ငြိမ်းချမ်းရေး တည်ဆောက်မှု အကျပ်အတည်းများကို ကျော်လွှားခြင်း

လျူယွန်း
မတ်လ ၃ ရက် ရန်ကုန်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) တို့ စတုတ္ထအကြိမ် အစည်းအဝေး / ချမ်းစွန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ယခင်သမ္မတ ဦးသိန်းစိန် တရားဝင် စတင်ခဲ့သည့် အချိန်မှ စ၍ အရှည်ကြာဆုံးသော မတိုးသာ မဆုတ်သာ အခြေအနေ တခုထဲတွင် ပိတ်မိနေသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ရေးထိုး ထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ ၂၀၁၆ ခုနှစ် ဇူလိုင်လက အစိုးရထံ အချက် ၈ ချက် (နောက်ပိုင်းတွင် ၉ ချက်ဖြစ်လာသည်) ကို တောင်းဆိုခဲ့သည့် အချိန်မှ စ၍ မတိုးသာ မဆုတ်သာ အခြေအနေ စတင် ပေါ် ပေါက်လာခဲ့ရသည်။

ကံံမကောင်းစွာဖြင့်ပင် သဘောတူညီ တစုံတရာရရှိခြင်း မရှိဘဲ ၇ လ နီးပါး ကြာမြင့်ခဲ့ရသည်။ ပိုမိုဆိုးရွားခဲ့သည်မှာ မြန်မာ နိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်တွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းထားသော မြောက် ပိုင်းမဟာမိတ်အဖွဲ့ (NAB) က မြန်မာတပ်မတော်၏ အခိုင်အမာ စခန်းများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ တွင် မမျှော်လင့်ဘဲ ရုတ်တရက် ပူးပေါင်းတိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်ခိုက်ကြခြင်းမှာ ၂၀၁၆ ခုနှစ် သြဂုတ်လက စတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် NCA လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပေါ်ထိုးစစ်များ ပြုလုပ်နေခြင်းကို ပြန်လည် တုန့် ပြန်ခြင်းဖြစ်သည်။ KIA က UNFC ၏ ဦးဆောင်အဖွဲ့ဝင် ဖြစ်သည်။

ကျွမ်းကျင်သည့် စေ့စပ်ညှိနှိုင်းသူများ လိုသည်

လတ်တလော အကျပ်အတည်းကို စီမံဖြေရှင်းနေရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိခဲ့သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အဖွဲ့ဖြစ်နေသည်။

သို့သော်လည်း ထွက်ပေါ်လာသည့် အခြေအနေများ သူတို့လုပ်လိမ့်မည်ဟု ထင်ထားသည့် လမ်းကြောင်းအတိုင်း မဖြစ်ခဲ့ပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြားမှ ဆက်ဆံရေးက အကန့်အသတ်များရှိနေပြီး လျှို့ဝှက်ခြင်းများလည်း ရှိသည်။ NCA လက်မှတ် မထိုးသည့် အဖွဲ့များနှင့် အစိုးရကြားတွင် ပုံမှန်မဟုတ်သည့် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း အနည်းငယ်သာဖြစ်ပြီး ထိရောက်မှု မရှိခဲ့ပါ။ ကျွမ်းကျင်သည့် စေ့စပ်ညှိနှိုင်းသူများ ရှိမနေခြင်းကလည်း လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေခဲ့သည်။

တရားမဝင် ညှိနှိုင်းမှုများ၏ အင်အားနှင့် ပတ်သက်၍ အတွင်းလူတဦး ဖြစ်သည့် ဦးအောင်နိုင်ဦးက လူမှုကွန်ရက်တွင် အကြိမ်ကြိမ် ရေးသားမှုများ ပြုလုပ်ခဲ့သည်။ သူက ကြံ့ခိုင်ရေး အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။

“မတိုးသာ မဆုတ်သာ အခြေအနေက ကျော်လွှားဖို့ နည်းလမ်းကို ကျနော်တို့ စီးကရက် တူတူသောက်ရင်း ဒါမှမဟုတ် တခုခု သောက်ရင်းတောင်မှ ရှာတွေ့နိုင်ပါတယ်။ လက်တွေ့မှာ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူ တဦးအတွက် အလွတ်သဘောဆွေးနွေးတာက အင်အားကောင်းတဲ့ လက်နက်တခု ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ အရင်က မတွေ့ဖူးတဲ့ နေရာမှာ ဒါမှမဟုတ် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးရမယ့် အတားအဆီးတွေ ရှိတဲ့အခါမှာ အလွန် အသုံးဝင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ရေးသားခဲ့သည်။

လက်ရှိ အချိန်တွင် အချို့တိုင်းရင်သား အဖွဲ့အစည်းများက အစိုးရထံသို့ သတင်းစကားပေးပို့ရန် တရုတ်ကိုယ်စားလှယ် အဖွဲ့များကို မှီခိုအားထားနေရသည်။ ကြံ့ခိုင်ရေး အစိုးရလက်ထက်ကဆိုလျှင် တရားမဝင် ညှိနှိုင်းဆွေးနွေးမှုများက အမြဲတမ်း ရှိနေခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည့် ၇ လကြာ မတိုးသာမဆုတ်သာ အခြေအနေ အတွင်းမှာ ပင်လျှင် ရှိနေခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးကို ကိုင်တွယ်မောင်းနှင်မည့် ခွန်အားနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှု ၂ ခုလုံးနှင့် သက်ဆိုင်သည့် မူဝါများတွင်သာမက ကျွမ်းကျင်စွာ လေ့ကျင့်ပေးထားသည့် စေ့စပ်ညှိနှိုင်းသူများ ရှာဖွေရေးတွင်လည်း စိန်ခေါ်မှုများ ရှိနေ သည်။ တခါက အစိုးရ၏ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူ တဦးက တိုင်းရင်းသား ခေါင်းဆောင်များကို လက်ညိုးထိုး၍ “ခင် ဗျားတို့ လက်နက်စွန့် ရမယ်” ဟု ပြောဆိုခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထင်ရှားနေသည်မှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသော မယုံကြည်မှုက လက်ရှိ အကျပ်အတည်း အခြေအနေကို ဦးတည် စေခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကလည်း အချို့နေရာများတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး အထောက်အကူ မဖြစ်တော့ပါ။ ထို့ပြင် အဆိုးမြင်ဝါဒ (pessimism) အားကောင်းလာခြင်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် နိုင်ငံရေးအရ ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားခဲ့သည့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို စိတ်ပျက်စေခဲ့သည်။ ထို့ကြောင့် ယုံကြည်မှုတည်ဆောက်ရေးကို ဆောင်ရွက်နိုင် စွမ်းရှိသည့် ကျွမ်းကျင်သော စေ့စပ်ညှိနှိုင်းသူများ အရေးတကြီး လိုအပ်ပါသည်။

တရုတ် ထောက်ခံသော NCA

နောက်ထပ်ပြဿနာတခုမှာ မြန်မာနိုင်ငံ၏ ပဋိပက္ခကြောင့် တရုတ်နိုင်ငံ ထိခိုက်ခြင်း ဖြစ်သည်။ ယခုအခါ တရုတ်-မြန်မာ နယ်စပ်က ပိတ်ဆို့နေသည်။ မကြာသေးမီက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang က အစောဆုံး အဆင့် မှာပင်တိုက်ပွဲများကို ရှောင်ကျဉ်နိုင်ရန်နှင့် တရုတ်-မြန်မာနယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အာမခံချက် ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး NCA လက်မှတ်ရေးထိုးရန် ပထမဆုံး အကြိမ်အဖြစ် လေးလေးနက်နက် တိုက်တွန်းခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NCA လက်မှတ်ထိုးရန် ငြင်းပယ်ခဲ့ခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ မြန်မာ အစိုးရနှင့် တပ်မတော်တို့ကြားတွင် နားလည်မှု လွဲမှားခြင်း ကြောင့်ဖြစ်သည်ဟု သူက ယူဆခဲ့သည်။

တရုတ်သံအမတ် Hong Liang ၏ အဆိုအရ တရုတ်အစိုးရက ၎င်းတို့၏ ဗဟို အစိုးရတာဝန်ရှိသူများ၊ အထူးကိုယ်စား လှယ်များ နှင့် မြန်မာနိုင်ငံမှ သံရုံးဝန်ထမ်းများကို မြန်မာ့ရေးရာကိစ္စများ နှင့် ပတ်သက်၍ ပူးတွဲ အစည်းအဝေးများ ကျင်း ပရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ ထို့ပြင် တွေ့ဆုံဆွေးနွေးမှုများ၏ နေရာအားလုံးတွင် ပါဝင်နေသူတိုင်းကို လည်း အားပေး နေသည် ဟုဆိုသည်။ ထို့ကြောင့် NCA ကို တရုတ်အစိုးရက မူဝါဒချမှတ်ရေး ယန္တယားတခုမှ တဆင့် အပြည့် အ ဝ ထောက်ခံနေသည်မှာ သေချာသည်ဟု ဆိုနိုင်ပါသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးအကြီးဆုံးကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) မှာ လက်မှတ်ရေးထိုးဖို့ပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် Hong Liang ကပြောသည်။ အဆိုပါ သတင်းစကားက လက်မှတ် မထိုးသည့် အဖွဲ့များ အထူးသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့သော အဖွဲ့များအတွက် ယခင်က မရှိခဲ့ ဖူးသော အရာဖြစ်သည်။ UWSA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတခုကို ဆယ်စုနှစ် ၃ ခုနီးပါးထိန်းချုပ်ခဲ့ပြီး NCA ကို လက်မှတ်ထိုးရန် လုံးဝ ငြင်းပယ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

ကြီးမားသော အခက်အခဲများက ရှေ့တွင် စောင့်ကြိုနေသည် မှန်သော်လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အနီးကပ်ဆုံး အနေအထားတွင် ရောက်ရှိနေသည်ဟု ဆိုလျှင် မျှတသည်ဟု ယူဆနိုင်ဆဲဖြစ်ပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စေတနာ နည်းပါးမနေပါ။ သို့သော်လည်း ညီမျှ ခြင်းတွင် ပျောက်ဆုံးနေသည့် အစိတ်အပိုင်းက အစိုးရ၏ သံခင်းတမန်ခင်း စွမ်းဆောင်နိုင်ရည် ဖြစ်ပါသည်။ အကယ်၍ ထို အစွမ်းသာ ရှိခဲ့လျှင် ယုံကြည်မှုပျောက်ဆုံး နေသည့် အကျပ်အတည်းကို ကျော်ဖြတ်နိုင်ပါ လိမ့်မည်။

(Liu Yun သည် တရုတ်နိုင်ငံ အခြေစိုက် အလွတ်တန်းလေ့လာသုံးသပ်သူ တယောက်ဖြစ်ပြီး မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ပုံမှန်ရေးသား လျှက်ရှိသည်။ Oxford တက္ကသိုလ်က ဦးစီးပြုလုပ်သည့် မြန်မာ့ရေးရာ ဖိုရမ် တခုဖြစ် သော Tea Circle ဖိုရမ်တွင် ဖော်ပြခဲ့သည့် “Myanmar’s Peace Process: Troubleshooting the Deadlock” ဆောင်းပါးကို ဘာသာပြန် ဆိုခြင်း ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading