ပုဒ်မ ၆၆ (ဃ) ကို ထပ်မံ အသုံးပြုကြပြန်ပြီ။ ယခုတကြိမ်တွင် ပစ်မှတ်မှာ အမျိုးသားရေးဝါဒီသံဃာဦးဝီရသူကို ထိခိုက်စေသည်ဟု စွပ်စွဲခံရသော Myanmar Now သတင်းထောက်ချုပ်ကိုဆွေဝင်းဖြစ်သည်။ တပြိုင်တည်းတွင် ကိုဆွေဝင်းကို အမှုဖွင့်သူ မဘသအဖွဲ့ဝင်အား ရန်ကုန်မြို့ စမ်းချောင်းနေ ဒေါ်မြမြဌေးက ပုဒ်မ ၆၆ ဃ ဖြင့်ပင် အမှုဖွင့်ပြန်သည်။ သို့သော် ယခင်လို ချက်ခြင်း ဖမ်းဆီးမှုမျိုး ရဲက မလုပ်ပါ။
မည်သို့ဆိုစေ လူအများက သဘောကျနေသည်မှာ နိုင်ငံတော် သံဃ မဟာနာယက (မဟန) ၄၇ ပါး စုံညီအစည်းအဝေးက ဦးဝီရသူကို တရားဟောခွင့် တနှစ် ပိတ်လိုက်ခြင်း ဖြစ်သည်။ သူသည် အမုန်းတရားလှုံ့ဆော်သောစကားကို တိုးပွားစေသူ၊ လူမျိုးရေးအကြမ်းဖက်သတ်ဖြတ်မှုလှုံ့ဆော်သူနှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူများကို ချီးကျူး ကျေးဇူးတင်ခဲ့သူ အငြင်းပွားဖွယ်ရာ ရဟန်းတပါး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရအပေါ် တက်ကြွလှုပ်ရှားသူများနှင့် လူမျိုးစုများအကြား ထောက်ခံမှုနှုန်း ကျဆင်းနေပြီး ဦးဝီရသူကို ဟန့်တားနိုင်ခြင်း မရှိဘဲ ကိုဆွေဝင်းကို အကာအကွယ်မပေးနိုင်လျှင် အစိုးရ၏ တရားဝင်မှုနှင့် ယုံကြည်ရမှုမှာ အန္တရာယ်ရှိသည်။
ထို့ကြောင့် ဦးဝီရသူက နောက်လိုက်တဦးဖြစ်သူ ဦးကျော်မျိုးရွှေအား အသုံးပြု၍ သတင်းစာဆရာ ကိုဆွေဝင်းကို ဖမ်းဆီးရန် မန္တလေးမြို့ရှိ ရဲစခန်းတခုတွင် ဆက်သွယ်ရေးဥပဒေအရ အမှုဖွင့်သည်။ အမည်ဆိုးကျော်ကြားလှသော ယင်း ပုဒ်မ ၆၆ ဃ ဖြင့် အရေးယူခံနေရသူများလည်း ရှိနေသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ခေါ် မဘသလှုပ်ရှားမှုကို ဦးဆောင်သူ ဦးဝီရသူသည် ဩဇာကြီးမားသူများ၊ အမျိုးသားရေးဝါဒီများနှင့် အချို့သော သံဃာအဖွဲ့အစည်းများ၏ကျောထောက်နောက်ခံ ရရှိနေသည်ဟု အများက သံသယရှိကြသည်။
ယခင်အစိုးရအောက်တွင် ဦးဝီရသူသည် ဗုဒ္ဓဘာသာအများစုရှိရာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး မဘသနှင့် ၉၆၉ လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည်။ ထိုလှုပ်ရှားမှုက မြန်မာနိုင်ငံတွင် မွတ်စလင်များ ကြီးထွားလာသည်ဟုမြင်ပြီး မွတ်စလင်ဆိုင်များကို သပိတ်မှောက်ရန် တောင်းဆိုသည်။
ဩဇာကြီးမားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများက ထိုလှုပ်ရှားမှုကို ပံ့ပိုးပေးသည်ဟု နိုင်ငံ ရေးလေ့လာသူအချို့က သံသယရှိကြသည်။
မွတ်စလင်ဆန့်ကျင်ရေး တရားများ ဦးဝီရသူ ဟောပြောစဉ် မြန်မာနိုင်ငံတဝန်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး မွတ်စလင် ရာနှင့်ချီ အသတ်ခံရသည်။
သို့သော် ယခင် အစိုးရဟောင်းသည် မည်သို့မျှ တားဆီး အရေးယူခြင်း မရှိသောကြောင့် ဦးဝီရသူသည် ဆက်လက်လှုပ်ရှားနေပြီး သူ၏ အမုန်းစကားကို ဆက်လက်ပြောကြားနေခဲ့သည်။
နောက်လိုက်များ နှင့် အချို့သောထောက်ခံမှုများကို ရရှိနေသော်လည်း ဦးဝီရသူ၏ စကားနှင့်လုပ်ရပ်များကို မြန်မာအများအပြားက မနှစ်မြို့လက်မခံနိုင်ကြပေ။
ဦးဝီရသူကို ရဟန်းအဖြစ် ဆက်လက် မသတ်မှတ်နိုင်တော့ဘဲ သူသည် ဗုဒ္ဓဘာသာ၏စစ်မှန်သော အနှစ်သာရကို ကျက်သရေ ကင်းမဲ့စေသည်ဟု ဗုဒ္ဓဘာသာဝင် အများအပြားကဲ့သို့ ကိုဆွေဝင်းကလည်း သတ်မှတ်သည်။ ဦးဝီရသူသည် ဦးကိုနီအား သတ်ဖြတ်သူများကို ကျေးဇူးတင်သဖြင့် “ပါရာဇိက” ကံထိုက်ကာ ရဟန်းအဖြစ်မှ ပျက်ပျယ်သွားပြီဟု ဖော်ပြသော Myanmar Now ၏သတင်းကို ကိုဆွေဝင်းက သူ၏ဖေ့စ်ဘွတ်မှ တဆင့်မျှဝေသည်။
ထိုသတင်းသည် ဦးဝီရသူနှင့်ပတ်သက်၍ ဆရာတော်တပါးမိန့်ကြားသော စကားကို ကိုးကားထည့်သွင်းထားခြင်းသာဖြစ်သည်။ လူသတ်မှုကို ကျေးဇူးတင်ခြင်း၊ အားပေးခြင်းသည် သံဃာ့စည်းမျည်းအရ ခွင့်လွှတ်၍ မရသောပြစ်မှု ဖြစ်သည်ဟု ဦးစိန္ဒဘွဲ့ တော်ရှိ ဆရာတော်က မိန့်ကြားခဲ့သည်။
သူ့အား ပစ်မှတ်ထား တိုက်ခိုက်လာသဖြင့် ကိုဆွေဝင်းကလည်း တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှုကို အကွက်ကျကျ မေးခွန်းထုတ်သည်။ “လုပ်ကြံသတ်ဖြတ်မှုကို ထောက်ခံပြီး အင်တာနက်မှာ အမုန်းစကား ဖြန့်ချိနေတဲ့သူတွေ အပြစ်ပေးမခံရဘဲ ကျနော့လို လူတွေကျမှ တရားစီရင်ခံရတော့ ဒီတိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုကို ကျနော် မေးခွန်းထုတ်ရတော့မယ်”ဟု ကိုဆွေဝင်းက ဆိုခဲ့သည်။
နိုင်ငံအတွင်း သံဃာနှင့် ဗုဒ္ဓဘာသာဆောင်ရွက်ချက်များကို ကြီးကြပ်ရန် မဟန ရှိပြီးဖြစ် သောကြောင့် မဘသသည် မလိုအပ်၊ အသုံးမဝင်တော့ကြောင်း လွန်ခဲ့သော ဇူလိုင်လက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူသိရှင်ကြားကြေညာခဲ့သဖြင့် မျှော်လင့်ချက်တော့ ရှိခဲ့သည်။
မဘသသည် တရားဝင် အသိအမှတ်ပြုထားသော ဗုဒ္ဓဘာသာ အဖွဲ့အစည်း မဟုတ်ကြောင်းအဖွဲ့ဝင် ၄၇ ပါးပါဝင်သော မဟနအဖွဲ့က ကြေညာခဲ့သည်။ သို့သော် မည်သည့် နောက်ဆက်တွဲ ဆောင်ရွက်ချက်မျှ ဖြစ်ပေါ်လာခြင်းမရှိခဲ့သဖြင့် ဦးဝီရသူက သူ့ထုံးစံအတိုင်း ဆက်လုပ်နေခဲ့သည်။
အမုန်းစကား ဆက်လက်ဖြန့်ချိသည်၊ အလှူငွေ ဆက်လက်လက်ခံသည်၊ အစွန်းရောက်အမျိုးသားရေးဝါဒီများကို ဆက်လက်ချီးကျူးသည်။ လူမှုကွန်ရက်တွင် အမုန်းစကားကို တက်ကြွစွာ ဆက်လက်ဖြန့်ချိသည်။ သူနှင့် မဘသသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တို့၏ အခွင့်အာဏာပေးမှုဖြင့် လုပ်ကိုင်နေသယောင်ဖြစ်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် သွားမရှိတဲ့ ကျားလို ဖြစ်နေခဲ့သည်။
သို့သော် ပြည်သူလူထု၏ အကြီးအကျယ်ထောက်ခံမှုဖြင့် အာဏာရလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ဒီတကြိမ်တွင် ဦးဝီရသူကို ထိန်းချုပ်ရေး စတင်ခဲ့ပြီ ဖြစ်သည်။ ထိုမျှဖြင့် မလုံလောက်သေးပါ။ ကိုဆွေဝင်းကဲ့သို့ အမှန်တရားကို ဖော်ထုတ်ချင်သော မီဒီယာသမားများ၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အာမခံရဦးမည် ဖြစ်သည်။
ကိုဆွေဝင်းကို ၆၆ ဃ ဖြင့် အမှုဖွင့်ထားသည်ကို ပယ်ချပေးရမည်။ ဦးဝီရသူနှင့် သူ၏အဖွဲ့သည် ဥပဒေ၏ အထက်တွင် ရှိမနေပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် မတ်လ ၁၀ ရက်နေ့က ဖော်ပြခဲ့သော Aung Zaw ၏ Is U Wirathu Above the Law? ကို ဘာသာပြန်ပြီး ဖြည့်စွက်ရေးသားထားပါသည်)