သမဂ္ဂ ပြန်လည်တည်ဆောက်ရေး တပ်မတော်ကို ဖိတ်ကြားခြင်း

မိုဃ်းသွေး
၁၉၆၂ ခုနှစ် ဇူလိုင်လအတွင်း စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦး
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တက္ကသိုလ် ထဲက တကသ အဆောက်အအုံကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ NLD ခေါင်းဆောင်တွေ အပါအဝင် ကျောင်းသား မျိုးဆက်တွေ ပါဝင်ပြီး အသစ် ပြန်လည် တည်ဆောက်ကြဖို့ စတင် ဆောင်ရွက်နေကြပြီလို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ မတရား ဖိနှိပ်ရက်စက်မှုတွေကို အဆုံးသတ်ပြီး ဒီမိုကရေစီ ခရီးဆက်ဖို့ရာ တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ကနေ စပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး မျိုးစေ့ကို ပျိုးထောင်ကြဖို့ ဖြစ်နိုင်မလား စဉ်းစားမိပါတယ်။

အရင်ဆုံး ဒီအဆောက်အအုံနဲ့ ပတ်သက်လို့ သမိုင်းအကျဉ်းလေးကို အနည်းငယ်ပြောချင်ပါတယ်။ ဒီအဆောက်အအုံ ဟာ ၁၉၂၀ ပထမ ကျောင်းသားသပိတ် အပြီး ၁၉၂၆ ခုနှစ်မှာ ဦးညိုဆိုတဲ့ လူချမ်းသာတဦးက လှုဒါန်းခဲ့တဲ့ ငွေကျပ် ၁ သိန်း ၇ သောင်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်း ၁၉၃၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ကြပြီး ကျောင်းသား ကိုကျော်ခင်က ပထမဆုံး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ဥက္ကဋ္ဌ ကတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ကိုဗဆွေလေး ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဟာ အခု ပြန်လည်ဆောက်လုပ်မယ် ဆိုတဲ့ တကသ အဆောက်အအုံမှာ ရုံးစိုက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၅-၃၆ ခုနှစ်တွေမှာ ဒီနေ့ ဗကသ ရယ်လို့ ဖြစ်လာမယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌက ကိုရာရှစ်နဲ့ ပထမဆုံး အထွေထွေ အတွင်းအရေးမှုးက ကိုအောင်ဆန်း ဖြစ်ပါတယ်။ ကိုအောင်ဆန်းဟာ နောင်မှာတော့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာပါတယ်။ ဗကသ ဟာလည်း တကသ အဆောက်အအုံမှာ ရုံးစိုက်ခဲ့ပါတယ်။

တကသ အဆောက်အအုံဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပုန်ကန်တော်လှန်ခဲ့တဲ့ ကျောင်းသား တပ်ဦးတွေရဲ့ ဌာနချုပ် ဖြစ်ခဲ့ပြီး မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင် အတော်များများဟာ တကသ အဆောက်အအုံမှာ ကျောင်းသားလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ဖူးကြပါတယ်။

အဲ့ဒီ ကျောင်းသားလှုပ်ရှားမှုတွေ ကနေ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အဖြစ် အဆင့်ဆင့် ဖြစ်ထွန်းခဲ့ပြီး မြန်မာပြည်ကို နယ်ချဲ့အောက်က လွတ်လပ်ရေး အရယူနိုင်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံဟာ သာမန် အဆောက်အအုံ တခုမဟုတ်ဘဲ မြန်မာ့လွတ်လပ်ရေးရဲ့ ဘူမိနက်သန် တခု ဖြစ်ပြီး အစဉ်အလာ ကြီးမားလွန်းတဲ့ သမိုင်းပြယုဂ် တခုလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာလည်း ကျောင်းသားသမဂ္ဂ အဆက်ဆက်ဟာ ဒီအဆောက်အအုံမှာ ဆက်လက် ရှင်သန်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် ရောက်တဲ့ အခါမှာတော့ ပါလီမန်ဒီမိုကရေစီ အစိုးရဆီကနေ တိုင်းပြည်အာဏာကို ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်က မတရား သိမ်းယူလိုက်ပါတယ်။ အဲ့ဒီလို စစ်အာဏာသိမ်းမှုကို ခေါင်းငုံ့ မခံဘဲ အန်တု ဆန့်ကျင်ခဲ့တာ ဟာလည်း တကသ အဆောက်အအုံမှာ အခြေစိုက်တဲ့ ကျောင်းသားသမဂ္ဂတွေပဲ ဖြစ်ပါတယ်။

ဆန္ဒပြပွဲများစွာနဲ့ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်နေတဲ့ ကျောင်းသားတွေ အပေါ် အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အစိုးရဟာ စိတ်ကူးနဲ့တောင် တွေးရက်စရာ မရှိတဲ့ ရက်စက်ယုတ်မာမှု တခုကို သမိုင်း အဆက်ဆက် အမည်းစက် စွန်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဓားဓားချင်း လှံလှံချင်းပဲလို့ စိန်ခေါ်ကြွေးကြော်ခဲ့ပြီး ပစ်ခတ်သတ်ဖြတ် ဖြိုခွင်း ခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တောင် သေနတ်တချက် မဖောက်ခဲ့ဖူးတဲ့ တက္ကသိုလ်မြေမှာ ကျောင်းသား ရာချီ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်တွေ ဆင်ပြီး ရန်သူ့ စစ်စခန်းသဖွယ် ဖောက်ခွဲဖျက်ဆီး လိုက်ပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားလှုပ်ရှားမှု မှန်သမျှကို အငြိုးတကြီးနဲ့ ချေမှုန်းခဲ့ပြီး ကျောင်းသားသမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့် မရအောင် စစ်အစိုးရ အဆက်ဆက် ဖိနှိပ်ကန့်သတ်ခဲ့တာ ဒီနေ့ ဒီမိုကရေစီ အစိုးရလို့ ခေါ်တဲ့ NLD အစိုးရ လက်ထက်မှာတောင် တရားဝင် ဖွဲ့စည်းခွင့် ပြန်မရသေးပါဘူး။

ဒီအချက်တွေကို တင်ပြရတာဟာ ဒီရက်ပိုင်းမှာ ရန်ကုန်တိုင်း အစိုးရက ပြန်လည် ဆောက်လုပ်မယ်လို့ ပြင်ဆင်နေတဲ့ တကသ အဆောက်အအုံရဲ့ သမိုင်းဟာ ဘယ်လောက်လေးနက်ပြီး အရေးပါသလဲ ဆိုတာ မှန်းဆနိုင်ဖို့ ဖြစ်ပါတယ်။ ဒီ တကသ အဆောက်အအုံ သမိုင်းဟာ ကျောင်းသားထု အတွက်တင် အရေးပါတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်လုယူ စော်ကားသိမ်းပိုက်သွားခဲ့တဲ့ စစ်အာဏာရှင် စနစ် အမည်းစက်တွေ ထဲက တခုလည်း ဖြစ်နေတာမို့ ပြည်သူလူထု တရပ်လုံးအတွက်လည်း အရေးကြီး သက်ဆိုင်ပါ တယ်။

၁၉၆၂ ဆဲဗင်း ဂျူလိုင်က အစ၊ ၈၈၈၈ လူထုအရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အလယ်၊ ဒီနေ့ကာလ လက်ပံတောင်း လူထုတိုက်ပွဲမှာ ၂၀၁၄ ခုနှစ်က လယ်သူမကြီး ဒေါ်ခင်ဝင်း ပစ်သတ်ခံရတဲ့ ကိစ္စ အဆုံး၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေ အပေါ် စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက တရားမဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေ အားလုံးထဲမှာ ဆဲဗင်းဂျူလိုင်လို့ ခေါ်တွင်တဲ့ ၆၂ ဇူလိုင် ၇ ရက် သတ်ဖြတ်မှုနဲ့ တကသ အဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှုဟာ အရက်စက်ဆုံး လူမဆန်ဆုံးလည်း ဖြစ်သလို တိုင်းပြည်အပေါ် စစ်အာဏာရှင်စနစ်က ပထမဆုံး စော်ကားမှုလည်း ဖြစ်ပါတယ်။

ဒီနေ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ခံ အစိုးရတရပ် အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေပြီ ဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့ အကြမ်းဖျင်းပြောရရင် အဓိက လုပ်ငန်းစဉ်ကြီး ၃ ရပ်ကို တပြိုင်တည်း ဆောင်ရွက်နေပါတယ်။ အနှစ် ၇၀ ပြည့်တော့မယ့် ပြည်တွင်းစစ်ကြီး ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ၁၉၆၂ ခုနှစ်တည်းက ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရှင်သန်ရေးနဲ့ အဘက်ဘက်က ချွတ်ခြုံကြနေတဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွားရေးကို ပြန်လည် ထူထောင်ရေးတို့ပဲ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကြီး ၃ ရပ်လုံးဟာ တကယ်တော့ အင်မတန်ခက်ခဲတဲ့ အရေးကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒီ အရေးတွေကို ဆောင်ရွက်ရာမှာ အရေးအကြီးဆုံးနဲ့ မရှိမဖြစ် လိုအပ်တဲ့ အရာကတော့ တိုင်းရင်းသား အင်အားစုအားလုံး၊ အရပ်ဘက် စစ်ဘက် အင်အားစု အားလုံးနဲ့ ပြည်သူလူထု တရပ်လုံး အကြားမှာ အမျိုးသား စည်းလုံးမှုကြီး တရပ် ရှိနေဖို့ပါပဲ။ တနည်း ပြောရရင် ရာစုနှစ် တခုနီးပါး ပျောက်ဆုံးခဲ့ရတဲ့ စည်းလုံး သင့်မြတ်မှုကို အရင်ဆုံး ပြန်လည် တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီနေ့ ပြောနေကြတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတာပါပဲ။

အရပ်ထဲက ဥပမာနဲ့ ပြောရရင် ညီအစ်ကို မောင်နှမတွေ အကြား မိဘနဲ့ သားသမီးတွေကြား ပဋိပက္ခတွေ ပေါင်းစုံနဲ့ တဂျိမ်းဂျိမ်း သတ်ပုတ်နေကြတဲ့ မိသားစုတခုဟာ ဘယ်လိုမှ သာယာပျော်ရွှင်နိုင်စရာလည်း မရှိ၊ ဘယ်လိုမှလည်း စီးပွားတိုးတက်မှု မရှိနိုင်သလို ပါပဲ။ နိုင်ငံရေး၊ လှုမှုရေး၊ စီးပွားရေး ပြဿနာတွေ ပေါင်းစုံနဲ့ မတရားမှုတွေ ပြည့်နှက် နေခဲ့တဲ့ မြန်မာပြည်ဟာလည်း ပြန်လည် ဖွံ့ဖြိုးတိုးတက်ချင်တယ် ဆိုရင် အရင်ဆုံး ပြန်လည် သင့်မြတ်ကြဖို့ လိုပါတယ်။

ပြန်လည် သင့်မြတ်ကြဖို့ အတွက် ဘယ်အရာတွေက အဓိက ကျပါသလဲ။ ဒါဟာ ကျနော်တို့ ခေတ်ရဲ့ အဓိက အကျဆုံး မေးခွန်းတခု ဖြစ်ပါတယ်။ ဒီမေးခွန်းကို ကျနော်တို့ အားလုံး ရိုးရိုးသားသား ရဲရဲရင့်ရင့်နဲ့ ဖြေရပါလိမ့်မယ်။ အလွယ်ဆုံး ဥပမာတခု ပေးချင်ပါတယ်။ လူတယောက်က လူတယောက်ကို မတရား အနိုင်ကျင့် စော်ကားခဲ့ဖူးတယ် ဆိုပါစို့။

တချိန်မှာ အခြေအနေ အရပ်ရပ်ကြောင့် အဲ့ဒီလူ နှစ်ယောက်ဟာ အလုပ်အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ ဖြစ်လာတယ် ဆိုပါစို့။ အဲ့ဒီလို အချိန်မှာ တချိန်က အနိုင်ကျင့်စော်ကားခဲ့တဲ့သူ အနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ် အပေါ် တစုံတရာ တာဝန်ခံမှု (တနည်းအားဖြင့်) မတရားလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တရားမျှတမှု တစုံတခု ပြန်လည် ဖော်ထုတ်ပေးဖို့ မဖြစ်မနေ လိုကို လိုအပ်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ မတရားခံခဲ့ရသူဟာ အဲဒီလူကို ခွင့်လွှတ်နိုင်ခဲ့ရင်တောင် သူ့ရဲ့ မတရားလုပ်ခဲ့ဖူးတဲ့ စရိုက်နဲ့ တာဝန်မဲ့မှု အပေါ် ဘယ်လိုမှ တခါပြန် ယုံကြည်ပေး နိုင်စရာ အကြောင်း မရှိပါဘူး။ ယုံကြည်မှု ဆိုတာ မရှိရင် အဲ့ဒီလူ ၂ ယောက်အကြားမှာ ဘယ်လိုနည်းနဲ့မှ ပြန်လည်သင့်မြတ်ဖို့ အကြောင်း မရှိသလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်း လမ်းမရှိတော့ပါဘူး။ ဒါဟာ ဒီနေ့မြန်မာပြည် ရင်ဆိုင်နေရတဲ့ လက်တွေ့ အခြေအနေပါပဲ။

အထက်မှာ တင်ပြခဲ့သလို ၁၉၆၂ ခုနှစ်က စလို့ ပြည်သူလူထုအပေါ် လူမဆန်စွာ အနိုင်ကျင့် စော်ကားမှုတွေ ကျူးလွန် ခဲ့တဲ့ စစ်အာဏာရှင် စနစ်ရဲ့ ဆိုးကျိုးတွေကို တာဝန်ယူ တာဝန်ခံဖို့ဟာ ဒီနေ့ မြန်မာ့တပ်မတော်မှာ တာဝန် အပြည့်အ၀ ရှိနေပါတယ်။ ဒီတာဝန်နဲ့ ပတ်သက်လို့ လက်ရှိ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့  သူတို့ မလုပ်ခဲ့ဘူး၊ သူတို့နဲ့ မဆိုင်ပါဘူး လို့ ငြင်းဆိုကြပါလိမ့်မယ်။

လက်ရှိကာလ တပ်မတော်ခေါင်းဆောင် အများစုဟာ သမိုင်းထဲက ပဋိပက္ခတွေမှာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချ အမိန့် ပေးခဲ့သူ ရှားကောင်း ရှားပါလိမ့်မယ်။ ဒါပေမယ့် အဖွဲ့အစည်းတွေရဲ့ သဘောမှာ အဆက်ဆက် ခေါင်းဆောင်တွေ တာဝန်ရှိသူတွေဟာ မိမိအဖွဲ့အစည်း အတွက် ကောင်းမွေတင်မက ဆိုးမွေကိုပါ တာဝန်ခံကြရတာဟာ အခြေခံ စည်းမျဉ်းတခုပဲ ဖြစ်ပါတယ်။

ဥပမာတွေ ပြောရရင် ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်စစ်တပ်ရဲ့ မတရား လုပ်ရပ်တွေ အတွက် လက်ရှိ ဂျပန်အစိုးရနဲ့ ပြည်သူတွေဟာ အာရှတိုက် တခုလုံးနီးပါးကို ၁၉၅၀ ခုနှစ်ကနေ ဒီနေ့ထိ ဝန်ချတောင်းပန်နေဆဲ ဖြစ်ပါတယ်။ နောက် တခုက ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၆၄ ခုနှစ်မှာ ဂျာမနီ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဝီလီဘရန့်ဟာ ဟစ်တလာရဲ့ ညှဉ်းပန်း သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ရှိတဲ့၊ ဂျူး အကျဉ်းစခန်းဟောင်း တခုက အမှတ်တရ ကျောက်တိုင် ရှေ့မှာ ၁၉၇၀ ခုနှစ် တုန်းက ဒူးထောက်ပြီးတော့ တောင်းပန်ခဲ့ပါတယ်။

တကယ်တော့ ဝီလီဘရန့်ဟာ နာဇီဝါဒကို ဆန့်ကျင်ခဲ့သူ တယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် မလုပ်ခဲ့ပေမယ့် သူ့တိုင်းပြည်ရဲ့ အမှားကို သူခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ သတ္တိရှိရှိ တာဝန်ခံခဲ့တာဖြစ်ပါတယ်။

ရှေ့က တင်ပြခဲ့တာတွေကို ပြန်ဆက်စပ်ရရင် လက်ရှိ ပြောဆိုနေကြတဲ့ တကသ အဆောက်အအုံ အရေးကိစ္စဟာ ဆိုရင်လည်း ကျောင်းသားသမဂ္ဂ အဆောက်အအုံ တခု ပြန်ဆောက်ဖို့ ဆိုတာထက် အများကြီး ပိုတဲ့ သမိုင်းဆိုင်ရာ ပဋိပက္ခတခု ဖြစ်ပါတယ်။ ဒါဟာ တမျိုးသားလုံး ပြန်လည် သင့်မြတ်ဖို့ အတွက် ပထမဆုံး လမ်းစတခု ဖြစ်နိုင်သလို အဓိက အကျဆုံးသော့ချက် တခုလည်း ဖြစ်ပါတယ်။

တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရမယ့် စစ်တပ်ဟာ စစ်အာဏာရှင် စနစ်ကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထု အပေါ် အမှားတွေ ကျူးလွန်မိခဲ့တာဟာ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရတဲ့ သက်သေတွေ အပြည့်ပါ။ ဒီသက်သေတွေ ထဲမှာမှ တကသ အဆောက်အအုံ အရေးဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ခုလို နိုင်ငံရေး အရရော၊ သမိုင်းအရပါ တပ်မတော်အပေါ် စွန်းထင်းနေဆဲ ဖြစ်တဲ့ အမည်းစက်ကြီးကို လက်ရှိကာလ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ တာဝန်သိသိ ဆေးကြောသန့်စင်ရဲဖို့ လိုပါတယ်။ ဒါမှလည်း အနာဂတ် ကာလမှာ တပ်မတော်သားတွေ အနေနဲ့ ပြည်သူလူထုအပေါ် ငါတို့ဒါမျိုး မလုပ်အပ်ဘူး ဆိုတဲ့ သင်ခန်းစာတခုလည်း ရယူနိုင်မှာ ဖြစ်သလို ပြည်သူလူထု အနေနဲ့လည်း ပြန်လည် ရရှိလာတဲ့ တရားမျှတမှုနဲ့ တပ်မတော်ရဲ့ တာဝန်ခံမှုတွေ အပေါ် ယုံကြည်စိတ်ချနိုင်ပြီး အမျိုးသား ပြန်လည်သင့့်မြတ်ရေးကို အမှန်တကယ် ဦးတည်နိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရန်ကုန်တက္ကသိုလ် တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ အသွင်ကူးပြောင်းမှု ကာလ တရားမျှတရေး ဆိုတဲ့ အုတ်မြစ်ကို မပါမဖြစ် ထည့်သွင်းတည်ဆောက်ဖို့ ပါဝင်ဆောင်ရွက်သူတွေကို အကြံပြု တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် လိုလားကြောင်း သက်သေပြ ဆောင်ရွက်ဖို့ အချိန်အခါကောင်း တခု ရောက်ပြီ ဆိုတာ အသိပေးလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ တကသ အဆောက်အအုံက မပျောက်ပျက်သေးတဲ့ အရိုးတွန်သံတွေကို တရားမျှတမှု သံစဉ်တွေနဲ့ ဟာမိုနီ ယူပြီး ငြိမ်းချမ်းရေး သီချင်းတပုဒ်ရဲ့ အဖွင့်တေးသွား အဖြစ် အသွင်ပြောင်းနိုင်ရေး အတွက် အားလုံးပူးပေါင်း သီဖွဲ့ကြပါစို့လို့ နှိုးဆော်အပ်ပါတယ်။

(မိုဃ်းသွေးသည် နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရှေ့တန်းမှ တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading