆံရေး လည်း လုံးဝပျက်စီးသွားပါတယ်။ ရခိုင်ပြည်နယ်မှာ အမျိုးသားရေးအုပ်စုတွေ အားကောင်းလာပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ အားနည်းသွားပါတယ်။
လုံခြုံရေးအကြောင်းပြချက်ကြောင့် ရခိုင်လူထုဟာ ဦးသိန်းစိန်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ကာလအတော်ကြာ လက် ခံခဲ့ရပါတယ်။ ၂၀၁၀နောက်ပိုင်း မြန်မာတနိုင်ငံလုံး လူမှုစီးပွားအပြောင်းအလဲမှာ ရခိုင်ပြည်နယ်က စီးပွားရေးကတော့ သိသိ သာသာကျဆင်းခဲ့ရပါတယ်။
ဒါအပြင် ရခိုင်လူမျိုးတွေဟာ သဘောထားတင်းမာသူတွေ၊ ရခိုင်ပြည်နယ်ဟာ မလုံခြုံတဲ့နေရာလို့ ပြည်တွင်းရောပြည်ပမှာပါ သတ်မှတ်ပြောဆိုခံလာရပါတယ်။ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက်လည်း ကံဆိုးမသွားရာ မိုးလိုက် ရွာဆိုသလိုပါပဲ။ နဂိုတည်းက နိုင်ငံသားအခွင့်အရေးတွေ ဖိနှိပ်ကန့်သတ်ခံထားရတဲ့အပေါ်မှာ နေအိမ်တွေ စွန့်ခွာရ၊ ဒုက္ခ သည်စခန်းတွေမှာ ပိတ်လှောင်ခံရနဲ့ လူသားအဖြစ်ကနေပါ လျှော့ချခံရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။
ဒါဆို အသာရသွားခဲ့သူတွေက ဘယ်သူတွေများလဲ။ တရုတ်ရဲ့ရွှေဂက်စ်စီမံကိန်းနဲ့ ပိုက်လိုင်းကိစ္စဟာ မြန်မာ့နိုင်ငံရေး ပြဿနာထဲက အသံတိတ်သွားပြီး ကင်းလွတ်ခွင့်ရသွားပါတယ်။
မြန်မာတပြည်လုံးမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေ အမည်မသိလူအုပ်ကြီးဆိုသူတွေက စိတ်ကြိုက်ဖန်တီးနိုင် ခဲ့ကြပြီး အမျိုးသားရေးအုပ်စုတွေထူထောင်ပြီး နေရာ ခိုင်ခိုင်မာမာရလာခဲ့ပါတယ်။ အဲဒီကတဆင့် NLD ပါတီကိုလည်း နိုင် ငံရေးတိုက်ခိုက်မှုတွေ လုပ်နိုင်ခဲ့ကြပါတယ်။
နယ်မြေမငြိမ်သက်မှုတွေကြောင့် ဒီနေ့ဒီအချိန်ထိ စစ်တပ်ဟာ ရခိုင်ပြည်နယ်ကို ရာနှုန်းပြည့်နီးပါး လွှမ်းမိုးချုပ်ကိုင်ခွင့်ရလာ ခဲ့ပါတယ်။ ၂၀၁၂ ပဋိပက္ခအပြီးမှာ အုပ်စု၂စုခွဲခြားထားခံရပြီး အခြေအနေတည်ငြိမ်သလိုဖြစ်လာခဲ့ပေမယ့် တကယ့်ပြဿနာ အရင်းအမြစ်ကို မဖြေရှင်းဘဲ ပြဿနာကို မွေးထားသလိုဖြစ်ခဲ့တော့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းမှုအတွက် နည်းမှန်လမ်းမှန် ဖြေရှင်းချက်တွေ ထွက်မလာခဲ့ပါဘူး။
ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့အချိန်မှာ ပိုကောင်းတဲ့အနေအထားတခုဖြစ်လာနိုင်ဖို့ ရခိုင်ပြည်နယ်က ရခိုင် လူမျိုးတွေရော မွတ်စလင်တွေပါ လူထုအားလုံးက မျှော်လင့်ခဲ့ကြပုံရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးမသုံးစွဲဖို့ အစိုးရသစ်က ကြေညာလိုက်တဲ့အခါ ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက် မျှော်လင့်ချက်မဲ့သလိုဖြစ် သွားပုံရပါတယ်။
ဒီနောက်ပိုင်းမှာတော့ အောက်တိုဘာ ၉ ရက် ရဲစခန်းတွေ စီးနင်းမှုပေါ်လာတာပါပဲ။ အပျော့လိုင်းမှာ အားမကောင်းတော့လို့ အမာအုပ်စုတွေ သည်းမခံနိုင်တော့ဘဲ ခေါင်းထောင်ထွက်လာတဲ့သဘောလို့ မြင်ရပါတယ်။
အဓိကပြောချင်တာကတော့ အဖြေမှန်ကို ဦးမတည်နိုင်ဘဲ သံသရာလည်နေတဲ့ ရခိုင်ပြည်နယ်အရေးမှာ ရခိုင်လူထုရော ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်က မွတ်စလင်လူထုပါ အစစအရာရာအထိနာခဲ့ရရုံမက မြန်မာပြည်ဟာလည်း အစွန်းရောက် တိုင်းပြည်တခုသဖွယ် နိုင်ငံတကာမှာ ပုံဖော်ခံလိုက်ရတော့တာပါပဲ။
ဒီကိစ္စဟာ ဒီတိုင်း ရေရှည်ဆက်သွားနေလို့မရပါဘူး သင့်တော်တဲ့နည်းလမ်းတွေနဲ့ ရေရှည်ဖြေရှင်းနည်းတွေ ရှာဖို့လိုပါတယ်။ ဒီလိုအဖြေရှာဖို့မှာ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးခေတ်ပညာတတ်လူငယ်တွေအနေနဲ့ ရှေ့ဆောင်လှုပ်ရှားသင့်တယ်လို့ မြင်ပါတယ်။ ဒါကို ပြည်မက လူငယ်တွေကလည်း အားပေးကူညီပေးဖို့ လိုပါတယ်။
ရခိုင်လူငယ်တွေအနေနဲ့ နိုင်ငံရေးအားပြိုင်မှုတွေ လှည့်ကွက်တွေ သွေးထိုးမှုတွေကို ပါးပါးနပ်နပ်ရှောင်ရှားပြီး ရခိုင်ပြည် နယ်မှာ အရင်ကရှိခဲ့တဲ့ မတူတဲ့ ဘာသာလူမျိုးတွေကြားက သဟဇာတဖြစ်မှုကို ညီညီညွတ်ညွတ် ပြန်လည်တည်ဆောက် ဖို့လိုပါတယ်။ ဒီကနေတဆင့် ရခိုင်ပြည်နယ်ရဲ့ချောင်ထိုးခံထားရတဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တဆင့် ချင်း ပြန်လည်ထူထောင်ကြရမှာဖြစ်ပါတယ်။
နိုင်ငံရေးဖိအားတွေကြားမှာ အသံတိတ်ပျောက်ကွယ်နေတဲ့ ရခိုင်ပြည်နယ်က လူမှုအသိုက်အဝန်းတွေအားလုံးရဲ့ပကတိ အသံတွေကို စုစည်းပြီး ရခိုင်ပြည်ကြီးကို ခေါင်းပြန်မော်နိုင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရင်း တနိုင်ငံလုံးရဲ့ ငြိမ်းချမ်း မှုကို အတူတကွ တည်ဆောက်ကြဖို့ တိုင်းပြည်ကို ချစ်တဲ့လူငယ်အားလုံးကို ဒီစာစုနဲ့ နှိုးဆော်လိုပါတယ်။
(မိုဃ်းသွေးသည် နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရှေ့တန်းမှ တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည်)