တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် Sun Guoxiang က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း လူသိရှင်ကြား အကြိမ်ကြိမ် ဖော်ပြခဲ့သည်။ “တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ နိုင်ငံခြားရေး မူဝါဒ ချမှတ်ထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်။ ကျနော်တို့ဟာ မိတ်ဆွေကောင်း ပီသတဲ့ အိမ်နီးချင်း အဖြစ်နဲ့ပဲ တာဝန်ယူ ဆောင်ရွက်နေပါတယ်” ဟု ပြောကြောင်း ဖေဖော်ဝါရီလ နှောင်းပိုင်းက Sun နှင့် တွေ့ဆုံခဲ့သည့် မြန်မာလူမျိုးစု လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အဖွဲ့ ၂ ဖွဲ့မှ ကိုယ်စားလှယ်များကို ပြောကြောင်း အစည်းအဝေး မှတ်တမ်း တခုအရ သိရသည်။
အထူးသံတမန် Sun Guoxiang ၏ နွေးထွေးသော လေသံမှာ တရုတ် ကျောထောက်နောက်ခံပြု ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (United Wa State Army’s-UWSA) က အခြားလူမျိုးစု လက်နက်ကိုင် အုပ်စု ၇ စုနှင့် အတူ ထုတ်ပြန်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆန့်ကျင်သည့် စစ်မာန်ပါသော သတင်းစကား နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုကြေညာချက် လေ့လာသူ အများအပြားကို အငိုက်မိသွားစေပြီး လက်ရှိတွင် ဦးဆောင်နေသည့် နိုင်ငံ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေး အစီအစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထား အစစ်အမှန်ကို မေးခွန်းသစ်များ ထုတ်စရာ ဖြစ်စေခဲ့သည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အလွှာစုံဆက်ဆံရေး မူဝါဒသည် မကြာခဏ ဆိုသလို ဝိရောဓိသဘော ဆောင်သော် လည်း အသေအချာ လေ့လာကြည့်လျှင် ယုတ္တိရှိသည်။ အထူးသံတမန် Sun Guoxiang ၏ အပြုသဘော ဆောင်သော သတင်းစကားမှာ ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး အဖြစ် အမြဲပုံဖော်ထားသည့် တရုတ်နိုင်ငံ၏ သံတမန်ရေးရာ၏ အပေါ်ယံအလွှာ ဖြစ်သည်။
ဒုတိယ အလွှာတွင်မူ တရုတ်ပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဌာန (International Liaison Department of the Central Committee of the Communist Party of China (ILD/CPC) ပါဝင်သည်။ အခြားသော ကွန်မြူနစ်ပါတီများ ဆက်သွယ်ရန်နှင့် ကမ္ဘာတဝှမ်း တော်လှန်ရေးများကို ထောက်ခံရန် ထိုဌာနကို ၁၉၅၀ ခုနှစ်များက တည်ထောင်ခဲ့သည်။
သို့သော် ယနေ့တွင်မူ ထိုဌာနမှ ကိုုယ်စားလှယ်များကို ညီလာခံများ၊ အတွေးအခေါ်အယူအဆ အမျိုးမျိုး ရှိကြသော နိုင်ငံရေး ပါတီများနှင့် ပူးတွဲနေသည်ကို တွေ့ရပြန်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားကို ရှည်ကြာစွာ အကျိုးဆောင်ခဲ့သည့် UWSA ကဲ့သို့သော အစိုးရမဟုတ်သည့် လက်နက်ကိုင် ခုခံရေး အုပ်စုအမျိုးမျိုးကိုလည်း ထောက်ပံ့ကြသည်။
တတိယအလွှာမှာ ကမ္ဘာတဝန်းမှ အခြား စစ်တပ်များနှင့် ဆက်ဆံနေသော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (People’s Liberation Army – PLA) ဖြစ်သည်။ အစိုးရများ၊ အစိုးရမဟုတ်သော ဖောက်သည်များကို တိုက်ရိုက် ဖြစ်စေ၊ အမည်ခံကုမ္ပဏီမှ တဆင့် ဖြစ်စေ လက်နက်ရောင်းခြင်း အပြင် UWSA ကဲ့သို့သော အဖွဲ့များကိုလည်း လက်နက်မျိုးစုံ ထောက်ပံ့သည်။ ထိုနောက် ထိုလက်နက်ကိုင် အဖွဲ့များ အနက်အချို့ကို အစိုးနှင့် တိုက်ခိုက်နေကြ သည့် လက်နက်ကိုင်အဖွဲ့များနှင့် ခွဲဝေယူကြသည်။
တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးစနစ်ကို တင်းကျပ်သော ဆိုရှယ်လစ်စနစ်မှ ပြည့်ဝသော အရင်းရှင်စနစ်သို့ ပြောင်းလဲခဲ့ပုံ ရသည်။ သို့သော်နိုင်ငံရေးအရမူ ၎င်းသည် ကွန်မြူနစ်ပါတီက စစ်တပ်နှင့် အစိုးရ၏ အထက်တွင် ရှိနေသော အာဏာရှင် တပါတီနိုင်ငံ ဖြစ်သည်။ အစိုးရချင်း ဆက်ဆံရေး၊ ပါတီချင်း ဆက်ဆံရေး မူဝါဒဟောင်းသည် ပြောင်းလဲခြင်း မရှိပေ။
ထို့ကြောင့် မြန်မာနိုင်ငံမှ နိုင်ငံရေး ဇာတ်ကောင် အများအပြားနှင့် ဆက်ဆံရေးတွင် တရုတ်ဘက်မှ အဓိကလူမှာ Sun မဟုတ်ဘဲ ILD/CPC အကြီးအကဲ Song Tao ဖြစ်သည်။ Song Tao သည် ဝါရင့်နိုင်ငံရေးသမားနှင့် သံတမန်ဖြစ်ပြီး သြစတြေးလျနိုင်ငံ Song Tao တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ သည်။ သူကိုယ်တိုင် ဖိလစ်ပိုင်နှင့် ဂူယာနာတို့တွင် သံအမတ် ဖြစ်မလာမီ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် Song မြောက်ကိုရီးယားသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး နောက် ILD/CPC အကြီးအကဲရာထူးကို Wang Jiarui ထံမှ လွှဲပြောင်းရယူသည်။ Wang Jiarui သည် မြောက်ကိုရီးယား၊ ကျူးဘားနှင့် ဗီယက်နမ်တို့ကဲ့သို့သော ကွန်မြူနစ်နိုင်ငံများနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရသော ဝါရင့်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်သည်။
Song သည် Sun ကဲ့သို့ လူသိမျာေးသာ ခေါင်းဆောင် မဟုတ်သော်လည်း သူသည် နောက်ကွယ်တွင် တက်ကြွစွာ လုပ်ကိုင်သူ အဖြစ် သိကြပြီး မြန်မာနိုင်ငံရေး ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များကို နေပြည်တော်တွင် တွေ့ဆုံ ရခြင်းထက် ဘေ့ဂျင်းတွင်သာ တွေ့ဆုံလိုသူ ဖြစ်သည်။ Song သည် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သော သြဂုတ်လက သူမ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မစတင်မီ ရက်သတ္တပတ် အနည်းငယ် အလို၌ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
တရုတ် နိုင်ငံခြားဝန်ကြီးဌာနက ကျင့်သုံးသော အစိုးရချင်း ဆက်ဆံရေးနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီချင်း ဆက်ဆံရေးကို ခြားနားကြည့်ခြင်းသည် UWSA ကဲ့သို့သော အဖွဲ့များနှင့် ချိတ်ဆက်နေသည်။ တရုတ် ကွန်မြူနစ် ပါတီသည် အစိုးရနှင့် စစ်တပ်၏ အထက်တွင် ရှိနေသောကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လူသိရှင်ကြား တဘက်တွင် ချီးကျူးပြီး တခြားဘက်တွင် UWSA ကဲ့သို့ လက်နက်ကြီးများ လျှို့ဝှက် ထောက်ပံ့သည်ကို ရှင်းပြနိုင်သည်။
UWSA သို့ မကြာသေးမီက လက်နက်တင်ပို့မှုတွင် လူဖြင့် သယ်ဆောင်ရွှေ့ပြောင်းနိုင်သော လေကြောင်း ကာကွယ်ရေး စနစ်များ၊ သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များ၊ အမြောက်ကြီးများနှင့် အဆင့်မြင့် စစ်သုံးကိရိယာများ ပါဝင်သည်။ “အဲဒီ ပစ္စည်းတွေဟာ ထရပ်ကားနဲ့ သယ်ပြီး ချပေးလို့ရတဲ့ လက်နက်တွေ မဟုတ်ဘူး၊ ယူနန်ပြည်နယ် အဆင့်လောက် အရာရှိတွေက ပေးလို့ရတဲ့ ဟာတွေ မဟုတ်ဘူး” ဟု စစ်ရေးလေ့လာသုံးသပ်သူ တဦးက ပြောကာ ထိုကိစ္စမှာ ဘေ့ဂျင်းမှ အမြင့်ဆုံး အာဏာပိုင်များ၏ ညွှန်ကြားချက် ဖြစ်သည် ဟု မှတ်ချက်ချသည်။
နိုင်ငံ၏ မြောက်ပိုင်းတွင် UWSA က ပံ့ပိုးထားသော လက်နက်ကိုင်လူမျိုးစု တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံသည် ၎င်း၏ တောင်ဘက်နယ်စပ်တွင် မတည်ငြိမ်မှုများကို တရုတ်နိုင်ငံအနေဖြင့် လိုလားမည် မဟုတ်ပေ။ သို့သော် တခါတရံ ၎င်းကို တရုတ်နိုင်ငံက ထောက်ပံ့သော လက်နက်များကို အခြားလူမျိုးစု လက်နက်ကိုင် မဟာမိတ်အုပ်စုများနှင့် ခွဲဝေသော အင်အားကြီးမားလှသည့် UWSA သည် တရုတ်နိုင်ငံ၏ မြန်မာနှင့် ဆက်ဆံရေးတွင် ပြစ်ဒဏ်ခတ်ခြင်း ဖြစ်ပြီး သံတမန်ရေးရာများ၊ အကူအညီကတိကဝတ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာ ဆုပေးခြင်း ဖြစ်သည်။
ထူးခြားသည်မှာ ပန်ဆန်းအစည်းအဝေးတွင် ပါဝင်သူများက တရုတ်နိုင်ငံအနေဖြင့် အစိုးရနှင့် ဆွေးနွေးခြင်းနှင့် ရှေ့ခရီးစဉ် အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် တောင်းဆိုကြသည်။ ၎င်းတို့က တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် တရုတ်နိုင်ငံမှ အာရှဥရောပတိုက်တခုလုံးသို့ ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်မည့် ဖွံ့ဖြိုးရေး ဗျူဟာ ဖြစ်သည့် ဒေသတခု၊ လမ်တလမ်း “One Belt, One Road” အစီအစဉ်ကိုလည်း ထောက်ခံသည် ဟု ကြေညာကြသည်။
တရုတ်နိုင်ငံ၏ တောင်နှင့် အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာသို့ အဓိက ချဉ်းကပ်လမ်း ဖြစ်သော မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံအတွက် ဗျူဟာအရ လွန်စွာ အရေးပါလှသောကြောင့် မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းကို သြဇာလွှမ်းမိုးရန် ၂၀၁၁ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံသို့ အုံလိုက်ကျင်းလိုက်ေ ရာက်လာကြသော အနောက်တိုင်း၏ ငြိမ်းချမ်းရေး တည်ဆောက်သူများကို လက်မခံနိုင်ပေ။
တရုတ်နိုင်ငံသည် ယခင်က လူ့အခွင့်အရေး ချိုးဖောက်သော စစ်အစိုးရကို မကြာခဏ ဆိုသလို နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုမှ အကာအကွယ် ပေးပြီး ထိုအစီအစဉ်မှာ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံတွင် နက်ရှိုင်းသော စီးပွားရေး နိုင်ငံရေး ထိုးဖောက်မှုများ ပြုလုပ်နိုင်စေခဲ့သည်။ စစ်ဘက် တိုက်ရိုက်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ တပိုင်း အစိုးရသို့ အကူးအပြောင်း ခဏတာကာလ အတွင်းတွင် ဘေ့ဂျင်းသည် ခေတ္တမျှ တုံ့ဆိုင်း နေခဲ့ပြီး မြန်မာနိုင်ငံအပေါ် ၎င်း၏ သြဇာကို ခေတ်အဆက်ဆက် စမ်းသပ်ထားသော အလွှာစုံနည်း ပရိရာယ်ဖြင့် ပြန်လည်ထူထောင်နေပြီ ဖြစ်သည်။ ။
(Asia Times ပါ Bertil Lintner ၏ China uses carrot and stick in Myanmar ကို ဘာသာပြန်ဆိုသည်)