“ပီရူးနိုင်ငံရဲ့ သမိုင်းရာဇဝင်ကို သိရုံမျှနဲ့ ပီရူးနိုင်ငံသား မဖြစ်နိုင်
ပီရူးနိုင်ငံရဲ့ နယ်မြေအကျယ်အဝန်းကို သိရုံမျှနဲ့ ပီရူးနိုင်ငံသား မဖြစ်နိုင်
ပီရူးနိုင်ငံရဲ့ အနာဂတ်အိပ်မက်ကို အကောင်အထည်ဖော်နေတဲ့ သူသာ ပီရူးနိုင်ငံသားဖြစ်တယ်…”
ပီရူးက ကဗျာဆရာ တယောက်က ဒီစကားကို ပြောခဲ့ကြောင်း ပြန်လည်ဝေမျှ ပြောပြတာကို ကြားခွင့် ရခဲ့တာက သင်တန်းဆင်းပွဲလေး တခုမှာပါ။ တိတိကျကျ ပြောရင်ရ ရခိုင်ပြည် မြို့တမြို့မှာ ဒေသခံ လူငယ် တချို့ အတွက် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပက်သက်တဲ့ သင်တန်းဆင်းပွဲမှာ လူငယ်တွေကို တက်ရောက် အမှာစကား ပြောခဲ့တဲ့ ဆရာတော်တပါး ပြောခဲ့တဲ့ စကားပါ။ ဒီလောက်ဆို သဘောပေါက်မယ် ထင်ပါရဲ့။
ရခိုင်ပြည်နယ်နဲ့ ဒီစကားရဲ့ အဆက်အစပ်ကို။ နားထောင် နေကြတဲ့ ဆယ်ကျော်သက် လူငယ်တွေ ဘယ်လို နားလည် သွားတယ်တော့ မသိဘူး။ နိုင်ငံသား ဖြစ်ခွင့်ရှိ/မရှိ အငြင်းပွား နေတဲ့ လူတစုကို ပြေးမြင်နေကြ မလား။ ဒါမှ မဟုတ် သူတို့ကိုယ်ပိုင် အိပ်မက်တွေကို ဆန်းစစ်နေကြမလား။ ကျနော့် အတွက်တော့ အဲသည်ထက် ပိုပါတယ်။ ဆက် စဉ်းစားစရာတွေ ရလာခဲ့တယ်။
အထူးသဖြင့် နိုင်ငံသားဖြစ်မှုနဲ့ အငြင်းပွားနေရတဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ဆက်စပ်လို့ ပါ။ ဘယ်လိုလူတွေကို ကိုယ့်နိုင်ငံသား ဖြစ်ခွင့် ပေးမလဲ လို့ မေးလာရင် ကိုယ့်နိုင်ငံကို သစ္စာရှိမယ့် သူကိုသာ ပေးမယ် လို့ အလွယ်ဖြေမိမှာပဲ။ ကိုယ်နိုင်ငံကို သစ္စာ တကယ် ရှိ/မရှိ ဘယ်လိုသိနိုင်မှာလဲ ဆက်မေးရင်တော့ ကျနော် တိတိကျကျ မဖြေတတ်ပါ။
ဒါပေမယ့် ဒီလူတွေရဲ့ အပြုအမူတွေ သမိုင်းကြောင်းတွေကို လေ့လာကြည့်ရင်တော့ နည်းနည်းပါးပါးတော့ ခန့်မှန်းမိ ကောင်း ခန့်မှန်းနိုင်မယ် ထင်ပါရဲ့။ ဒါမှ မဟုတ် နိုင်ငံသား ဖြစ်ဖြစ်ချင်း လိုအပ်တဲ့ အရည်အချင်းတွေ မြှင့်တင်ပေးရင် ရော။ ဒီနိုင်ငံ လူ့အသိုင်းအဝိုင်းနဲ့ နေသားကျ ဝင်ဆံ့အောင် လုပ်ပေးရင်ရော ဖြစ်ကောင်း ဖြစ်နိုင်မယ်။ သို့သော် သေချာအောင် လုပ်နိုင်ပါ့မလား။ ဒါတွေက ပညာရှင်တွေ သေချာ စဉ်းစားစီစဉ်ရမယ့် ကိစ္စ။
ကျနော် အာရုံစိုက် ပြောချင်တာက နိုင်ငံသားကောင်းတယောက် ဖြစ်/မဖြစ်။ မှတ်ပုံတင်ကတ်ပြား ရထားတဲ့ နိုင်ငံသား အဆင့်လောက်ကို မဆိုလို။ နိုင်ငံအတွက် နိုင်ငံသားစစ်စစ်ကိုသာ ပြောချင်တာပါ။ ကျနော့် တကိုယ်စာ အတွက် ဆိုရင်တော့ မှတ်ပုံတင် အနီရောင်ကဒ်ကလေး လက်မှာ ကိုင်ထားပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတာက ကျနော် နိုင်ငံသား တယောက်ရဲ့ အိပ်မက် မက်ခွင့် ရခဲ့ရဲ့လား။ မသေချာ။ နိုင်ငံသားတယောက်ရဲ့ အိပ်မက် မက်နေရဲ့လား။ အဖြေက မရေရာပါ။
ပီရူးသားကြီး ပြောသွားတဲ့ အထဲက တော်တော်လေး ဆင်ခြင်စရာကောင်းတာက သမိုင်းရာဇဝင်တွေကို သိရုံနဲ့ နိုင်ငံသား မဖြစ်နိုင်သေးတဲ့။ ကျနော်တို့ သိထားတာက ဒီနိုင်ငံမှာ နေရင် ဒီနိုင်ငံရဲ့ သမိုင်းကြောင်းတော့ သိရမယ် ဆိုတာလောက်သာ။ ပြန်စဉ်းစားကြည့်တော့ သမိုင်းကြောင်းသိဖို့ ဆိုတာ သိပ်အချိန်ပေးရမယ့် ကိစ္စမဟုတ်။ သာမန်လူတယောက် သိသလောက် သိဖို့ကတော့ သာတောင် မခက်သေး။
သမိုင်းရာဇဝင် အကြောင်းတွေ တတွတ်တွတ် ရွတ်ရင်း လက်တွေ့မှာ ဒီနိုင်ငံရဲ့ ဆိုးကျိုးတွေကို ပြုမူ ကျင့်ကြံနေ ကြသူတွေ တပုံတပင်။ အဲသည်လို ထင်သလို ကျင့်ကြံခဲ့ကြလို့လည်း သမိုင်းတွေ မှေးမှိန်ပြီး ဆင်းရဲတွင်းလည်း နက်ခဲ့ပါပြီ။
သူတို့လောက် သမိုင်းမှာ ဘုန်းမီးနေလတောက်ခဲ့တာတွေ အမွှန်းတင်တာ မရှိခဲ့။ အဲဒီဘုန်းတော်ဘွဲ့ တွေနဲ့ပဲ ပြည်သူတွေမှာ မစားရ ဝခမန်း တံတွေးတွေ မျိုချခဲ့ရတာ။ သမိုင်းသိဖို့ထက် လက်တွေ့ကျင့်ဖို့ကိုများ ပြောလေခြင်းလား။
အခြား အစွန်းတဖက်မှာကျတော့လည်း အတိတ်သမိုင်းမှာတင် ဖက်တွယ်ကာ အနာဂတ်အတွက် အိပ်မက်တွေကို မေ့တာကြတာမျိုး။ ငါတို့ သမိုင်းက ဘယ်လို ဘုန်းမီးနေလ တောက်ခဲ့တာ။ ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းနဲ့ နေခဲ့တာတွေကို စားမြုံ့ပြန်ရင်း အတိတ်လွမ်းနာထဲမှာ မျောနေကြတာ။ အင်း ရာဇဝင်ထဲမှာ အိပ်ပျော်မနေဖို့ အိပ်မက်တွေက နိုးထဖို့လည်း လိုနေသေးသပါ့။
ဒုတိယ တချက်…၊ ပီရူးနိုင်ငံရဲ့ နယ်မြေအကျယ်အဝန်းကို သိရုံမျှနဲ့ ပီရူးနိုင်ငံသား မဖြစ်နိုင်တဲ့။ နယ်မြေတွေ ပထဝီဝင်တွေ ဆိုတာက အချိန်နဲ့အမျှ ဖြစ်ပျက် ပြောင်းလဲနေခဲ့တာတွေ။ ၁၈ ရာစုက မြန်မာနိုင်ငံဟာ ၂၁ ရာစုက မြန်မာနိုင်ငံရဲ့ နယ်နိမိတ်နဲ့ မတူရေးချ မတူ။ နယ်မြေ အကျယ်အဝန်းတွေကို ဒီနေ့ အလွတ်ကျက်ထားလည်း မနက်ဖြန် အသစ် ထပ်မှတ်ချင် မှတ်နေရမယ့်ဟာမျိုး။
နောက်ဆုံး တချက်ကတော့ ကျနော့်ရင်ကို အထိမှန်ဆုံးပါပဲ။ ဒီနိုင်ငံရဲ့ အနာဂတ်အိပ်မက် (Dream) ကို အကောင်အထည် ဖော်နေသူသာ ဒီနိုင်ငံရဲ့ နိုင်ငံသား ဖြစ်ထိုက်တယ် ဆိုတဲ့စကား။ ဒီနိုင်ငံရဲ့ အိပ်မက်က ဘာလဲ။ ခင်ဗျားမှာ အိပ်မက်ရှိလား။ ကျနော့်မှာတော့ အများကြီးရှိတယ်။အိပ်မက်တွေ၊ အားလုံးရဲ့ အိပ်မက်တွေ စုပေါင်း ထားခြင်းသာ ဒီနိုင်ငံရဲ့ အိပ်မက် ဖြစ်သင့်တယ်။
ကျနော်တို့ရဲ့ အိပ်မက် ဘာလဲ။ ပြဿနာက အဲ့ဒီမှာ စတယ်။ ကျနော်တို့ တတွေရဲ့ တယောက်တမျိုး အိပ်မက်တွေ အကြောင်း ပြောရင်း ငြင်းရင်းနဲ့ပဲ နှစ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ကြရတာ။ ဘယ်အိပ်မက် အကြီးကျယ်ဆုံးလဲ။ ဘယ်အိပ်မက်က အားလုံး လက်ခံနိုင်မလဲ။ ဖက်ဒရယ်အိပ်မက် ဆိုတာကြီး လား။ တချို့တွေက အဲသည်အိပ်မက်ကြီး တစ္ဆေခြောက်သလို ကြောက်နေတုန်း။
တချို့တွေက အိပ်မက်ကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားရင်း အိပ်မက်တိတ္ထုံကျမ်းကြီးထဲ အိပ်ပျော်တုန်း။ တချို့က အဲ့သည် အိပ်မက်ကြီး မက်ဖို့ အတွက် အရှေ့အရပ် ခေါင်းထား အိပ်ရမယ် ပြောလိုပြော။ ဖက်ဒရယ် ဆိုတာကြီးကိုက လူတိုင်း တမျိုးစီ မက်စေတဲ့ အိပ်မက်ကြီးပေပဲလား။
ဝါဒတွေ သဘောတရားတွေ မသိတဲ့ ကျနော်လိုလူကို လာမေးရင် ဟောသည်လို ဖြေလိုက်မှာပဲ။ တင်းကျမ်းပြည့် များတဲ့ လူတွေရဲ့ တင်းကျမ်းများတဲ့ အိပ်မက်တွေ၊ မတူကွဲပြား ခြားနားလွန်းတဲ့ အိပ်မက်တွေ၊ အတူတူ မက်ခွင့်ပေး၊ အတူတူ တည်ဆောက်ခွင့် ပေးပြီး ကျနော်တို့ အားလုံးရဲ့ အိပ်မက်တွေ လက်တွေ့ ဖြစ်ခွင့်ရှိတယ် လို့ အိပ်မက်ရဲရဲ မက်ရဲတဲ့ အခြေအနေတခုသာ ကျနော်တို့ နိုင်ငံရဲ့ အိပ်မက် ဖြစ်စေချင်တယ်။
အဲဒီ အခြေအနေ ဖြစ်ဖို့ဆိုတာ၊ အားလုံးရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်ခွင့် ရဖို့ ဆိုတာ မျှတတဲ့ လူမှုရေးစနစ်၊ တရားသဖြင့် စီရင်အပ်တဲ့၊ မတရားမှုတွေကို နှိမ်နင်းနိုင်တဲ့ နိုင်ငံရေး၊ တရားရေး စနစ်နဲ့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ အိပ်မက်မက် ယုံကြည့်ခွင့် ရှိတဲ့ လွတ်လပ်မူတွေ ရှိမှဖြစ်နိုင်မှာ။ ဒါတွေ အခြေခံအားဖြင့် ပြည့်စုံနေဖို့ ဆိုတာ ကျနော်တို့ နိုင်ငံရဲ့ လက်တွေ့ကျတဲ့ အိပ်မက် ဖြစ်မယ် ထင်ပါတယ်။ အခုလည်း အားလုံး ပြောဆို ဆွေးနွေး နေကြတာ၊ ကြိုးစားနေကြတာလည်း ဒီအခြေခံတွေ တည်မြဲဖို့ရယ် ဒီအပေါ်မှာ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတခု တည်ဆောက်ဖို့ရယ် ဖြစ်မယ်လို့ ယူဆပါတယ်။ စကားလုံးတွေ ကွဲပေမယ့် အားလုံးကတော့ တသဘောတည်း ဖြစ်မယ် လို့ ယုံကြည်ပါတယ်။
ကျနော်တို့ နိုင်ငံရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ဖို့ ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်။ နိုင်ငံသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူတွေ၊ နိုင်ငံသားတွေက တရားဝင်ရွေးကောက်ထားတဲ့ အစိုးရနဲ့ နိုင်ငံသား အုပ်စု တစုချင်းစီက လေးစားအသိအမှတ် ပြုထားတဲ့ ခေါင်းဆောင် အသီးသီးကတော့ ပိုလို့ တာဝန်ရှိပေမယ်။ ကျနော်တို့ နိုင်ငံရဲ့ အိပ်မက်တကယ် ဖြစ်လာမှ ကျနော်တို့ တယောက်ချင်းစီရဲ့ အိပ်မက်တွေလည်း အကောင်အထည် ဖော်ခွင့် ရမှာ မဟုတ်လား။
ကဗျာဆရာ ပီရူးသား ပြောတဲ့ အနာဂတ် အိပ်မက်ကို အကောင်အထည် ဖော်နေသူကိုသာ ပီရူးနိုင်ငံသား ဖြစ်တယ် ဆိုတာကို သေချာ ပြန်ဆန်းစစ်ကြည့်မိ ပါရဲ့။ ကိုယ်တော့ နိုင်ငံသား စစ်စစ် ဖြစ် / မဖြစ် မသေချာသေး။ ဒီနိုင်ငံရဲ့ အိပ်မက်တွေကို ခပ်ရဲရဲ မက်ခွင့်ရတာတောင် မကြာသေးတော့ …၊ ပါဝင်ခွင့် ပြည့်ပြည့်ဝဝ မရသေးတာကြောင့်လည်း ဖြစ်နိုင်မယ် ထင်ပါ့။ တချို့လည်း ပါဝင်ဖို့ မဝံ့မရဲ ဖြစ်နေသေးတာကိုး။ ပါဝင်ချင်ပါလျက် ပါဝင်ခွင့် မရသေးသူတွေလည်း မနည်း။ ပါဝင်စေချင်ပါတယ် ပြောပေမယ့်လည်း အမှန်တကယ် ပါဝင်ခွင့်ရော တကယ် ပေးနေပြီလား။ အာလုံး တန်းတူ ညီမျှ ပါဝင်နိုင်ရမယ်လို့ တတွတ်တွတ် ပြောတာတော့ ကြားနေရပါရဲ့။ လက်တွေ့မှာတော့ ကျင့်သုံးနိုင်ပြီလား။ ပီရူးသားကြီးရေ စကားတခွန်းတော့ ပြန်ပြောချင်ပါတယ်။
နိုင်ငံသားကောင်းတယောက် ဖြစ်ချင်လွန်းလို့ အနာဂတ်အိပ်မက်တွေ မက်ရင်း… နိုင်ငံရဲ့ အိပ်မက် တွေကိုလည်း ကူညီဖို့ ကြိုစားခဲ့ပါလျက် ပါဝင်ခွင့် မရအောင် ဖယ်ကျဉ်ခံခဲ့ရတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းကတောင် တိတ်တခိုး အိပ်မက်တွေ အထပ်ထပ် မက်ခဲ့ကြသူတွေပါ။
အိပ်မက်နိုင်ငံတော်ကို ထူထောင်ခဲ့ကြသူတွေ ပါ။ အဲသည်လို နိုင်ငံသားတွေ ခေတ်သစ် ဒီမိုကရေစီ အိပ်မက်၊ ငြိမ်းချမ်းရေး အိပ်မက်တွေမှာ မပါနိုင်တာကို ခင်ဗျား အပြစ် ပြောမလား။ ကိုယ်ချစ်တဲ့ နိုင်ငံရဲ့ အိပ်မက်ကို အတူတူ မက်ခွင့် မရသေးသမျှတော့ အကောင်အထည် ဖော်နိုင်ဖို့က နောက် တလှမ်း ဝေးနေမှာပဲ မဟုတ်လား။ လူတချို့ နိုင်ငံသား ဖြစ်ခွင့် တစာစာအော်နေချိန်မှာ နိုင်ငံသား စစ်စစ် ဖြစ်ခွင့် မရသေးတဲ့ နိုင်ငံသားထုကြီးကိုတော့ အားနာမိပါရဲ့။
အားလုံးပါဝင်သော ပင်လုံသို့ …
(လင်းငယ်သည် ပြည်တွင်းအခြေစိုက် ဆရာဝန်တဦး ဖြစ်သည်)