အကျင့်ပျက်ခြစားမှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အားနည်းပြီး အလုပ် မဖြစ်တာတွေကို ပြနေတာလို့ ဦးမြင့် ပြောတာကို ကျနော် သဘောတူပါတယ်။ ဒီလို အလုပ် မဖြစ်ရတာဟာ အစိုးရရဲ့ စီးပွားရေး မူဝါဒကြောင့်လို့ ကျနော်က ဆိုချင်တယ်။ တလက်စတည်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့တွေ ဖွဲ့ပေမယ့် အကြောင်းရင်းကို ထုတ်ဖော် ကိုင်တွယ်မှု မလုပ်ရင် အကျိုးသက်ရောက်မှာ မဟုတ် လို့ သူ ပြောတာကိုလည်း သဘောတူပါတယ်။
ဒါ့ကြောင့် မဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုး အကြောင်း ပြောချင်ပါတယ်။ ပထမ တခုက လာဘ်ပေး လာဘ်ယူမှု အကျင့်ပျက်ခြစားမှုတွေကို ဖြစ်စေတဲ့ ချည့်နဲ့တဲ့ တရားစီရင်ရေး၊ အစွမ်း မထက်တဲ့ အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ်တွေက ပေါက်ဖွားလာသူတွေနဲ့…၊ ဒုတိယ တခုက အစိုးရပေါ်လစီကြောင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်တွေ ပိုရသွားသူတွေ အကြောင်းပါ။
ပထမ အမျိုးအစားက လွယ်လွယ်နဲ့ မပျောက်၊ လာဘ်ပေးလာဘ်ယူ လုပ်တတ်တဲ့ အကျင့်ဆိုးကို ပြောင်းပစ်ဖို့နဲ့ ဝန်ထမ်းတွေ ဖူလုံဖို့ အချိန်ယူရမယ်။ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးလာအောင် အခြေခံကောင်းတွေ တည်ဆောက်ရပါ လိမ့်မယ်။ ဒုတိယ အမျိုးအစားကတော့ မြန်မြန်ထက်ထက်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံ့စီးပွားကို လက်ဝါးကြီး အုပ်ထားတဲ့ ဗျူရိုကရေစီနဲ့ ကြိုးနီစနစ်ကို လျှော့ချပစ်ရုံပါပဲ။
သို့သော် မြန်မာပြည်လို နိုင်ငံမျိုးမှာက စီးပွားရေးမူဝါဒ ဖြေလျှော့ဖို့၊ ချုပ်ကိုင်မှု လျှော့ချဖို့ ဆိုတာ မလွယ်လှဘူး။ နိုင်ငံ့စီးပွားရေးမှာ တင်ပို့မှု စရိတ်တွေ (transaction cost) လျှော့ပစ်ဖို့ ဆိုတာ မလွယ်ဘူး။ ဆယ်စုနှစ်ပေါင်း များစွာ စီးပွားရေး ပြူပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အစိုးရက ဘာကြောင့် နှောင့်နှေးနေတာလဲ ဆိုတဲ့ မေးခွန်းပဲ မေးရတော့မယ်။
နိုင်ငံလွတ်လပ်ရေး ရပြီး အစောပိုင်း နှစ်တွေတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး (free trade)၊ တံခါးဖွင့် စီးပွားရေး (open-door policy)၊ အစိုးရက ဝင်မစွက်တဲ့ (laissez-faire) ကိုလိုနီစီးပွားရေး ပုံစံကို နိုင်ငံခြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်က ထိန်းချုပ်မှုလုပ်၊ သွင်းကုန် အစားထိုးဖို့ နိုင်ငံပိုင် စက်ရုံတွေထောင်ရင် ဖွံ့ဖြိုးမှု မြန်မယ် ဆိုတဲ့ ယုံကြည်မှုက လွှမ်းမိုးခဲ့တာ လက်ခံနိုင်စရာပါ။ အခုခေတ်မှာ အဲဒီပုံစံက အလုပ် သိပ်မဖြစ်တာ အိမ်နီးချင်းနိုင်ငံတွေက နမူနာပြပြီး ပါပြီ။ သူတို့ဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ နိုင်ငံခြားကို ထုတ်ကုန်တွေ ပို့နိုင်အောင် ဦးစားပေးတဲ့ ပေါ်လစီနောက်ကိုပဲ လိုက်ခဲ့ကြတယ်။
ဆိုတော့ ပြုပြင်ပြောင်းလဲမှု ဘာကြောင့် အစိုးရက လက်နှေးနေရသလဲ ဆိုတာ ရှင်းပြဖို့ လက်ခံနိုင်စရာ အကြောင်းတွေ ရှိရမှာပေါ့။ မြန်မာလို သဘာဝသယံဇာတ ချမ်းသာတဲ့ နိုင်ငံမျိုးမှာ ကျနော့် အမြင် နှေးကွေးမှုဟာ သယံဇာတ ကြွယ်ဝမှုကြောင့်လို့ပဲ ထင်ပါတယ်။ လက်ခံနိုင်စရာ မဟုတ်တဲ့ စီးပွားရေး ပေါ်လစီကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတော် ငွေစာရင်း ရှင်းတမ်းကွာဟချက် ပြသနာတွေ (balance of-payments problems) ကို ရှောင်လွှဲဖို့ နိုင်ငံဟာ သယံဇာတတွေ ရောင်းလို့ရတဲ့ နိုင်ငံခြားဝင်ငွေကို သုံးရတော့တယ်။ ငွေစာရင်းပြသနာပေါ်တိုင်း ပြုပြင်ရေးရှေ့ရှုစေမယ့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) သို့မဟုတ် နိုင်ငံခြား အစိုးရတွေဆီက တည်ငြိမ်မှုထိန်း ချေးငွေကို ယူမယ့် အစား သယံဇာတ ရောင်းရငွေကို အစားထိုးသုံးဖို့ပဲ လုပ်လာတော့တယ်။ မြန်မာနိုင်ငံလို စစ်အရာရှိကြီးတွေက နိုင်ငံရဲ့သယံဇာတတွေကို ကိုယ်ပိုင် သဖွယ် အသုံးပြုခွင့်ရှိတဲ့ နိုင်ငံမှာ ပိုနေမြဲ ကြားနေမြဲ (status quo) က သူတို့အတွက် အင်မတန်ကို အကျိုးအမြတ် ဖြစ်စေပါတယ်။ ပြုပြင်ပြောင်းလဲလို့ ပြသနာတွေကို ရင်ဆိုင်မယ့် အစား ငြိမ်ငြိမ်နေတာ သူတို့ ပိုလိုလားပါတယ်။
ဒီနေရာမှာ သယံဇာတ ချမ်းသာကြွယ်ဝမှု (rich endowment of natural resources)၊ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ နိုင်ငံရေး စိတ်ဓာတ် ကင်းမဲ့မှု (lack of political will to undertake economic reforms) နဲ့ အကျင့်ပျက် ခြစားမှုတို့ (corruption) ဆက်စပ်နွယ်ငင်နေတာကို ကျနော်တို့ တွေ့ရပါပြီ။ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ နောက်ခံ (context) ထဲ ဒီဆက်နွယ်မှုကို ဆက်ခြေရာခံဖို့ ဦးမြင့် အိုင်ဒီယာကို ဆက်သုံးကြစို့ရယ်။
သူ့ရဲ့ (high level) အထက်က ခြစားမှုနဲ့ (low level) အောက်ခြေက ခြစားမှု ဆိုတာနဲ့ စကြတာပေါ့။ အထက်က ခြစားမှုဆိုတာ ဩဇာအာဏာကြောင့် အခွင့်ထူးခံ ရပြီး ကြွယ်ဝနေတဲ့ နိုင်ငံရေး ထိပ်ဆုံးတန်းက သူတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ ခြစားမှုဟာ လစာဝင်ငွေ နည်းတာကြောင့် မဟုတ်ပါ။ လစာဝင်ငွေနည်းတဲ့ စာရေးစားချီ အစိုးရ ဝန်ထမ်းတွေကတော့ (inflation) ငွေကြေးဖောင်းပွမှုကြောင့် လူနေမှုစရိတ် မကာမိရာက အကျင့်ပျက် လာဘ်စားရတာ လို့ ဖြေလေ့ရှိပါတယ်။ အထက်က ခြစားမှုနဲ့ ပတ်သတ်လို့ (economic rent) နိုင်ငံတော်ဆိုင်ရာ စီးပွားရေး အငှားချထားမှု သို့မဟုတ် ပါမစ်ချပေး စီးပွားရေးတို့နဲ့ ဆက်စပ်နေပါတယ်။
အခုတော့ လစာတိုးပေးလို့ အောက်ခြေခြစားမှု ပျောက်သွားမှာ မဟုတ်ဘူးလို့ ပြောကြတာကို ထောက်ခံ ဆွေးနွေးပါရ စေ။ တကယ်တော့ (real wages) လစာ အစစ်အမှန် တိုးသွားတာ မဟုတ်ပဲ ဂဏန်းတွေ ပုံပျက် မြင့်တက်သွားတာပါ။ လစာ အစစ်အမှန် တိုးသွားရင်တောင် လာဘ်ယူလို့ ရသေးတဲ့ အထိ လာဘ်ယူကြဦးမှာမို့ ဒီဟာက ရပ်သွားမယ် လို့ ကျနော် မထင်ပါ။ တကယ်က အောက်ခြေခြစားမှု လျော့သွားဖို့ဆို ငွေဖောင်းပွမှု ထိန်းဖို့၊ လူနေမှုစရိတ် ကြီးစေတဲ့ ကုန်တွေ တင်သွင်းမှု လျှော့ချဖို့နဲ့ လာဘ်ယူတာတွေ ကျဆင်းသွားစေမဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်မှုတွေ တပြိုင်တည်း လုပ်ဖို့ လိုပါတယ်။
ဦးမြင့် ဆွေးနွေးတဲ့ ခြစားပုံ ၃ မျိုးကို ဆက်ဆွေးနွေးပါ့မယ်။
(၁) အရိုးစွဲနေတဲ့ အကျင့်ပျက် ခြစားမှု (systemic corruption)၊ ဒါက တိုင်းပြည်ရဲ့ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအပိုင်းတွေမှာသာမက လူတွေရဲ့ အကျင့်စရိုက်ထဲထိ လှိုက်စားနေလို့ ခြစားမှုဟာ ဘဝနေနည်းပါ ဖြစ်လာတယ်။
(၂) စနစ်တကျ ကြံစည်ထားတဲ့ အကျင့်ပျက် ခြစားမှု (well-organized system of corruption)၊ စီးပွားရေး သမားတွေက ဘယ်သူ့ ဘယ်လောက်ပေးရင် ဘာပြန်ရမယ် ဆိုတာ သိသလို အစိုးရ အရာရှိတွေဘက်ကလည်း ရေရှည် စို့စို့ပို့ပို့ စားရအောင် လုပ်တယ်။ ရွှေဥဥနေတဲ့ ငန်းကို မွေးထားသလိုပေါ့။
(၃) ကျီးကန်းတောင်းမှောက် ခြစားမှု (chaotic corruption)၊ ပေးမယ့်သူက ဘယ်သူ့ ဘယ်လောက် ပေးရမလဲ၊ ဘယ်လောက် ပြန်ရမလဲ၊ မသိသလို ယူတဲ့ သူကလည်း မိုးရွာတုန်း ရေခံ သိမ်းကြုံးယူပါတယ်။ အဲဒီ အခြေအနေမှာ ငန်းဟာ စိတ်ရှုပ်သွားပြီး ရွှေဥ ပုံမှန်ဥဖို့ ခက်သွားတယ် လို့ ဦးမြင့်က ဆိုခဲ့တယ်။
စိတ်ဝင်စားစရာ မေးခွန်းတွေ ကျနော့်ခေါင်းထဲ ပေါ်လာတယ်။ အကျင့်ပျက်ခြစားတာ မြန်မာမှ မဟုတ်ပါ၊ အိမ်နီးချင်းတွေ ဖြစ်တဲ့ ထိုင်းတို့၊ အိန္ဒိယတို့လည်း ထိုနည်းလည်းကောင်း ပါပဲ။ အိန္ဒိယဆို တလောလေးက အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး အစာငတ်ခံ ဆန္ဒပြတာတွေတောင် ဖြစ်သွားသေး။ ဒါပေမယ့် ဒီနိုင်ငံတွေ တိုးတက်မှုနှုန်း ကောင်းနေပြီး ကိုယ်တွေနိုင်ငံက ဘာကြောင့် ဖွံ့ဖြိုးမှုနှုန်း နည်းရသတုန်း။ (အစိုးရရဲ့ တရားဝင်နှုန်းကို စာရွက်ပေါ်မှာပဲ ထားလိုက်ပါ)
ကျနော့် အတွက်တော့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှု အတွက် မူဝါဒနဲ့ လုပ်ဆောင်ချက်ကောင်းတွေ ရှိနေရင် စနစ်တကျ ကြံစည် ခြစားမှု (organized corruption) ကို အတိုင်းအတာ တခုထိ သည်းခံနိုင်တယ် လို့ မြင်တယ်။ သို့သော် ဒီဟာက အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှု (full potential growth) ကို ပိတ်ဆို့ထားသလို ဖြစ်နေပြီး ဖွံ့ဖြိုးမှု နှုန်းကိုပါ ဆွဲချနေတာက အမှန်ပါပဲ။ အလားအလာအပြည့်ရှိတဲ့ ဖွံ့ဖြိုးမှု လမ်းကြောင်း (full-potential growth path) နဲ့ နိမ့်ကျနေတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း (lower growth path) ကြားက ကွာဟချက်ဟာ အကျင့်ပျက် ခြစားမှု တန်ဘိုး (costs of corruption) ပါပဲ။ ဒီဟာက အကြမ်းအားဖြင့် ဥပမာပြရရင် ထိုင်းနိုင်ငံပေါ့။
စင်ကာပူကတော့ အင်မတန် ထူးခြားတဲ့ ဥပမာ ဖြစ်တယ်။ အကျင့်ပျက်မှုကို တိုက်ဖျက်ရာမှာ နာမည်ကောင်းရပြီး ဖွံ့ဖြိုးမှုကိုလည်း အရှေ့တောင်အာရှမှာ အမြင့်ဆုံး ရောက်အောင် ထိန်းထားနိုင်တယ်။ နိုင်ငံသေးသော်ငြား သယံဇာတ မရှိဘဲ ထောင်တက်လာနိုင်ခဲ့တဲ့ သူ့အောင်မြင်မှုဟာ အတုယူစရာပါ။ သဘာဝသယံဇာတ ခေါင်းပါးတော့ အကျင့်ပျက်မှုကို တိုက်ဖျက်ရမှာ တာဝန်ဖြစ်လာတယ်။ ဒါမှ နိုင်ငံကို အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးမှာ ကုန်တင်ကုန်ချ လုပ်နေတဲ့ သင်္ဘောတွေ မကြန့်ကြာရအောင်၊ တင်ပို့မှု စရိတ်တွေ လျှော့ချနိုင်တဲ့ အကောက်ခွန်မဲ့ ဆိပ်ကမ်းကြီး (centerport) အဖြစ် ချဲ့ထွင်တည်ဆောက်နိုင်မှာ ဖြစ်လို့ပဲ။ မြန်မာပြည်ကတော့ ဒီ ဥပမာနဲ့ ဆန့်ကျင်ဘက်ပဲ။
မြန်မာပြည်မှာ ကျီးကန်းတောင်းမှောက် ခြစားမှု စတင်ခဲ့တာ လွတ်လပ်ရေး ရအပြီး စီးပွားရေးကို နိုင်ငံတော်က စထိန်းချုပ် ကတည်းကပါ။ စီးပွားရေး ထိန်းချုပ်မှု ပိုကြာလာ၊ ပိုတင်းကြပ်လာတာနဲ့ အမျှ ခြစားမှု ပိုကျယ်ပြန့် နက်ရှိုင်းလာ ပါတယ်။ လူတွေလည်း အကျင့်ပျက် လာတော့တာပါပဲ။ ကိုလိုနီခေတ်မှာတုန်းက မြန်မာ့ရွှေဥဟာ ဆန်နိုင်ငံခြားတင်ပို့မှုက လာပါတယ်။ ဆန်တင်ပို့မှုမှာ မြန်မာဟာ ပထမ၊ ဆန်နိုင်ငံခြားတင်ပို့မှုက တိုင်းပြည်ဖွံ့ဖြိုးမှုရဲ့ အဓိက မောင်းနှင်အားပါ။ လွတ်လပ်ရေး ရအပြီး ဆန်စပါးလုပ်ငန်း အစိုးရချုပ်ကိုင်မှုအောက် ရောက်၊ အဲဒီချုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခြစားမှုတွေက ရွှေဥ ဥပေးနေတဲ့ ငန်းရဲ့ လည်မျိုကို ညှစ်သတ် ခဲ့ပါတော့တယ်။
ပေါ်ပြူလာ ဖြစ်ခဲ့တဲ့ အကြောင်းပြချက်က နိုင်ငံခြားသားပိုင် ဆန်စက်တွေက ကိုယ်စားလှယ် ပွဲစားတွေရဲ့ လယ်သမားတွေ အပေါ် အမြတ်ထုတ်တာ ကာကွယ်ဖို့ လို့ ဆိုတယ်။ တကယ့် အကြောင်းက အစိုးရဝင်ငွေ မြှင့်ဖို့ပါ။ ဒီကဏ္ဍက ဝင်ငွေဟာ အစိုးရ အသုံးစရိတ်ကို ပြည့်မီရုံမက စီးပွားဖွံ့ဖြိုးမှု စီမံကိန်းတွေကို ငွေကြေး မတည်နိုင်တဲ့ ထိပါ။ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ စီးပွားရေး တိုးတက်မှုနှုန်းမြှင့်ဖို့ စိုက်ပျိုးရေး ကဏ္ဍ ပိုငွေကို နှုတ် (extraction of the “agricultural surplus”)၊ နိုင်ငံပိုင် စက်မှုထုတ်ကုန် လုပ်ငန်းတွေကို ပံ့ပိုး (subsidize the state-owned manufacturing industries) ဆိုတဲ့ သီအိုရီကို အခြေခံခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ယာစိုက်ပျိုးမှု ရောင်းဝယ်ရေး ဘုတ်အဖွဲ့ရဲ့ လက်ထဲ နိုင်ငံတကာ ပေါက်ဈေးထက် လယ်သမားတွေကို ဈေးနှိမ်ပေးနိုင်တဲ့ လက်ဝါးကြီးအုပ် အာဏာ ရောက်လာခဲ့တယ်။
၁၉၆၃ ခုနှစ် မှာတော့ စိုက်ပျိုးရေး ကဏ္ဍ ပိုငွေကို ထပ်ထွက်လာအောင် လုပ်ပြန်ပါတယ်။ အဲဒါက လယ်သမားတွေကို အစိုးရက တာဝန်ကျေစပါး သတ်မှတ်ပြီး ပြည်တွင်း ပေါက်ဈေးထက် နှိမ်ဝယ်တယ်။ (ပြည်တွင်းပေါက်ဈေးက နိုင်ငံတကာ ပေါက်ဈေးထက် နိမ့်အောင် ဈေးသတ်မှတ်ထားပြီးသား)။ တာဝန်ကျေစပါးကို ဝန်ထမ်းတွေနဲ့ စက်ရုံ အလုပ်ရုံက အလုပ်သမားတွေ အတွက် ခွဲတမ်း ပေးပါတယ်။ ဒါမှလည်း လူနေမှုစရိတ် မြင့်မားမှုကို အလုပ်သမားတွေ ထေမိမယ်။ ဆန္ဒပြမှုကို ရှောင်နိုင်မယ် မဟုတ်လား။
ဒီလုပ်ထုံးလုပ်နည်းတွေက အကျင့်ပျက်ခြစားမှုကို တသီကြီး ဖြစ်စေတော့တယ်။
(၁) အစိုးရဟာ လက်ဝါးကြီးအုပ် ဝယ်သူဖြစ်တာမို့ စပါးပေါ်ချိန်မှာ ဒိုင်တွေဖွင့်ပြီး ဝယ်ရတယ်။ ဒိုင်တွေမှာ ယာယီခန့် စာရေးတွေက ဆန်ကုန်သွယ်ရေး မှာ အတွေ့အကြုံလည်း မရှိ၊ နားလည်း မလည်။ အဲဒီတော့ လယ်ထဲကနေ အဝယ်ဒိုင်ထိ ရောက်အောင် တိုင်းတာ ချိန်တွယ်ရာမှာ အလေအလွင့်နဲ့ အချိန်ကြာတာတွေ ဖြစ်တဲ့ အပြင် လာဘ်ပေးလာဘ်ယူမှုတွေကို ဖြစ်ပွားစေတယ်။ မရိုးသားတဲ့ လယ်သမားတွေကလည်း စာရေးတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အထွက်နှုန်းပိုရအောင် ရေဖြန်းတာတို့၊ သဲခဲရောတာတို့ လုပ်ကြတယ်။
(၂) ယာယီဂိုဒေါင် သိုလှောင်မှုကလည်း သက်ကယ်မိုး၊ ဝါးထရံဆိုတော့ သူခိုးအားပေး ဖြစ်နေပြန်ပြီး မီးလောင်လည်း လွယ်လို့ အပျောက်အဆုံး စာရင်းပြရ ကောင်းပါတယ်။
(၃) တာဝန်ကျေစပါး ဝယ်ယူရေး၊ ဆန်ခွဲတမ်း ဖြန့်ဖြူးရေးကို တာဝန်ယူကြတဲ့ အရာရှိတွေ ခြစားမှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ သတိပေး အရေးယူတာလောက် အပျော့ပေါ့။
အဲဒီ ခြစားမှုတွေ အပြင် လယ်သမားတွေ အတွက် ဘာမက်လုံးမှ မပေးတဲ့ အစိုးရရဲ့ မူဝါဒကြောင့် မြန်မာ့ဆန် နိုင်ငံခြား တင်ပို့မှုဟာ ပုံမှန်ကျဆင်းနေရာက ၁၉၉၇-၉၈မှာ ကျပ်ငွေ ၃၈ သန်းပဲ ဝင်တော့တဲ့ထိ အနိမ့်ဆုံး ထိုးဆင်းခဲ့တယ် လို့ မြတ်သိန်းက သူ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု (Economic Development of Myanmar) စာအုပ်မှာ ရေးခဲ့တယ်။ ဆန်တင်ပို့မှု ထိုးကျတော့ နိုင်ငံခြား အရံငွေတွေ အလျင်အမြန် ခန်းလာမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ ခြေရာပျောက်မြစ် (The River of Lost Footsteps: A Personal History of Burma) ကို ရေးတဲ့ သမိုင်းဆရာ သန့်မြင့်ဦးက “၁၉၈၈ နှစ် နှောင်းပိုင်းလများတွင် နိုင်ငံခြား အရံငွေ မရှိသလောက် ခမ်းပြီ။ စစ်တပ် ဆက်ရပ်တည်ရေး လောင်စာ၊ စပယ်ယာပတ်နဲ့ လက်နက်ဝယ်နိုင်ရေး ငွေမာလိုသည်။ နိုင်ငံခြားအကြွေး ၆ ဘီလီယံ ဒေါ်လာ ဆပ်ရမည့် အပြင် နိုင်ငံတော် ဝန်ဆောင်စရိတ် တနှစ် ဒေါ်လာ ၂ သန်းကျော် လိုသည်” လို့ ဖွဲ့ပါတယ်။
ဒီအခြေအနေမှာ တခြားနိုင်ငံ တနိုင်ငံဆို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) မှာ တည်ငြိမ်ရေး ရန်ပုံငွေ ချေးမယ်။ ရန်ပုံငွေနဲ့ တွဲပါလာတဲ့ ပုံမှန်လုပ်စရာ ရှိတာတွေကို လုပ်မယ်။ လုပ်ရမှာတွေက နိုင်ငံခြားကုန်သွယ်မှူ ထိန်းချုပ်ထားတာ ဖယ်ပစ်၊ ငွေလဲလှယ်မှုနှုန်း အဆမတန် မြှင့်ထားတာ ပြင်၊ ငွေဖောင်းပွမှု ထိန်းချုပ်ဖို့နဲ့ အစိုးရ ဘတ်ဂျက် လိုငွေပြနေတာ လျှော့ဖို့ ငွေကြေးနဲ့ ဘဏ္ဍာအခွန် စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်ဖို့ ပါပဲ။ မြန်မာပြည် အဲဒါတွေ လုပ်ပြီး စီးပွားရေးမူဝါဒ ပြူပြင်ပြောင်းလဲရင်၊ ထိန်းချုပ်မှုတွေ လျှော့ပစ်ရင် အကျင့်ပျက်ခြစားမှုနည်းလာမယ်။ ဆန်တင်ပို့မှု လုပ်ငန်း ခေါင်းပြန်ထောင်လာမယ်။
သို့သော် မြန်မာပြည်ဟာ သယံဇာတတွေကိုပဲ အားကိုးနေခဲ့တယ်။ ထိုင်းနိုင်ငံရေးသမား တယောက်နဲ့ ညှိပြီး သစ်တွေကို ထိုင်းကုမ္ပဏီတွေဆီ ရောင်းစားတယ်။ မတန်မရာ ဈေးနဲ့ ခုတ်သွားခဲ့တဲ့ သစ်တောကြီးတွေရဲ့ တန်ဘိုးဟာ နိုင်ငံခြား အရံငွေ လိုနေတာကို ဖြည့်တော့ ပေးခဲ့တာပေါ့။ ဒါပေမယ့် ဒီ ကတိုက်ကရိုက် တန်ဘိုးဟာ နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေး ဦးတည်တဲ့ တကယ်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး တွေကို ရှောင်လွှဲဖို့သာ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံဟာ ဈေးကွက် စီးပွားရေးစနစ်ဆီ မကူးပြောင်းနိုင်ခဲ့ပဲ ဖြစ်သလို မျောနေခဲ့တယ်။ နိုင်ငံတော် ငွေစာရင်း ပြသနာကလည်း နာတာရှည် ဖြစ်ခဲ့တာ သဘာဝဓာတ်ငွေ့တွေ့ပြီး နိုင်ငံခြားပို့ရလို့ ခံသာသွားတယ်။ ၂၀၀၂-၂၀၀၃ မှာ ကုန်သွယ်မှု ပိုငွေ ပြလာရာက ဆက်ထိန်းထား နိုင်နေပါပြီ။
အကျင့်ပျက် ခြစားမှုနဲ့ နိုင်ငံတော် စီးပွားရေး အငှားချမှုက တိုက်ရိုက် ဆက်စပ်နေပြီး ကြီးထွားလာတဲ့ သဘာဝ ဓာတ်ငွေ့ နိုင်ငံခြားတင်ပို့မှူက ခြစားမှုကို ပိုကြီးလာစေပါတယ်။ တပြိုင်တည်း မှောင်ခိုဈေးကွက် (black market) နဲ့ ယူဂျီ စီးပွားရေး (underground economy) တို့လည်း ကျယ်ပြန့်လာခဲ့ပါတယ်။ ။
(ကွယ်လွန်သူ ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့်၏ ၂၀၁၁ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော “ဦးမြင့်ရဲ့ ‘Corruption: Causes, Consequences and Cures’ စာတမ်းအပေါ် သဘောထားထင်မြင်ချက်” ကို ရဲနည်က ဆီလျော်သလို ထုတ်နှုတ် ဘာသာပြန်ဆိုသည်။)