“ပြင်သစ်နဲ့ အမေရိကန်ကို ဆန့်ကျင်တဲ့ စစ်ပွဲ၂ ခု အတွင်းမှာ ကျနော်တို့ နေခဲ့တယ်။ တိုက်ပွဲတွေ စတော့ ကျနော့် အသက် ၈ နှစ်ပဲ ရှိသေးတယ်။ ဒါကြောင့် ကျနော် ကျောင်းလုံးဝ မသွားခဲ့ရဘူး။”
“ပြင်သစ်တွေကြောင့် ကျနော်တို့ ပိုပြီး နစ်နာခဲ့ရတယ်။ သူတို့က ယောက်ျားတွေကို သတ်တယ်။ မိန်းမတွေကို မုဒိန်းကျင့် တယ်။ အမေရိကန်တွေက တော့ကွဲပြားပါတယ်။ ကျနော်တို့ သူတို့ကို တခါမှ မမြင်ခဲ့ရဘူး။ သူတို့က ဗုံးတွေပဲ ကျဲချတယ်။”
“ဒါပေမယ့် ပြင်သစ်တွေက ကျနော်တို့ အိမ်ကိုမီးရှို့ပစ်ခဲ့တယ်။ သူတို့က ရွာထဲကို အမြောက်တွေနဲ့ ပစ်လို့ လူ ၃၂ ယောက် သေဆုံးခဲ့ရပါတယ်။ ကလေးတွေက ဒေါသကို မသိဘူး ဒါပေမယ့် သူတို့ ကြောက်ရွံ့မှုကိုတော့ သိကြတယ်။ ကျနော် အရမ်းကြောက်ခဲ့ပါတယ်။”
ယခုအခါတွင် အသက် ၈၂ နှစ် အရွယ်ရှိပြီ ဖြစ်သော Tran Van Quy က အတိတ်အကြောင်းကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ရှင်းပြသည်။ ငွေကြေးချောင်လည်သော မြေပိုင်ရှင်မိသားစုမှ မွေးဖွားလာသူတဦး အနေဖြင့် စစ်ပွဲမတိုင်မီက သူ၏ အတွေ့ အကြုံများက ပျော်ရွှင်စရာ ကျေးလက်ဘဝတခု ဖြစ်ကြောင်း မှတ်မိနေသည်။ သူတို့မိသားစု၏ အိမ်ကျယ်ကျယ် အတွင်း တွင် ပြေးလွှားကစားသည်။ ကျွဲကျောင်းသည်။ ထမင်းနေ့တိုင်းစားရသည်။
“ဒါပေမယ့် တော်လှန်ရေးလည်း ပေါ်လာရော ကျနော်တို့ မြေတွေ အသိမ်းခံလိုက်ရတယ်။ အဲဒီ အချိန်က ကျနော် အရမ်း ဒေါသဖြစ်ခဲ့ရတယ်။ အာဏာပိုင်တွေဆီကို ကျနော် စာတွေရေးခဲ့တယ်။ ဒါပေမယ့် သူတို့က ဘယ်တော့မှ မတုံ့ပြန်ခဲ့ကြ ဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ဝယ်ဖို့ ကျနော် ဆုံးဖြတ်လိုက်ရတယ်။ ပထမဆုံးက ၁၉၆၈ မှာပါ။ အခု ကျနော်တို့ ဝပ်ရှော့နဲ့ နီးတဲ့ မြေကွက်လေးတခုပေါ့။
၁၉၅၀ နှစ်များ အလယ်ပိုင်းတွင် အကောင်အထည်ဖော်ခဲ့သော မအောင်မြင်သည့် ပြုပြင်ပြောင်းလဲရေးက ဗီယက်နမ်နိုင်ငံ ၏ မြေဆီမြေသြဇာ ကြွယ်ဝသည့် မြစ်နီ မြစ်ဝှမ်းဒေသမှ လယ်သမား အများအပြားကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ စိုက် ပျိုးရေးကို ထိခိုက်စေခဲ့သည်။ လယ်သမားများ စပါးစိုက်ပျိုးနိုင်ခြင်း မရှိသည့်အတွက် စပါးကျီများမှာလည်း ဟောင်းလောင်း ဖြစ်ခဲ့ရသည်။
ခေါင်းကိုခါရင်း ပြောနေသည့် Tran Van Quy ၏ စကားသံက အက်ကွဲနေသည်။
“အလုပ်တွေမရှိဘူး။ ကျနော်တို့ အရမ်း ဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ကျနော်တို့ Da Hoi က သံထည် လုပ်ငန်းလုပ်တဲ့ အစဉ်အလာရှိတယ်။ ဒါကြောင့် သတ္တု အင်ဂျင်နီယာလုပ်ငန်းကို လေ့လာဖို့ ကျနော်ဆုံး ဖြတ်ခဲ့တာပါ။”
Hanoi မြို့နှင့် ကီလိုမီတာ ၂၀ ခန့် ဝေးသည့် Da Hoi သည် စပါးခင်းများနှင့် သီးနှံစိုက်ခင်းများကြားတွက် ပြန့်ကျဲနေ သည့် သံထည် အလုပ်ရုံများကြောင့် ကာလရှည်ကြာစွာ ကျော်ကြားခဲ့သည်။
သို့သော်လည်း နှစ်ကာလ ကြာမြင့်လာသည့် အခါ အထူးသဖြင့် BắcNinh အနီးတွင် Samsung ၏ ကြီးမားသော ထုတ် လုပ်ရေး စက်ရုံကြီး ရောက်ရှိလာသည့် အခါ အသိုင်းအဝိုင်းတခုလုံး အလျှင်အမြန် ကြီးထွားလာသည်။ တိုးချဲ့မှုများက အလွန်လျှင်မြန်ခဲ့ပြီး ယခုအခါတွင် ရွာက စုတ်ပြတ်နေသလို ဖြစ်နေသည်။ ဖုန်မှုန့်များထဲတွင် အမြဲလို နစ်မြုပ်နေသည်။ Da Hoi ၏ အသွင်ကူးပြောင်းမှုက ပေးရသောတန်ဖိုး ကြီးမားခဲ့ပါသည်။
Tran Van Quy က သူ၏ စီးပွားရေး အကြောင်းပြောသည့် အခါ လေထုညစ်ညမ်းမှုကို ထည့်ပြောခြင်း နည်းပါးပါသည်။ “ကျနော်တို့ရဲ့ ထုတ်ကုန်တွေကို Hanoi ကိုပို့ပါတယ်။ ကျနော်တို့ ပြတင်းပေါက် သံတိုင်တွေလုပ်တယ်။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် သံထည်တွေလုပ်တယ်၊ စက်ဘီး အစိတ်အပိုင်းတွေ လုပ်ပါတယ်။ အိမ်ဆိုင်တွေအတွက် သတ္တုဆန် ကာတွေလည်း ထုတ်လုပ်ပေးပါတယ်။ အခုဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းတွေများလာတဲ့ အတွက် ကျနော်တို့ အားလုံး အလုပ်များနေကြတယ်။”
အားအင်နည်းပါးနေပြီဖြစ်သော်လည်း သူက ဆုံးဖြတ်နိုင်သည့် လူတယောက် အဖြစ်ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် နှစ် ပေါင်း ၄၀ ကျော် အတွင်း သူထုတ်လုပ်ခဲ့သည့် သံချောင်းများကဲ့သို့ မာကျောသူဖြစ်သည်။ သူ၏ မိသားစု ပြန်လည် ချမ်း သာကြွယ်ဝလာအောင် ကြိုးစားခဲ့သည့် ခရီးလမ်းနှင့် ပတ်သက်၍ Tran Van Quy က အလွန် ဂုဏ်ယူသည်။ “ကျနော့် မှာ ကလေး ၁၄ ယောက်ရှိတယ်။ သူတို့ အားလုံး ချမ်းသာတဲ့လူတွေ CEO တွေဖြစ်နေကြပြီ။ ကံကြမ္မာက ကျနော်တို့ဆီကို ပြန်လာခဲ့တယ်” ဟု သူကပြောသည်။ ခေတ္တမျှ နားလိုက်ပြီးနောက်“ ဟုတ်တယ်။ အကောင်းတွေက ကျနော် တို့ဆီကို ပြန် လာခဲ့ပါတယ်” ဟု ထပ်ပြောသည်။
Tran Van Quy ၏ အသက် ၄၅ နှစ် အရွယ် သမီးဖြစ်သူ Loi ကတော့ သူ့ဖခင်လို ယုံကြည်မှုမျိုး အားနည်းသည်။ ဗဟိုက ချုပ်ကိုင် အမိန့်ပေးသည့် စီးပွားရေး စနစ်ကြောင့် ဗီယက်နမ်နိုင်ငံ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ၁၉၈၀ နှစ် များ အတွင်း တွင် လူလားမြောက်လာသူ တဦးအနေဖြင့် စိုးရိမ်မှု အနည်းငယ်ရှိသည်ကို ဖော်ပြနေသည်။ သူက ထိုအကျပ် အတည်းကို ရှားရှားပါးပါး ကျော်ဖြတ်လာနိုင်ပြီး အောင်မြင်နေသူဖြစ်သည်။ သူ၏ အထက်တန်းပညာရေးပြီးဆုံးသည် နှင့် မိသားစု စီးပွားရေးလုပ်ငန်းအတွင်းသို့ အလျှင် အမြန်ဝင်ရောက်ခဲ့ရသည်။ “ကျမ ဘယ်တော့မှ အိပ်မက်ကြီးကြီး ကျယ် ကျယ် မမက် ခဲ့ပါဘူး။ ကျပ်တည်းတဲ့ဘဝမှာ ကျင့်သားရခဲ့ပါပြီ။ ကျမ အမြဲတမ်း လုပ်ချင်ခဲ့တာကတော့ စားပွဲပေါ်ကို အစား အသောက် တွေ တင်ပေးဖို့ပါပဲ” ဟု Loi ကပြောသည်။
၁၉၉၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားကို ပြောင်းလဲသုံးစွဲခြင်းက အရေးပါသော အပြောင်းအလဲ တခုဖြစ်ခဲ့သည်။ သို့သော် လည်း ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်ခြင်းက Tran Van Quy ကဲ့သို့သော ဗီယက်နမ် စီးပွားရေး လုပ်ငန်းငယ်များ အတွက် ခက်ခဲနေဆဲ ဖြစ်ပါသည်။ ထိုင်ဝမ် နှင့် တရုတ် ထုတ်ကုန်များက ကောင်းမွန်သော်လည်း သူတို့၏ ဈေးနှုန်းများ က မြင့်မားသည်။ ထို့ကြောင့် အရှေ့တောင်အာရှမှ ယှဉ်ပြိုင်သူများက ဈေးနှုန်းလျှော့ချနိုင်ရန် ကြိုးစားကြသည်။
Loi ၏ သမီးဖြစ်သူ Yeen ကတော့ ကွဲပြားသူဖြစ်သည်။ အသက် ၁၈ နှစ်အရွယ် Yeen က Hanoi တက္ကသိုလ်တွင် စပိန် ဘာသာ သင်ယူနေပြီး မိခင်ဖြစ်သူက သတိကြီးသလောက်သူက တက်ကြွပြတ်သားသူ ဖြစ်သည်။
တက္ကသိုလ်ဝင်း အပြင်ဘက်ရှိ ကော်ဖီဆိုင်လေး တခုတွင် တွေ့ဆုံ စကားပြောခဲ့ရသည့် Yeen က စွမ်းအင်အပြည့်နှင့် ဖြစ် သည်။ သူ၏ လှိုက်လှဲသောအပြုံးက တခြားသူကိုပါ ကူးစက်စေနိုင်သည်။
“ကျမ မိသားစုထဲမှာ တက္ကသိုလ်ရောက်တာ ကျမက ပထမဆုံးပဲ။ ကျမက အခွင့်အရေး အရမ်းရခဲ့တယ်။ ကျမမိဘရဲ့ အထောက်အပံ့တွေလည်း အများကြီးရခဲ့တယ်။ ကျမအမေက ကျမကို သီတင်းပတ်ကုန်ရက်တိုင်းမှာ အိမ်ကို လာစေချင်တယ်။ ဒါပေမယ့် ကျမမှာက တခြား အိပ်မက်တွေ ရှိနေတယ်။ ကျမ ဘွဲ့ရတဲ့ အထိ ကျောင်းတက်ချင်တယ်။ ခရီးသွားချင်တယ်။ စပိန်နိုင်ငံက Valladolid မြို့မှာ ဒါမှမဟုတ် ချီလီနိုင်ငံက Santiagoမြို့မှာ ၉ လလောက် သွားနေလို့ရတဲ့ အခွင့်အရေးတခု ရှိပါတယ်။ ဒါပေမယ့် အလုပ်ရုံကိုသွားပြီးတော့ ကျမ အမေ စီမံခန့်ခွဲနေတာ၊ ဖောက်သည်တွေနဲ့ အလုပ်သမားတွေနဲ့ စကားပြောနေတာကို စောင့် ကြည့် ရတာ သဘောကျပါတယ်။ သတ္တုတွေကို ဖြတ်တောက်တာ ပုံသွင်းတာတွေကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ကြည့် လို့ အကောင်းဆုံးကတော့ မီးဖုတ်ထားတဲ့ သံပေါ်ကို ရေတွေလောင်းချလိုက်တဲ့ အချိန်ပဲ။”
သူ၏ မိခင်နှင့် အဘိုး ဖြစ်သူတို့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ သူ၏ ခံစားချက်ကို မေးသည့် အခါ “ သူတို့ မျိုးဆက်တွေ နာကျင်ခံစားခဲ့ရတာတွေနဲ့ ပတ်သက်လို့ ကျမ တကယ်ကို ဝမ်းနည်းပါတယ်။ ကျမတို့နဲ့ ယှဉ်ရင် သူတို့က အများကြီး ခက်ခဲပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ကတော့ ဗီယက်နမ် အတွက် အချိန်ကောင်းတခုလို့ ထင် ပါတယ်။ အရင်ကထက် အများကြီး ပိုကောင်းလာပါပြီ။ ကျမရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တယ်။ ကျမကိုယ် ကျမ တိုးတက်အောင် လုပ်လို့ရပါတယ်။” ဟု Yeen က ပြောသည်။
(ကရင်မ် ရတ်စ်လာမ် (KarimRaslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦးဖြစ်သည်။)