“တပ်မတော်နေ့မှာ ဒေါ်စု ပန်းကုံးစွပ်မယ်” ဒါက Facebook ပေါ်မှာ ပြီးခဲ့တဲ့ နာရီ အနည်းငယ်ကမှ တက်လာတဲ့ Post တခု၊ တင်လိုက်တဲ့ စာမျက်နှာက Freedom News Group။
သူ့စာမျက်နှာပေါ်က သတင်းတွေကို သေချာကြည့််မိတော့ နိုင်ငံခြားသတင်းဌာနတွေက သတင်းအတော်များများကို Share လုပ်ပြီး တင်ထားတာကို သတိထားမိတယ်။ အဲဒီတော့မှ သူ့စာမျက်နှာပေါ်က နိုင်ငံခြားသတင်းတခုကို သဘောကျလို့ ကိုယ်ကိုယ်တိုင် Like လုပ်ထားမိဖူးတာကို သတိရတယ်။
သူ့စာမျက်နှာမှာတွေ့ရတဲ့ Link အရ ၂၀၀၈ ခုနှစ် ကတည်းက https://fngnews.com/ ဆိုတဲ့ ဒိုမိန်းနာမည်နဲ့ ဘလော့စာမျက်နှာ တခု ဖွင့်ထားခဲ့တာ ဖြစ်ပြီး အဲဒီ စာမျက်နှာမှာ သိမ်းဆည်းထားတဲ့ ဝါဒဖြန့် သတင်းမှတ်တမ်း ဟောင်းများ ကိုလည်း တွေ့နိုင်ပါတယ်။
သိပ် မကြာခင်မှာပဲ သတင်းဦး ဆိုတဲ့ စပွန်ဆာ စာမျက်နှာတခု တက်လာပါတယ်။ အဲဒီ စာမျက်နှာဟာလည်း http://www.yomalan.com/ ဆိုတဲ့ ဒိုမိန်းနာမည်နဲ့ ဘလော့စာမျက်နှာတခု ဖွင့်ထားပြီး အညှီအဟောက် သတင်းတွေ၊ နာမည်ကြီး ဆယ်လီတွေရဲ့ သတင်းတွေနဲ့ လူမျိုးရေး ဘာသာရေး ဝါဒဖြန့် သွေးထိုးလှုံ့ဆော်တဲ့ သတင်းတွေကို ကြားညှပ် ထည့်ထားတာ တွေ့ရပြန်ပါတယ်။
Oppositeyes ဆိုတဲ့ စာမျက်နှာကတော့ လတ်တလောလူပြောများနေတဲ့ ဘာသာကြီးလေးမျိုးအကြောင်း ကျောင်းသုံးစာအုပ်မှာ ပြဌာန်းမယ်ဆိုတဲ့သတင်းမှားကို “NGO အမည်ခံမွတ်စလင်သူလျှိုအဖွဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုပြီးသွေးဆူလာအောင် ဖွပေးနေပါတယ်။
ဘယ်လိုဖြစ်လို့ ဒီလို Post မျိုးတွေက ကိုယ့် News Feeds မှာ တက်လာရပါလိမ့် ဆိုပြီး စစ်ကြည့်လိုက်တော့ ဘယ်အချိန် ကတည်းက အဲဒီစာမျက်နှာတွေကို Follow လုပ်ထားမိတယ် မသိဘူး။ ဒါနဲ့ ဘယ်သူတွေ Like လုပ်ထား ပါလိမ့်လို့ ကြည့်လိုက်တော့ ကျမသူငယ်ချင်း ဧရာဝတီမဂ္ဂဇင်းက မြန်မာပိုင်းအယ်ဒီတာ ကိုရဲနည် အပါအဝင် သူငယ်ချင်း ရာချီပြီး အဲဒီ စာမျက်နှာတွေကို Like လုပ်ထားတာ တွေ့ရတယ်။ အဲဒီလို စာမျက်နှာမျိုးတွေကို Like လုပ်ထားသူတွေ သိန်းချီနေပြီးတော့ တပါတ်အတွင်းမှာ ကြည့်ရှုသူဦးရေ ဘယ်လောက်တက်လာတယ် ဆိုတာကို သူ့ Page မှာ ပေါ်နေတဲ့ ဂရပ်မျဉ်းအရ သိနိုင်ပါတယ်။
ဒီတလော Facebook ပေါ်တွေ့ရတဲ့ စာမျက်နှာအသစ်တွေ ထဲမှာ ယောကျ်ားလေး အတော်များများ နှစ်ခြိုက်တဲ့ Share လုပ်လေ့ရှိတဲ့ Page တွေကို သတိထားမိတယ်။ တချို့ Page တွေက လူ ၃ သိန်းကျော်လောက်ကြားမှာ ပျံ့နေခဲ့ပါပြီ။ Myanmar Model Photos ၊ Myanmar Cute Girls ၊ Myanmar Girl Photo စတဲ့နာမည်တွေနဲ့ မလုံ့တလုံ မိန်းကလေးတွေရဲ့ပုံတွေက Facebook သုံးတဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်တာ အမှန်ပါပဲ။
Myanmar Express ဆိုတဲ့ စာမျက်နှာကတော့ အဲဒီ လိင်ဆွဲဆောင်မှု အသားပေး စာမျက်နှာတွေနဲ့ ချိတ်ဆက်ပြီး Like ဦးရေ များအောင် လုပ်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့တပတ်က မှတ်ထားခဲ့တဲ့ Like အရေအတွက်က ၂ သိန်းကျော်ပဲ ရှိခဲ့ပါတယ်။ တပတ်အတွင်းမှာပဲ Like အရေအတွက် နောက်ထပ် ၁ သိန်းကျော် တိုးလာခဲ့ပြီးတော့၊ အဲဒီစာမျက်နှာ အကြောင်း ပြောနေသူပေါင်း ခြောက်သိန်းကျော် သွားပါတယ်။
လိင်အသားပေး အကြောင်းအရာတွေနဲ့ ပေါက်ပန်းဈေး Post တွေပဲ တင်လေ့ရှိတဲ့ သူ့ Facebook စာမျက်နှာနဲ့ ချိတ်ဆက်ထားတဲ့ mmexpress.net ဘလော့စာမျက်နှာမှာတော့ ခပ်တည်တည်နဲ့ In Depth: Myanmar News လို့ ရေးထားပြန်ပါတယ်။ မသိရင် အမှန်အကန်သတင်းတွေ တင်နေသလို ထင်ရပါတယ်။
စစ်အုပ်ချုပ်ရေး ကာလတုန်းက အစိုးရသတင်းစာတွေထဲမှာ ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေ မိန့်ခွန်းတွေနဲ့ နေ့စဉ်နဲ့ အမျှ ဝါဒဖြန့်ခဲ့ဖူးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က တင်းကျပ်တဲ့ စစ်အုပ်ချုပ်ရေး စနစ် အောက်မှာလည်း အကန့်အသတ်နဲ့ သုံးခွင့်ခဲ့ရတဲ့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကို သတင်းဖြန့်ချိဖို့နဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်တို့ အတွက် ပလက်ဖောင်းတခုလို အသုံးပြုခဲ့တဲ့ ဘလော့ဂါများ ရှိခဲ့ပါတယ်။
အဲဒီလိုပဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ သတင်းဌာနတွေကို သတင်းအမှားတွေ သုံးပြီး ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ စစ်အစိုးရလော်ဘီ ဘလော့ဂါအုပ်စု တစုလည်း ရှိခဲ့ပါတယ်။ အဲဒီ အုပ်စုက ပုံစံတူ ဘလော့ဂ် စာမျက်နှာတွေ ဖန်တီးပြီး ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများ အုပ်စုက နိုင်ငံရေးသမားတွေ၊ စစ်အစိုးရကို ထောက်ပြဝေဖန်လေ့ရှိတဲ့ မီဒီယာသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ အစဉ်တစိုက် လုပ်ခဲ့ကြပါတယ်။
မြန်မာ စာဖတ်ပရိသတ်တွေ အကြား လူသိများတဲ့ myanmarexpress.net ဟာ ၂၀၁၀ ခုနှစ် ဧပြီလ ကစပြီး မြန်မာ နိုင်ငံသား တယောက်ရဲ့ အမည် လိပ်စာ ဖုန်းနံပါတ်တွေနဲ့ မှတ်ပုံတင်ခဲ့တဲ့ ဒိုမိန်းနာမည် တခု ဖြစ်ပါတယ်။ အဲဒီ ဒိုမိန်း နာမည်နဲ့ ဘလော့ဂ် စာမျက်နှာတခု ဖန်တီးပြီး အခြား ဒိုမိန်းနာမည် ၁၀၀ ခန့်နဲ့ ချိတ်ဆက်ပြီး IP Address ပေါင်း ၇၀ ကျော်လောက်နဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ခဲ့တာ ၂၀၁၁ ခုနှစ် ကတည်းကဖြစ်ပါတယ်။
အဲဒီ အုပ်စုရဲ့ အင်တာနက် စာမျက်နှာများတွေပေါ်မှာ ရေးသားကြတဲ့ အကြောင်းအရာ အများစုဟာလည်း စစ်အစိုးရ လက်ထက်က ထုတ်ဝေတဲ့ သတင်းစာ အာဘော်တွေထဲက အတိုင်းပါပဲ။
ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့ ဒီကာလမှာတော့ ဝါဒဖြန့် စာမျက်နှာပေါင်း များစွာကို နေ့စဉ်နဲ့ အမျှ ဖွင့်ပြီး ဆိုရှယ်မီဒီယာ သုံးနေတဲ့ လူထုကြားထဲကနေ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်လာအောင်၊ စစ်ပွဲတွေ ရန်မီးတွေ ပိုကြီးထွားလာအောင် သွေးထိုးလှုံ့ဆော်မှုတွေ ပိုပိုများလာ ပါတယ်။
အဲဒီ စာမျက်နှာတွေ အားလုံးမှာ တူညီတဲ့ အချက် အတော်များများ ရှိတယ်။ အရင်ဆုံး အညှီအဟောက် သတင်းတွေ တင်ပြီး လူများများ ကြည့်အောင် လုပ်မယ်။ လူများများ ကြည့်လာပြီ ဆိုကာမှ လူမျိုးရေး ဘာသာရေး သွေးထိုး လှုံ့ဆော်မှုတွေ လုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး ခေါင်းဆောင်များကို အသရေဖျက်မယ်။ ဗမာနဲ့ တိုင်းရင်းသားတွေကြား သွေးကွဲအောင် လုပ်မယ်။ လက်ရှိ NLD အစိုးရ သွားနေတဲ့ လမ်းစဉ်ကို ဆန့်ကျင်ပြော ဆိုမယ်။
သတင်းအစစ်တွေ ကြားမှာ သတင်းအတုတွေ ရောထည့်ပြီး ကောလာဟလ သတင်းတွေ သွေးသံရဲရဲ သတင်းတွေ လူသတ်မုဒိမ်း သတင်းတွေနဲ့ လူတွေကို ထိတ်လန့် ချောက်ချားအောင် လုပ်မယ်။ နှစ်ကာလတွေ မတူတော့ပေမယ့် ပုံနှိပ်ခေတ် ကနေ ဆိုရှယ်မီဒီယာခေတ် ပြောင်းလာလို့ အသုံးပြုတဲ့ စာမျက်နှာတွေ ကွာသွားပေမယ့် လုပ်နည်း လုပ်ဟန်တွေ ကတော့ တထပ်တည်း ကျနေတာ တွေ့ရပါတယ်။
ဘလော့ဂါတွေ ဆိုရှယ်မီဒီယာ စာမျက်နှာတွေရဲ့ နာမည်တွေကလည်း စစ်အစိုးရ သတင်းစာ ကော်လံစားတွေရဲ့ နာမည်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ မျိုးချစ် (သို့မဟုတ်) မြန်မာ ဆိုတဲ့စကားလုံးကို တနေရာ မဟုတ် တနေရာ သုံးထားမယ်၊ မူလလက်ရင်း လူဟောင်းကြီးတွေ ဖြစ်တဲ့ Myanmar Express တို့ Opposite Eyes တို့က စစ်ဆင်ရေးကို ဦးဆောင်မယ်။ ဒေါက်တာ ချက်ကြီးတို့လို အညှီအဟောက် စာမျက်နှာတွေ နေရာမှာ အဖေါ်အချွတ် အသားပေး မြန်မာမော်ဒယ်တွေရဲ့ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ပြန်ပေါ်လာမယ်။ ဥပမာ ခုတလော ရေပန်းစားနေတဲ့ ဆရာဝန် မော်ဒယ်မကလေးရဲ့ ဓာတ်ပုံမျိုးနဲ့ ဖြစ်ဖြစ်ပေါ့။
ဆိုရှယ်မီဒီယာ စာမျက်နှာတခု Report ထု ခံလိုက်ရရင် နောက်ထပ် စာမျက်နှာတွေ အများကြီး ထပ်ဖွင့်ကြဦးမယ်။ ဒိုမိန်းနာမည် အမျိုးမျိုးနဲ့ ဖွင့်ထားတဲ့ ဘလော့ စာမျက်နှာတွေ ပေါ်မှာ ဖွသတင်းတွေ အဆင်သင့် တင်ထားပြီး စစ်ဆင်ရေး ကာလတခု ရောက်တာနဲ့ ဆိုရှယ်မီဒီယာ လူထုကြား ဖွသတင်းတွေ ရောက်အောင် ပို့ကြမယ်။
မီတာခ ၃ ဆ တက်မယ် ဆိုတဲ့ သတင်းမှားမျိုးကို နာမည်ကြီး သတင်းသမား တယောက်ယောက်ရဲ့ စာမျက်နှာပေါ်က တဆင့်ပါလာအောင် ဖွကြမယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်း အပိုင်းအစလေး တခုကို သုံးပြီး မတူကွဲပြားတဲ့ အုပ်စုတွေကြားမှာ အထင်မှားအမြင်မှား ဖြစ်အောင် လုပ်ကြမယ်။ တံတားနာမည်ပေးတဲ့ ကိစ္စတခုကို ဖွပြီး ဗမာနဲ့ တိုင်းရင်းသားတွေ အကြား သပ်လျှိုမယ်။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်မယ်။
ဒီလို အဖျက်အမှောင့် လုပ်ငန်းတွေကို အဖွဲ့အစည်းကြီး တခုက စစ်ဆင်ရေးကြီးတခု လုပ်သလိုမျိုး ကိုင်တွယ်ပြီး ရည်ရွယ်ချက်ရှိရှိ ငွေကုန်ကြေး ကျခံပြီး လုပ်ဆောင်နေတာလို့ ယူဆရပါတယ်။
ရှေ့တန်း စစ်မျက်နှာပြင်မှာ လက်နက်နဲ့ တိုက်ခိုက်ကြတာဟာ လက်နက်အသုံးပြုတဲ့ စစ်ဆင်ရေး တခုဖြစ်သလို၊ နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာပေါ်က တဆင့် လူထုကို (သို့မဟုတ်) လူပုဂ္ဂိုလ် တယောက်ယောက်ကို၊ အဖွဲ့အစည်း တခုခုကို အနှောင့်အယှက် ပေးဖို့ ထိုးနှက်တိုက်ခိုက်ဖို့ ကြိုးစားတာကလည်း “စိတ်ဓာတ် စစ်ဆင်ရေး” တခုပဲ ဖြစ်ပါတယ်။
“စိတ်ဓာတ် စစ်ဆင်ရေး (psychological warfare)” ဆိုတာ ဝါဒမှိုင်းတွေ၊ ခြိမ်းခြောက်မှုတွေ၊ အခြား စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးနည်းလမ်းတွေသုံးပြီး လူထုကို ချောက်ချားအောင်၊ စိတ်ဓာတ် ပျက်ပြားအောင်၊ အဖွဲ့အစည်းတခု အပေါ် အထင်မှား အမြင်မှား ဖြစ်အောင် လုပ်ဆောင်တာလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။
ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ ကြားထဲမှာလည်း ဒီလို စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတဲ့ အုပ်စု တစုရှိမှန်း သတိထားမိတဲ့ သူတွေ အတော်များပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ တိုးလာတဲ့ သုံးစွဲသူ အသစ်တွေ ကြားမှာတော့ ဒီလို စိတ်ဓာတ် စစ်ဆင်ရေး မျိုးတွေက အလုပ်ဖြစ်နေဦးမှာ ပါပဲ။
ဒါတွေကို ဘယ်လို တားဆီးကြမလဲ၊ ဘယ်လို ကာကွယ်ကြမလဲ၊ ကိုယ်တယောက်တည်းပဲ ဖြစ်ဖြစ် စလုပ်လို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီလို စိတ်ဓာတ်စစ်ဆင်ရေး စာမျက်နှာမျိုးတွေ ဆိုရှယ်မီဒီယာပေါ် တက်လာတာတွေ့တိုင်း သန့်ရှင်းရေး လုပ်တဲ့ အနေနဲ့ Report ထုကြဖို့၊ ကိုယ့်မိတ်ဆွေတွေက သတင်းမှားတွေ Share လုပ်နေတာတွေ့ရင် မှားတဲ့ အကြောင်းကို Comment ရေးပြီး ပွင့်ပွင့်လင်းလင်း ထောက်ပြကြဖို့၊ သက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိ အစိုးရဌာနတွေနဲ့ ပေါင်းပြီး ဖော်ထုတ် အရေးယူကြဖို့ စသဖြင့် ကိုယ်က စပြီးလုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးပါပဲ။
တကိုယ်ရည် သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်သလိုမျိုး ဆိုရှယ်မီဒီယာ သန့်ရှင်းရေး လုပ်ကြဖို့တော့ အမှန်တကယ် လိုအပ်နေပါပြီ။ မှော်ရုံတောကို နင်းပြီး တောရှင်းနိုင်မှ ဝါရင့်မုဆိုးတွေရဲ့ သားကောင် အဖန်တလဲလဲ ပြန်မဖြစ်မှာ မဟုတ်လား။ ။
(မွန်မွန်မြတ်သည် သတင်းရုပ်သံမှတ်တမ်းတင်သူလည်း ဖြစ်ပြီး မြန်မာပြည်ရှိ အင်တာနက်နှင့် လူမှုကွန်ရက်များ သုံးစွဲမှုကို စောင့်ကြည့်လေ့လာသူ သုတေသီတဦးလည်း ဖြစ်သည်)