တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ရှမ်းပြည်နယ် အရှေ့ဘက် “ဝ” အထူးဒေသ မြို့တော်ဖြစ်တဲ့ ပန်ဆန်းမှာ ၃ ရက် ကြာ အစည်းအဝေး လုပ်ခဲ့ပါတယ်။
အစည်းအဝေးပြီးနောက်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေက ဝ ဦးစီးမယ့် နိုင်ငံရေးအဖွဲ့တခု ဖွဲ့ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အစား နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကို ဦးစားပေးမယ့် ကော်မတီ တခုကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
ဝ ဦးစီးမယ့် ကော်မတီအဖွဲ့ဟာ ဗဟိုအစိုးရနဲ့တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပြီး အဲဒီ တွေ့ဆုံ ဆွေးနွေးမှု ကနေတဆင့် နိုင်ငံရေးညှိနှိုင်းမှု အောင်မြင်ရင်တော့ မြန်မာ့ငြိမ်းချမ်းရေးက ကောင်းလာဖို့ အလားလာရှိပါတယ်။
နိုင်ငံရေးညှိနှိုင်းမှု အဆင်မပြေလာပါက တိုင်းရင်းသားထဲမှာ အင်းအားအကောင်းဆုံး ဝ တပ်မတော်အနေနဲ့ ရှေ့တန်း စစ်မြေပြင်ကို ထွက်လာ နိုင်ဖွယ်ရှိပြီး နိုင်ငံရဲ့ အရှေ့ပိုင်း ပြည်တွင်းစစ်မီး တောက်လောင် လာနိုင်မယ့် အနေအထား ရှိကြောင်း တိုင်းရင်းသား နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
ပန်ဆန်းဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိကရေစီ မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့် တပ်မတော် (AA) တို့ဟာ ပန်ဆန်း ထိပ်သီးဆွေးနွေပွဲကို တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေး အင်အားစု အသစ်တခု တည် ထောင်သင့်ပြီး လက်ရှိ အစိုးရရဲ့ NCA ကို လက်မခံကြောင်း၊ တရားမျှတမှု ရှိတဲ့ NCA စာချုပ် အစားထိုးဖို့ လိုကြောင်း ဆွေးနွေးပွဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ အစိုးရတို့ကြား ညှိနှိုင်းဆွေးနွေး နေတဲ့ NCA မူအရ ဘယ်လက်နက်ကိုင် အဖွဲ့အစည်း မဆိုု NCA လက်မှတ်ထိုးပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲထဲ ပါဝင်ခွင့်ရမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် အခု လက်ရှိ ပလောင်၊ ကိုးကန့် နဲ့ ရခိုင် လက်နက်ကိုင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လိုပါက လက်နက်စွန့်လွှတ်ဖို့ တပ်မတော်က ပြောဆိုထားပါတယ်။
ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ဟာ တိုင်းရင်းသား နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရာစု ၂ ခု လောက် က ထဲထဲ ဝင်ဝင် ပါဝင် ပတ်သက်ခဲ့ခြင်း မရှိချေ။
UWSP ပါတီ အတွက် တရားမဝင် စီးပွားရေးဖြစ်တဲ့ နိုင်ငံတကာက တားမြစ်ဖမ်းဆီးနေတဲ့ ဘိန်းလုပ်ငန်းနဲ့ စီးပွားဖြစ် ကြီးပွား လာခဲ့တယ်လို့ သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
UWSP ဟာ ဝ ပြည်နယ်ကို နိုင်ငံငယ်လေးတခုလို ကိုယ်တိုင်ကိုယ်ကျ ထူထောင်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲလာတာနဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူပေါင်းပါဝင်မှု ပြုလာပါတယ်။
ဝ အဖွဲ့အနေနဲ့ NCA ထိုးဖို့ မလိုကြောင်း မူကိုလည်း လက်ကိုင်ထားပါတယ်။ အဖွဲ့ခေါင်ဆောင်တွေက သူတို့ပါတီ ဟာ တပ်မတော်နဲ့ နှစ်အတော်ကြာ စစ်ရေး ပဋိပက္ခ မရှိခဲ့တဲ့အတွက် လက်မှတ်ထိုးဖို့ မလိုကြောင်းလည်း ပြောဆို ထားပါ တယ်။
ဝ အဖွဲ့နဲ့ အိမ်နီးချင်း NDAA အဖွဲ့ကလည်း ထိုနည်းတူစွာ NCA လက်မှတ်ထိုးဖို့ မလိုကြောင် မူဝါဒကို လက်ကိုင် ထား ပါတယ်။ အဲဒီ နှစ်ဖွဲ့ဟာ နိုင်ငံရေးနဲ့ စစ်ရေး မဟာမိတ် အဖြစ်လည်း ရပ်တည်နေပါတယ်။
ဝ ခေါင်ဆောင်တွေဟာ ပုံမှန်အနေနဲ့ နိုင်ငံရေးဘက်မှာ အားမကောင်းကြပါဘူး။ ဒါပေမယ့် စစ်ရေးအနေနဲ့ တိုင်းရင်း သား လက်နက်ကိုင်ထဲမှာ အင်အား အတောင့်တင်းဆုံးအဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ တပ်ဖွဲ့ဝင် အင်အား ၃ သောင်း လောက် ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။
မြန်မာ့ နိုင်ငံရေးကလည်း ပြောင်းလဲလာပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ ရှမ်းပြည်နယ်ဘက်မှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ ပလောင်၊ ကိုးကန့်၊ ရှမ်း နဲ့ ကချင် တပ်ဖွဲ့တွေကို အရင်တုန်းကထက် ပိုပြီး စစ်ဆင်ရေးတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။
ဒီလို အခြေအနေအပေါ်မှာ ဝ တပ်ဖွဲ့အနေနဲ့ သူတို့ရဲ့လုံခြုံမှုကို စိုးရိမ်မကင်း ဖြစ်လာတယ်လို့ ယူဆရပါတယ်။
ဝ အဖွဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေး လုပ်တာ ၃ ကြိမ်မြောက် ရှိပါပြီ။ ရှေ့က လုပ်သွား တဲ့ နှစ်ကြိမ်မှာတော့ သူတို့လိုရာ ပါတီမူဝါဒကို အခြားအဖွဲ့တွေရဲ့ ထောက်ခံမှု မရပေမယ့်လည်း အခု ၃ ကြိမ်မြောက် ဆွေးနွေးပွဲမှာ အခြားလက်နက်ကိုင်အဖွဲ့တွေက ဝ အဖွဲ့ရဲ့ မူဝါဒကို ထောက်ခံလာတဲ့ အတွက် သူတို့ လိုရာကို အောင်မြင်တယ်လို့ ပြောရမှာပါ။
ဝ အဖွဲ့ ခေါင်းဆောင်မယ့် လာမယ့် အစိုးရနဲ့ဆွေးနွေးပွဲက NCA ထက် နိုင်ငံရေး ဆွေးနွေးမှုကိုသာ ပိုပြီး ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မဟာမိတ် အဖွဲ့ဝင်သစ်
ဝ အဖွဲ့အနေနဲ့ ကွန်မြူနစ်ဝါဒကို စွဲကိုင်ထားတဲ့ အဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။ အဖွဲ့ ခေါင်းဆောင်တွေကလည်း ဒီနေ့ အထိ ကွန်မြုနစ် စနစ် အုပ်ချုပ်မှုကိုပဲ ကျင့်သုံးကြပါတယ်။ ဒါကိုကြည့်ပြီး ကချင် အပါအဝင် အခြား တိုင်းရင်းသား လက်နက် ကိုင်တွေက နှစ်လိုမှု ရှိပုံ မရသလို ဝအဖွဲ့နဲ့ ပူးပေါင်းဖို့လည်း ဆန္ဒရှိပုံ မရကြပါဘူး။
သာဓက တခုအနေနဲ့ ပြောရရင် ၂၀၁၄ ခုနှစ်မှာ UNFC အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖက်ဒရယ် တပ်မတော် (Federal Army) ဖွဲ့တယ်။ မြောက်ပိုင်း နဲ့ တောင်ပိုင်းဆိုပြီး အဖွဲ့နှစ်ခု ဖွဲ့ပါတယ်။
အဲဒီ ဖက်ဒရယ် တပ်မတော် ရပ်တည်ဖို့ အတွက် ငွေကြေး အပိုင်းကတော့ အလှူရှင်ဖြစ်တဲ့ အမေရိကန်နဲ့ ဂျပန် အစိုးရတွေ ဆီက မရရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီအတွက် UNFC အဖွဲ့ဝင်တချို့က ငွေကြေနဲ့ ပတ်သက်ပြီး ဝအဖွဲ့ ကနေ တောင်းဆိုကြဖို့ အကြံပြုကြပါတယ်။
ဒါပေမယ့် ဝ အဖွဲ့အနေနဲ့ ငွေကြေး ထောက်ပံ့ရမယ်ဆိုရင် ဖက်ဒရယ် တပ်မတော်ထဲမှာ ဥက္ကဋ္ဌ ရာထူးကို လိုချင်မှု ရှိ လာပါတယ်။ ဒါကို အခြား လက်နက်ကိုင် တိုင်းရင်းသားတွေက လက်မခံချင်ပါဘူး။ အထူးသဖြင့် KIA က ဝ အဖွဲ့ရဲ့ အာဏာ လွှမ်းမိုးမှုကို လက်မခံချင်ပါဘူး။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အာဏာရချိန်က စပြီး မြန်မာ့ တပ်မတော်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိ လူမျိုးစု လက်နက်ကိုင်တွေကို တိုက်ပွဲတွေ ဆင်လာတာ ရှမ်းပြည်နယ် တရုတ်နယ်စပ် အနီးမှာ အထူးပြင်းထန် လာ ခဲ့ပါတယ်။
ဒါကြောင့် KIA နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက တပ်မတော် ထိုးစစ်တွေကိုခုခံဖို့ သူတို့ အချင်းချင်း တဖွဲ့နဲ့ တဖွဲ့ ပိုမိုမှီခိုဖို့ လိုတယ်လို့ ခံစားလာကြရပါတယ်။ အဲဒီတော့ ဝအဖွဲ့ကို ကချင်အပါဝင် အခြား လက်နက်ကိုင်တွေက ပူးပေါင်းဖို့ လိုအပ်ကြောင်းလည်း သိမြင်လာကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေက နယ်စပ်ချင်းတွေလည်း ဆက်စပ်မှု ရှိနေတော့ တရုတ်ကိုသာ အားကိုးနေရတဲ့ လက်ရှိဖြစ်စဉ် နိုင်ငံရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း နယ်စပ်ဖြတ်ကူး ကုန်သွယ်ရေးနဲ့ နယ်စပ်ချင်း ဖလှယ်ပြီး တပ်မတော်ကို တုံ့ပြန်ဖို့ လိုအပ်ကြောင်း ဝ အဖွဲ့ကလည်း သဘောပေါက်လာတဲ့ အနေအထား ဖြစ်တယ် လို့ ယူဆမိပါတယ်။ ။