၂၁ ရာစုမှာ စီမံခန့်ခွဲတတ်သူတွေသာ ရှေ့တန်းရောက်မှာပါ။ စီမံခန့်ခွဲမှု မလုပ်တတ်ရင် တတိယ ကမ္ဘာမှာ အိပ်မောကျ နေရုံသာ ရှိပါတော့တယ်။ စီမံခန့်ခွဲမှုဆိုရာမှာ ငွေကြေး၊ နည်းပညာ၊ လူသားအရင်းအမြစ်၊ အချိန် စတာတွေ အကျုံးဝင် ပါတယ်။ ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှု ကောင်းရင် ကောင်းသလို တိုင်းပြည်ဖွံ့ဖြိုး စည်ပင်မှာ ဖြစ်ပြီး၊ ညံ့ရင် တိုင်းပြည် မြောင်းထဲ ရောက်မှာပါ။ သမိုင်းကို ပြန်ကြည့်ရင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြသူတွေ စီမံခန့်ခွဲမှု ကောင်းတဲ့ အနော်ရထာမင်းနဲ့ သာယာဝတီမင်း လက်ထက်မှာ သာယာဝပြောခဲ့ပြီး အတ္တ အကျိုးစီးပွား ရှေ့တန်းတင်တဲ့ နာရသီဟပတေ့ နဲ့ လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းလက်ထက်မှာ တိုင်းပြည် ဖရိုဖရဲ ဖြစ်ခဲ့ပြီး ဆင်းရဲတွင်းလည်း နက်ခဲ့ပါတယ်။
ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှု က အရေးပါတာ အသေအချာပါပဲ။ စီမံခန့်ခွဲမှု ဆိုတာ ခါးထောက် လက်ညှိုးထိုး အမိန့်ပေး စေခိုင်းတာမျိုး မဟုတ်ဘဲ စနစ်တကျ သေချာ တွက်ချက်ပြီးမှ လုပ်ငန်းစဉ် ဆောင်ရွက်တာကို ခေါ်ဆိုတာပါ။ ဒီနေ့ခေတ်မှာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး လူပြောသူပြော အများဆုံး ပုံပြင်တပုဒ် ရှိပါတယ်။
ဥယျာဉ်မှူး တယောက်ဟာ အတော်အသင့် လိမ္မာတဲ့ မျောက်တကောင် မွေးထားပါသတဲ့။ ဥယျာဉ်မှူးက ခြံထဲက သစ်ပင်ပန်းပင်တွေ နေ့စဉ် ရေလောင်းတာကို မျောက်လေးက လေ့လာမှတ်သား ထားတယ်။ တနေ့ ဥယျာဉ်မှူး ရပ်ဝေးခရီးသွားမယ် ဆိုတော့ မျောက်လေးကို သစ်ပင်တွေ ခါတိုင်းလိုပဲ ရေလောင်းဖို့ မှာခဲ့ပါသတဲ့။ မျောက်လေးက သခင့်စကား နားလည်တော့ ခေါင်းညိတ်ပြီး အဖြေပေးတယ်။ နောက်တနေ့ ဥယျာဉ်မှူး ခရီးသွားတော့ မျောက်လေးက ရေထမ်းပုံးလေးနဲ့ ရေတွေ သယ်ပြီး သစ်ပင်တွေကို ရေလောင်းတယ်။
ရေမလောင်း မီမှာ သစ်ပင်ငယ်တွေရဲ့ အမြစ်ကို ဆွဲနုတ်ကြည့်တယ်။ ပြီးမှ ရေလောင်းတော့တာပါပဲ။ သူရေလောင်းတဲ့ နည်းက သစ်ပင်ငယ်တွေ ဆွဲနုတ်လိုက်လို့ အမြစ်ရှည်နေရင် ရေများများ လောင်းပြီး အမြစ်တိုနေရင် ရေနည်းနည်း လောင်းပါ သတဲ့။ မျောက်ကလေးက စေတနာကောင်းနဲ့ လုပ်တာ မှန်ပေမယ့် နည်းစနစ် မမှန်တော့ သစ်ပင်ငယ်တွေ အကုန်လုံး သေကုန်တော့တာပါပဲ။
စီမံခန့်ခွဲတဲ့ နေရာမှာ ဦးဆောင်ပါဝင်သူတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်။ ဦးဆောင်သူ ဆိုတာ မွေးရာပါ မဟုတ်ဘူး။ လုပ်ယူရတာ လို့ ပညာရှင်တွေက ပြောပါတယ်။ စီမံခန့်ခွဲမှု ပညာရပ် ဂုရုကြီး ပီတာ ဒရပ်ကားက မွေးရာပါ ဦးဆောင်သူ ဆိုတာ သိပ်ရှားပါးလွန်း လို့ မျှော်လင့်အားကိုး မနေသင့်ဘူး။ ဦးဆောင်သူ ဆိုတာ နေရာတနေရာ မဟုတ်ပါဘူး။ ဖြစ်စဉ်တခု ဖြတ်သန်းမှု တခုပါ။ ဒါကြောင့် သင်ယူလို့ ရပါတယ်။ သင်ယူသင့်တဲ့ ဘာသာရပ်လည်း ဖြစ်ပါသတဲ့။
မြန်မာတွေ စနစ်တကျ ဦးဆောင်ပြီး စီမံခန့်ခွဲတတ်ပြီလား။ တကယ်တော့ မြန်မာတွေဟာ စနစ်တကျ စီမံခန့်ခွဲတတ်ကြ သူတွေပါ။ ခေတ်ကာလ အလျောက် စိတ်သဘောထားတွေ ပြောင်း၊ ခံယူချက်တွေ ပြောင်း ရာက လူနေထိုင်မှု ပုံစံတွေ ပြောင်းလဲ လာတဲ့အခါ မြန်မာတွေရဲ့ စီမံခန့်ခွဲမှု တွေက မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကိစ္စ များမြောင်တို့ မှာ စနစ်တကျ စီမံခန့်ခွဲရမယ့် အစား “အမြီး ကျက် အပြီးစား၊ ခေါင်းကျက် ခေါင်းစား” သဘောထားတွေ မင်းမူလာ တယ်။ ငါနဲ့ ငါ့ဆွေမျိုးသားချင်း ကောင်းစားရေး ဆိုပြီး အတ္တ ရှေ့တန်းတင်သူတွေ ကြီးစိုးတဲ့ခေတ်မှာ စနစ်တကျ စီမံခန့်ခွဲမှု ဆိုတာ စာအုပ်ထဲက ဝေါဟာရ တလုံးထက် မပိုခဲ့။ အဓိပ္ပာယ်လည်း မရှိ၊ အဓိပ္ပာယ်လည်း မသိ ဖြစ်သွားခဲ့တယ်။
ပြောင်းလဲချိန် တန်ပြီ ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ပြိုင် အနိုင်ရပြီး အစိုးရဖွဲ့ခဲ့တာ ၁ နှစ် သက်တမ်း ရောက်ပါပြီ။ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်မှာ အခွန်တွေ တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ကြောင်း ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ တစောင်မှာ ရေးသားဖော်ပြထားပါတယ်။ အစိုးရက၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အခွန် ကျပ် ဘီလီယံ ၆၅၀၀ ခန့် အထိ တိုးမြှင့်ကောက်ခံဖို့လည်း ပြင်ဆင်ထားတယ်။၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ် ဘီလီယံ ၆၂၀၀ကျော် လျာထားခဲ့တာ ပါ။ အခွန် တိုးမြှင့် ကောက်ခံရတာက ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ ဘက်ဂျက်လိုငွေ ပြမှုတွေ လျော့ချနိုင်ဖို့ ဖြစ်နိုင်တယ် လို့ စီးပွားရေး ပညာရှင်က ပြောဆိုထားတယ်။
အလားတူ အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ် တစောင်မှာလည်း အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် လုပ်ငန်းတချို့က ဘက်ဂျက်လိုငွေ ပြမှု ဖြစ်စေတဲ့ သတင်းဆောင်းပါးတပုဒ် ဖော်ပြထားပါတယ်။ အဲဒီ သတင်းမှာ လာမည့် ဘဏ္ဍာနှစ် ၁ နှစ်လုံး အတွက် အစိုးရရဲ့ ဘဏ္ဍာရေး လိုငွေက ခန့်မှန်းတန်ဖိုး ကျပ် ဘီလျံ ၄၀၀၀ ကျော် ရှိနေပြီး အရှုံးပြ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ လိုငွေက ကျပ် ၆၁၄. ၆၉၇ အထိ ရှိနေတယ် လို့ ဆိုထားပါတယ်။
နိုင်ငံတိုင်းမှာ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်တွေ ဆိုတာ အရှုံးခံရတဲ့ ဌာနတွေ ဖြစ်ပါတယ်။ ပြည်သူတွေ သက်တောင့်သက်သာ သွားလာ နေထိုင်နိုင်ဖို့ စီစဉ်ရတာဖြစ်လို့ အမြတ်အစွန်း ယူလို့ မရပါဘူး။ အမြတ်အစွန်း ယူချင်ရင် ကုန်သွယ်ဈေးရောင်းသာ လုပ်သင့်ပါတယ်။ အစိုးရဆိုတာ ပြည်သူတွေကို ရွေးကောက်ပွဲသက်တမ်းအလိုက် ယာယီဝန်ဆောင်မှု ပေးသူတွေသာ ဖြစ်တယ် ဆိုတာ မမေ့ဖို့လိုပါတယ်။ ချွင်းချက်တွေတော့ ရှိတာပေါ့။
အာဏာနိုင်ငံရေး ခေတ်မှာ ဓားမိုးအုပ်ချုပ်ခဲ့စဉ်က တကမ္ဘာလုံးမှာ အလကား ဝေတဲ့ ဆင်းကဒ်တွေကို တကဒ် ဒေါ်လာ ၁၅၀၀ လောက် နဲ့ အစိုးရကိုယ်တိုင်က တရားဝင် ရောင်းချပေးခဲ့တာတော့ ရှိတာပေါ့။ ဒါတောင် ဆင်းမ်ကဒ်တွေကို လိုချင်သလောက် ရောင်းမပေးပဲ မှောင်ခို ဈေးကွက် ဖြစ်အောင် တမင် အကွက်ချန် ခဲ့ကြတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေ မရှက်မကြောက် နှိုက်ယူရက်တဲ့ အာဏာရှင်တွေ သမိုင်းမှာ ရှိခဲ့တယ်။
ဘာပြောပြော ၂၁ ရာစုမှာ စီမံတတ်မှ ဖြစ်ပါတော့မယ်။ မစီမံတတ်သူတွေ နောက်တန်းမှာ မှုံဝါးဝါး ကျန်ခဲ့ပါတော့မယ်။ စီမံတတ်မှ အလုပ်ဖြစ်မယ့် ခေတ်မှာ အစစအရာရာ စီမံတတ်ဖို့ လိုအပ်ပါတယ်။ စီမံတယ် ဆိုတာ စေတနာကောင်းရုံနဲ့ မပြီး ပါဘူး။ နားလည် တတ်ကျွမ်းမှု ဆိုတဲ့ ပညာရပ် အပေါ် စေတနာဆိုတာ ပေါင်းထည့် နိုင်ပါမှ စီမံခန့်ခွဲမှု ကောင်းသူ တယောက် ဖြစ်မှာပါ။ မိတ်ဆွေတို့လည်း စီမံခန့်ခွဲမှု ကောင်းမွန်သူ တယောက် ဖြစ်နိုင်တယ် ဆိုတာ မမေ့ဖို့ လိုပါတယ်။ ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)