“တလွဲဂုဏ်ဖေါ်သူ” (ဝါ) “ဗာလ” (ဝါ) “တုစ္ဆ” ကို “သာသနာတော်အတွက် အချည်းနှီးဖြစ်သောပုဂ္ဂိုလ်” လို့ ပြောရမယ်။
ဝိနည်းအကြောင်းကို ပြောဆိုဆွေးနွေးရမယ်ဆိုရင် ပဏ္ဏတ္တိဝဇ္ဇ နဲ့ လောကဝဇ္ဇ ဆိုပြီး ဝိနည်းပညတ်ချက် အမျိုးအစား နှစ်မျိုးရှိပါတယ်။ ပဏ္ဏတ္တိဝဇ္ဇဆိုတာ ဘုရားပညတ်ထားလို့ အပြစ်ရှိတဲ့ ဝိနည်းသိက္ခာပုဒ်အမျိုးအစားဖြစ်ပါတယ်။ လောကဝဇ္ဇကတော့ ဘုရားပညတ်သည်ဖြစ်စေ၊ ဘုရားမပညတ်သည်ဖြစ်စေ သဘာဝတရားအရ (အဘိဓမ္မာသဘောအရ) အပြစ်ရှိတဲ့ ဝိနည်းသိက္ခာပုဒ်အမျိုးအစားပါ။
ဥပမာ ရဟန်းတစ်ပါးဟာ ကျန်းမာလျက်က စိမ်းစိုတဲ့ မြက်သစ်ပင်ပေါ်မှာ ကျင်ကြီးကျင်ငယ် နှပ်တံထွေးများ မစွန့်ကောင်းပါ။ စွန့်ပါက ဒုက္ကဋ်အာပါတ်သင့်ပါတယ်။ ၎င်းသိက္ခာပုဒ်ဟာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကာလ အိန္ဒိယ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာယုံကြည်မှုကို မဆန့်ကျင်လိုတာကြောင့် မြတ်စွာဘုရား ပညတ်ထားတော်မူခဲ့တဲ့ ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်အမျိုးအစားဖြစ်ပါတယ်။ ဒီသိက္ခာပုဒ်ဟာ ဒေသနာကြားရင် ပြေပျောက်နိုင်တဲ့ သေခိယအမည်ရတဲ့ သိက္ခာပုဒ်အငယ်စားပါ။
လူသတ်ခြင်းနဲ့သက်ဆိုင်တဲ့ တတိယပါရာဇိက သိက္ခာပုဒ်ကတော့ ကုစားလို့မရတဲ့ သိက္ခာပုဒ်အကြီးစားပါ။ ကျူးလွန်ရင် ရဟန်းမဖြစ်တော့ပါဘူး။
အခြား သိက္ခာတစ်ခုကတော့ တိရစ္ဆာန်ကို သတ်ရင် သင့်တဲ့ ပါစိတ်သိက္ခာပုဒ်ပါ။ ဒီသိက္ခာပုဒ်က နောင်မကျူးလွန်တော့ပါဘူးလို့ အပြစ်ကိုဝန်ခံ ဒေသနာကြားပြီး ကုစားရင် ပြေပျောက်နိုင်တဲ့ သိက္ခာပုဒ်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီသိက္ခာပုဒ်နှစ်ခုစလုံးရဲ့ အနှစ်သာရတွေဖြစ်တဲ့ ကိုယ်တိုင်သတ်ခြင်း၊ သူတစ်ပါးကို သတ်စေခြင်း၊ သတ်မှုကျူးလွန်ဖြစ်အောင် ကူညီအားပေးထောက်ခံချီးမွမ်းခြင်းသဘော သက်ရောက်တယ်ဆိုရင် သဘာဝတရားအရ (အဘိဓမ္မာသဘောအရ) အပြစ်ဖြစ်တဲ့ လောကဝဇ္ဇသိက္ခာပုဒ်တွေဖြစ်ပါတယ်။ ကျူးလွန်ရင် အကုသိုလ်ကံထိုက်ပါတယ်။
ယခု ဟိုးလေးတကျော်ဖြစ်သွားတဲ့ လူသတ်သမားတွေကို ကျေးဇူးတင်တယ်၊ လူသတ်တာကို အားပေးထောက်ခံချီးမွမ်းတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တလွဲဂုဏ်ဖေါ်တဲ့ကိစ္စကတော့ ဝိနည်းရှုထောင့်ကို အသာထား။ ယခုလို တလွဲဂုဏ်ဖေါ်သူကို တရားဓမ္မကို ကျင့်ကြံပွားများရမယ့် ရဟန်းမဆိုထားနှင့် လူကောင်း စာရင်းတောင် သွင်းသလားဆိုတာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေက ထင်ရှားပြီးပါကြောင်း ရေးသားလိုက်ရပါတယ်။
ဒီစာကို အရှင်ဇနကာဘိဝံသရဲ့ ဘုရားဥပဒေတော်ကြီး ကိုးကားပါတယ်။
(အရှင်စန္ဒိမာ (မွန်စိန်တောရ)သည် အမေရိကန်ပြည်ထောင်စုတွင် ခေတ္တသီတင်းသုံးနေသော မြန်မာရဟန်းတပါးဖြစ်သည်)