တောင်သူ လယ်သမားတွေကို ဦးကြီးတွေအဖြစ် ခေါ်ပြီး မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့ ရယ်လို့ သတ်မှတ်ဂုဏ်ပြုလာခဲ့ကြတဲ့ ကျနော်တို့ နိုင်ငံမှာ ဒီနေ့ခေတ် တောင်သူ လယ်သမားတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပြီလဲ။ ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရသလောက် ရလာတဲ့ အသီးအပွင့်တွေက ချိုမြိန်ပါရဲ့လား။ တောင်သူ လယ်သမားတွေရဲ့ ဘဝတွေက ခေတ်တွေ စနစ်တွေ ပြောင်းလာသည့်တိုင် မူလအခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။
တောင်သူ တွေဘဝက ပင်ပန်းသလောက် အကျိုးခံစားခွင့် နည်းပါးတယ်။ ခေတ်အဆက်ဆက် ကျေးဇူးရှင် တောင်သူ ဦးကြီးတွေ ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ကျောသပ်ခိုင်းခံခဲ့ကြရသူတွေသာ ဖြစ်ပါတယ်။ တောင်သူ တွေရဲ့ တကယ့် လိုအပ်ချက်တွေ မဖြည့်ဆည်း ပေးနိုင်ခဲ့ဘူး။ ဖြည့်ဆည်းပေးဖို့လည်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘူး။ တောင်သူ တွေရဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းခဲ့တဲ့ အပြင် ဒုက္ခတွေပါ ထပ်ဆောင်းပေးခဲ့တဲ့နှစ် ကာလတွေ ရှိခဲ့တယ်။
စီမံကိန်းဝင် သီးနှံ မစိုက်မနေရ၊ တာဝန်ကျေစပါး ပေးသွင်းပါ။ ကန့်သတ်ကုန်စည် သိုလှောင် သိမ်းဆည်း ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရ၊ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးပါ၊ သေချာအောင် နေကြာစိုက်ပါ စတဲ့ အထက်အမိန့် အရ မဖြစ်မနေ စိုက်ရမယ် ဆိုပြီး အတင်း ဖိအားပေးစိုက်ခိုင်းတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ စီမံကိန်းဝင် သီးနှံ စိုက်ပျိုးရေး ဆိုပြီး ယာမြေမှာ စပါးတွေ ရေသွင်းစိုက်ခဲ့ကြရတဲ့ တောင်သူတွေ ရှိခဲ့သလို လယ်မြေမှာ ကုလားပဲ၊ ဂျုံ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ငရုတ်၊ ကြက်သွန် စတဲ့ သီးနှံတွေ စိတ်ကူးပေါက်သလို စိတ်ခိုင်းခဲ့တာတွေလည်း ရှိပါတယ်။
ကန့်သတ်ကုန်စည်တွေ ဖြစ်တဲ့ ကုလားပဲ၊ ဂျုံနဲ့ နှမ်းတွေကို ကိုယ့်လယ်ယာက ထွက်တဲ့သီးနှံ ဖြစ်ပေမယ့် မြို့ပေါ်က ပွဲရုံတက် မရောင်းရဲဘူး။ မြို့ပေါ်မှာ ကျောင်းတက်နေတဲ့ မောင်ကျောင်းသားအတွက် နှမ်းသုံးလေးအိတ် သယ်မသွားရဲတဲ့ တောင်သူ မိဘတွေ ရှိခဲ့ဖူးတယ်။ လမ်းတလျှောက်မှာ ရှာဖွေရေးတွေက တင်းကြမ်း။ နှမ်းသုံးအိတ်လောက် ဖမ်းမိရုံနဲ့ နိုင်ငံတော်၏ ဆိုရှယ်လစ်စီးပွားရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား တားဆီး နှိမ်နင်းရေး ဥပဒေ ဆိုတာကြီးနဲ့ ထောင်တန်း ကျသွားနိုင်တဲ့ ကာလတွေ ဖြစ်တယ်။
ချည်မျှင်ရှည်ဝါ စိုက်ပါ ဆိုပြီး ဇွတ်အတင်းစိုက်ခိုင်းတော့ တောင်သူတွေ စိုက်ကြရပြန်ရော။ ဝါဒိုင်မှာ မဖြစ်မနေ သတ်မှတ်ဝါ ပေးသွင်းကြရပြန်တယ်။ ဝါဒိုင်က ဝါချည်ချိန်တဲ့ ကတ္တားက ဝါအလေးချိန် ဘယ်လောက်တင်တင် မပြည့်ဘူး ဆိုပြီး တောင်သူတွေ အမြဲရန်ရှာခံခဲ့ကြရတယ်။ ဝါမစိုက်နိုင်တဲ့ တောင်သူ တွေက ဝါခင်းရှင်တွေ ဆီက ဝယ်ပြီး နိုင်ငံတော် အတွက် ပေးသွင်းခဲ့ကြရတယ်။ ဝါစိုက်ပျိုးခြင်းကြောင့် နိုင်ငံတော် အဆင်ပြေမပြေ မသေချာခဲ့ပေမယ့် ဝါဒိုင်မှူးကတော်တွေ ကတော့ လက်ဖျားမှာ ငွေသီးခဲ့ကြတယ်။ ဒါတွေဟာ ကျေးလက် တောရွာတွေမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေသာ ဖြစ်ပါတယ်။ တောင်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေက တထောင့်တည အိပ်ယာဝင်ပုံပြင်တွေထက်တောင် များပါလိမ့် မယ်။
၂၀၁၄ ခုနှစ် ထုတ်ပြန်ထားတဲ့ လူဦးရေ သန်းခေါင်စာရင်း အရ ကျေးလက်မှာ နေထိုင်ကြသူတွေက နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ကျေးလက်က တောင်သူဦးကြီးတွေရဲ့ လူမှုဘ၀ မြင့်မားရေး အတွက် အစွမ်းကုန် အကောင်အထည် ဖော်ပေးဖို့ လိုတယ်။ ကျေးလက် စည်ပင်သာယာပါမှ မြို့ပြတွေ ဖွံ့ဖြိုးမှာ ဖြစ်တယ်။ ကျေးလက် မြို့ပြ အချိုးညီညီ ဖွံ့ဖြိုးပါမှ နိုင်ငံ သာယာဝပြောမှာ ဖြစ်ပါတယ်။ လက်ရှိကာလအထိ တောင်သူတွေရဲ့ ဘ၀ ဖွံ့ဖြိုး တိုးတက်မှုက ကျေနပ်လောက်ဖွယ် မရှိသေးပါဘူး။
ခေတ်ကာလအလျောက် လယ်ယာမြေတွေ ဈေးကောင်းရလာလို့ ခွဲခြမ်းစိတ်ဖြာ ရောင်းချပြီး တောင်သူအချို့ ကားဝယ်စီးလာကြတာ တကယ် အစစ်အမှန် ချမ်းသာမှု ဟုတ်ပါရဲ့လား။ မိရိုးဖလာ တောင်သူလုပ်ငန်း မလုပ်တော့ပဲ ရှိတဲ့ လယ်ယာတွေ ရောင်းချပြီး ခေတ်ပေါ် သူဌေးလုပ်နေကြတဲ့ တောင်သူတွေရဲ့ ရင်ထဲမှာ ဘယ်လို ရှိနေသလဲ။ ရှိတဲ့ လယ်ယာ ရောင်းချပြီး ဖုန်းလေးပွတ်ရုံ ကားစီးနိုင်ရုံနဲ့ အဆင်ပြေတဲ့ဘဝလို့ ပြောရပြီလား။ ဒီနေ့ခေတ်တောင်သူတွေရဲ့ အစစ်အမှန် လိုအပ်ချက်က ဘာတွေလဲ။
ဒီနေ့ခေတ် တောင်သူတွေ ကြုံတွေ့နေရတဲ့ ပြသနာတွေ များစွာ ရှိနေဆဲ ဖြစ်ပါတယ်။ အဓိက ပြသနာတွေက လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးတဲ့ ပြသနာ ဖြစ်ပါတယ်။ တောင်သူ တွေရဲ့ သားသမီးအချို့ လယ်ယာလုပ်ငန်းခွင်မှာ မပျော်ပိုက်တော့ဘူး။ နေထွက်က နေဝင် ကုန်းရုန်းလုပ်ပါမှ နေ့တွက် ကျပ် ၄၀၀၀ လောက်ကို မခုံမင်ကြတော့ဘူး။ မြို့တက် အလုပ် လုပ်ချင်လာကြတယ်။ တချို့က ပြည်ပထွက် ရရာအလုပ် လုပ်ပြီး ငွေရှာလာကြတယ်။
လယ်ကန်သင်းမှာ ခံတောင်းထဲက ထမင်းကြမ်းခဲ ဝိုင်းဖွဲ့စားရတဲ့ စားမြိန်ဝိုင်းတွေက ဒီနေ့ ခေတ်တောင်သူတွေရဲ့ သားသမီးတွေကို မဆွဲဆောင်နိုင်တော့ဘူး။ နွားကျောင်းရင်း အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ တရေးမှေးလို့ တွံတေးသိန်းတန် သီချင်းတွေလည်း မခံစားချင်ကြတဲ့သူတွေ ဖြစ်လာတယ်။ ဒါဟာ သူတို့တွေရဲ့ ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။
လယ်ယာ လုပ်ငန်းခွင်သုံး ခိုင်းနွား ရှားပါးလာမှုကလည်း ဒီနေ့တောင်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ခိုင်းနွားတွေက နည်းမျိုးစုံနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ခေါင်းမြီးခြုံ ထွက်နေဆဲ ဖြစ်ပါတယ်။ ခိုင်းနွား ရှားပါးမှုကြောင့် ထွန်စက်တွေနဲ့ ထွန်ယက်စိုက်ပျိုး လာကြတယ်။ ခိုင်းနွားနဲ့ ထွန်ယက်စိုက်ပျိုးတုန်းက နွားစာ အတွက် တောထဲက မြတ်ရိတ်ကျွေးပြီး အပို ကုန်ကျစရိတ် မရှိအောင် ဖြေရှင်းနိုင်ခဲ့ကြတယ်။ ထွန်စက်ခေတ်မှာတော့ စက်သုံးဆီ၊ စက် အပိုပစ္စည်း စတဲ့ စရိတ်တွေက တက်လာခဲ့တဲ့ အပြင် ပြင်ဆင်စရိတ်ကိုပါ ထည့်သွင်း စဉ်းစားလာရတယ်။
နွားနဲ့ ဖက်ရုန်းခဲ့စဉ်က နွားချေးကို မြေသြဇာ အဖြစ် အခမဲ့ သုံးခွင့် ရခဲ့ပေမယ့် အခု နွားမရှိတဲ့ တောင်သူတွေခမျာ နွားချေးကို ဝယ်သုံးနေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ တောင်သူအများစုက ထွန်စက်ဝယ်ဖို့ လက်လှမ်း မမီပဲ ထွန်စက် ငှားရမ်း အသုံးပြုနေရတယ်။ ထွန်စက် ငှားရမ်းအသုံးပြုခက တနာရီ ထွန်ယက်ခ ကျပ် ၁၅၀၀၀ ဖြစ်ပါတယ်။ လက်ရှိ ကျေးလက်ဒေသမှာ ထွန်စက် ငှားဝန်ဆောင်မှုက ခေတ်ပေါ် စီးပွားရေး ဖြစ်ပါတယ်။
ငွေကြေး တတ်နိုင်ကြသူတွေက ထွန်စက်တွေထောင်ထားပြီး အငှားလိုက်စား နေကြပါတယ်။ ထွန်စက်ဈေးနှုန်းတွေက တစီးကျပ် သိန်း ၈၀-၁၅၀ ဝန်းကျင်အထိ ရှိတယ်။ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံအလိုက် စွမ်းဆောင်ရည်နဲ့ ဈေးနှုန်း ကွာခြားပါတယ်။
သွင်းအားစုတွေ ဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး၊ သီးနှံမျိုးစေ့တွေက အရည်အသွေး မစိစစ်နိုင်ဘဲ ဝယ်ယူ အသုံးပြု နေကြရပါတယ်။ ရိတ်သိမ်းပြီးသီးနှံတွေ သိုလှောင် သိမ်းဆည်းစရာ ခေတ်မီဂိုဒေါင်တွေ မရှိသေးဘူး။ လက်ရှိတောင်သူတွေ သုံးနေတဲ့ ကျီတွေ ပုတ်တွေဆိုတာက ပိုးမွှားအန္တရာယ် ၊ရာသီဥတု အန္တရာယ် ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။ ရင့်မှည့်လို့ ရိတ်သိမ်းပြီးပါမှ သိမ်းဆည်း သိုလှောင်စရာ မရှိလို့ ပျက်စီးသွားတဲ့ သီးနှံတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို တင်းပေါင်း သိန်းချီ ရှိနိုင်တာပေါ့။
သီးနှံဈေးနှုန်းတွေ မတည်ငြိမ်မှုကလည်း တောင်သူတွေရဲ့ အိပ်မက်တွေကို ပျက်ပြယ်စေတယ်။ အထူးသဖြင့် သီးနှံပေါ်ချိန် ရောက်တိုင်း ဈေးနှုန်းကျတဲ့ ဒဏ်ကို တောင်သူတွေ ခါးစည်းခံ ကြရစမြဲဖြစ်ပါတယ်။ တချို့နှစ်တွေမှာ မထင်မှတ်လောက် အောင် ရှုံးလို့ လုပ်အားခပါ ဆုံးရှုံးရတဲ့ နှစ်တွေ ရှိတယ်။ တောင်သူတွေ အတွက် အာမခံချက် မရှိတော့ စိတ်ပျက် အားလျော့ စေတယ်။ အထူးသဖြင့် ပြည်ပဈေးကွက်ရှိတဲ့ ကုန်စိမ်းသီးနှံတွေ ဆိုရင် ပြည်ပ ဝယ်လက် ဝယ်အားလျော့တဲ့ အခါ ပုတ်သိုးကုန် ဖြစ်လို့ တောင့်မခံနိုင်ပဲ သူတို့ သတ်မှတ်တဲ့ ဈေးတွေနဲ့ ထိုးအပ်ကြရတဲ့ အခါတွေလည်း ရှိတာပါပဲ။
ဒီဘက်နှစ်တွေမှာ တောင်သူတွေ အကျိုးစီးပွား ကာကွယ်မြှင့်တင်နိုင်ဖို့ တောင်သူလယ်သမား သမဂ္ဂတွေ ပေါ်ပေါက်လာ တာ ဝမ်းမြောက်ဖွယ် တွေ့နေရပါတယ်။ အဲဒီလို အဖွဲ့တွေက တောင်သူတွေရဲ့ အကျိုးစီးပွားတွေကို အမှန်တကယ် ကာကွယ် မြှင့်တင် နိုင်ဖို့ လိုပါတယ်။ အစိုးရအဖွဲ့တွေ အနေနဲ့လည်း တောင်သူဘ၀ တိုးတက် မြင့်မားအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။
သွင်းအားစုတွေ စရိတ်သက်သာအောင်လုပ်ပေးတာ၊ စိုက်ပျိုးစရိတ် ချေးငွေတွေ တောင်သူလက်ထဲ ပြည့်ပြည့်၀၀ မြန်မြန်ဆန်ဆန် ရောက်အောင် ကူညီတာ၊ သီးနှံပေါ်ချိန်မှာ ဈေးနှုန်းတွေ တည်ငြိမ်အောင် လုပ်ပေးတာ၊ ခေတ်မီ သီးနှံသိုလှောင်ရုံတွေကို ကျေးလက်ဒေသတွေမှာ တည်ဆောက်ပေးတာ၊ ကုန်စိမ်းသီးနှံတွေကို ပြည်ပဝယ်လက် မဝယ်တဲ့အခါ ပြည်တွင်းမှာ နည်းပညာမြှင့် စည်သွပ်စက်ရုံတွေ ဆောက်ပြီး ပြည်ပပို့ကုန် အမယ်သစ် အဖြစ် ဈေးကွက်တင်ပို့နိုင်အောင် လုပ်ဆောင်ပေးတာတွေ လုပ်ပေးလို့ရပါတယ်။
ကျေးဇူးရှင် တောင်သူ ဦးကြီးတွေရဲ့ ဘ၀ တည်ငြိမ်အေးချမ်းစေဖို့ ဝိုင်းဝန်းကြံဆောင်ကြ စေလိုပါတယ်။ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ဆိုပြီး ကြွေးကြော်ခဲ့တာ ရာစုတဝက် မကတော့ပါဘူး။ ကြွေးကြော်သံတွေနဲ့ ဘဝကို တည်ဆောက်လို့ မဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ပါပြီ။ စေတနာပါတဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကသာ တောင်သူ တွေရဲ့ ဘဝကို မြင့်မားတိုးတက်စေမှာပါ။ တောင်သူလယ်သမားတွေရဲ့ ဘဝတိုးတက်ဖို့ အားလုံး ဝိုင်းဝန်းကြံဆောင် လုပ်ပေးကြရမယ့် အချိန်ရောက်ပါပြီ။ ။