၂၁ ရာစု ပင်လုံ နဲ့ ရှေ့အလားအလာ

ထက်မြက်
၂၀၁၆ ခုနှစ် စက်တင်ဘာလဆန်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ / The Global New Light of Myanmar

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ၆၉ နှစ် မြောက် ချင်း အမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရဲ့ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မယ့် အချက်မှာ တိုင်းရင်းသားများ အနေဖြင့် ပြည်ထောင်စု စိတ်ဓာတ် မွေးမြူခြင်းသာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ယခု အစိုးရ ဆောင်ရွက်နေတဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုရဲ့ ပင်မအချက်ပါပဲ။

ပြည်ထောင်စု စိတ်ဓာတ် မွေးမြူနိုင်မှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ ပြည်ထောင်စု စိတ်ဓာတ် မမွေးမြူဘဲ ဘယ်သူမှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါဘူး။

တို့တာဝန် အရေး ၃ ပါး ဆိုတာ ပြည်ထောင်စု စိတ်ဓာတ်ကို အစစ်အမှန် တည်ဆောက်နိုင်ဖု့ိ အတွက် အခြေခံတွေ ဖြစ်ပေမယ့်လည်း တို့တာဝန်အရေး ၃ ပါးကို သတ်မှတ်တဲ့ သူတွေကိုယ်တိုင်က ပြည်ထောင်စု စိတ်ဓာတ် အမှန် တကယ် မမွေးမြူနိုင်လို့ ပြည်တွင်းစစ်ကြီး ကြာရှည်နေရတယ် ဆိုတာကို အလေးအနက် စဉ်းစားဖို့ လိုပါတယ်။

မကြာသေးခင်က နယ်ကိုခရီးထွက်ခဲ့တဲ့အခါ စာပေဝါသနာရှင်တွေ၊ နိုင်ငံရေး လေ့လာသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူတွေ၊ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် လှုပ်ရှားနေကြသူတွေနဲ့ ဆွေးနွေးပွဲလေးတခု လုပ်ဖြစ်ပါတယ်။

အဲ့ဒီမှာ တယောက်က တိုင်းရင်းသားကိစ္စနဲ့ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးရင်း တိုင်းရင်းသားတွေမှာ ခွဲထွက်ခွင့် မရှိဘူး ဆိုတဲ့ သူ့အမြင်ကို ပြောပြတဲ့အခါ အဲ့ဒီစကားဝိုင်းမှာပါတဲ့ တိုင်းရင်းသားတချို့က လက်မခံကြပါဘူး၊

အဲ့ဒီအခါမှာ ကျနော်က ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့တဲ့ ပင်လုံစာချုပ်အကြောင်းနဲ့ ပင်လုံညီလာခံကျင်းပရခြင်း အကြောင်း တွေကို ပြောပြခဲ့ပါတယ်။

ယနေ့ အထိ ၆၉ နှစ်ကြာအောင် ပြည်ထောင်စုကြီး ပြိုကွဲပြီး ပြည်တွင်းစစ်ကြီး ဖြစ်နေရတဲ့အကြောင်းမှာ တိုင်းရင်းသား တွေနဲ့ ပြည်မက ဗမာတွေကြား တဦးကိုတဦး မယုံကြည်နိုင်ကြခြင်းနဲ့ ပြည်ထောင်စု စိတ်ဓာတ် မမွေးမြူနိုင်ကြ ခြင်း ကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ပင်လုံစာချုပ် ချုပ်နိုင်တာဟာ ဗိုလ်ချုပ် အောင်ဆန်းဦး စီးဦးဆောင်လုပ်တဲ့ ပြည်မနဲ့ တိုင်းရင်းသားတွေ အများဆုံးရှိတဲ့ ပြည်နယ်ဒေသတွေ တဦးကိုတဦး ယုံကြည်မှုရှိလာကြလို့ စည်းလုံးကြလို့ ဖြစ်လာတယ် ဆိုတာကို သက်သေပြု လိုက် တာ ပါပဲ။

ဗမာတကျပ်၊ ရှမ်းတကျပ် မူဟာ တိုင်းရင်းသားတွေ အားလုံး အခွင့်အရေး တန်းတူရှိတယ် ဆိုတာပဲ ဖြစ်တယ်။

ဒီမူဟာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ပြည်မမှာရှိတဲ့ ဗမာလူမျိုးကြီး ဝါဒီတွေက မကျင့်သုံးတော့ဘဲ ချိုးဖျက် ပစ်လိုက်ကြတာကြောင့် ယုံကြည်မှုတွေလည်း လျော့ပါးသွားကြတာပါပဲ။

ပင်လုံစာချုပ်ထဲမှာ နောင် ၁၀ နှစ်ကြာရင် ခွဲထွက်ချင်ရင် ခွဲထွက်နိုင်တယ် ဆိုတဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။ အဲ့ဒါက ခွဲထွက်ရမယ်လို့ မတိုက်တွန်းသလို ခွဲထွက်မှု မရှိဘူးလို့ ပိတ်ပင်တာလည်း မဟုတ်ပါဘူး။

ဒါကို လေးလေးနက်နက် သဘောပေါက်ဖို့ လိုတယ်။ ပြည်ထောင်စုထဲက လုံးဝ ခွဲမထွက်ရဘူးလို့ အမိန့်အာဏာနဲ့ ပိတ်ပင်လိုက်တာဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချိုးဖောက်လိုက်တာပဲ။

ခွဲထွက်ခွင့်ရှိတယ်ဆိုပြီး ခွဲထွက်ချင်တိုင်း ခွဲထွက်ကြတဲ့ ပြည်နယ်လေးတွေ၊ နိုင်ငံလေးတွေ ရှိတာကြောင့် အရှေ့ ဥရောပ မှာ သွေးချောင်းစီးခဲ့တာကို ကျနော်က ဆွေးနွေးခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်ထောင်စု စိတ်ဓာတ် ကွဲပြားသွားပြီး တိုင်းရင်းသားတွေ ယုံကြည်မှု အားနည်း လာတာ ဟာ တန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိကြလို့ပါပဲ။

တချိန်တည်းမှာ ဗြိတိသျှနယ်ချဲ့သမားရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဗမာတွေနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု လျော့နည်း လာတာလည်း ပါဝင်ပါတယ်။

အဆိုးဝါးဆုံး ကတော့ Chauvinism ဆိုတဲ့ ဗမာလူမျိုးကြီးဝါဒရဲ့ ခွဲခြားမှုနဲ့ Narrownationalism ဆိုတဲ့ ကျဉ်းမြောင်း တဲ့ လူမျိုးရေး ဝါဒတွေ လွှမ်းမိုးလာမှုအပေါ် ပြည်ထောင်စု စိတ်ဓာတ် ကျဉ်းမြောင်းလာတာပဲ။

ဒါကို သဘောမပေါက်နိုင်သေးသရွေ့ အမျိုးသားညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာ ကင်းဝေး နေဦး မှာပဲ။

ပြည်မက လူတွေကလည်း ငါတို့သာ လူဦးရေအများဆုံး ဆိုတဲ့ ခပ်တိမ်တိမ် အတွေးနဲ့ အနိုင်ကျင့်နေသမျှ၊ ပြည်နယ်က လူတွေကလည်း ကိုယ့်လူမျိုးနဲ့ကိုယ်၊ ကိုယ့်နယ်နဲ့ ကိုယ် တသီးတခြားနေကြမယ် ဆိုတဲ့ ညီညွတ်ရေး စိတ်ဓာတ် ခေါင်းပါး နေသမျှ ငြိမ်းချမ်းရေးဟာ ဝေးသထက် ဝေးနေဦးမှာ ဖြစ်သလို အမျိုးသား ညီညွတ်ရေးဟာလည်း အားနည်း နေဦးမှာ ဖြစ်ပါတယ်။

တန်းတူခွင့် ဆိုတာကတော့ ရှင်းပါတယ်။ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ကယား စတဲ့ တိုင်းရင်းသား လူမျိုးစု တွေ အားလုံးဟာ တဦးနဲ့တဦး အခွင့်အရေး တန်းတူ၊ ရပိုင်ခွင့်တန်းတူ ရှိဖို့ လိုအပ်တယ်။

စာအုပ်ထဲ၊ စာချုပ်ထဲ၊ စာရွက်ထဲမှာပဲ ရှိနေလို့ မဖြစ်ဘူး၊ အဲ့ဒါကို အာဏာလက်ကိုင်ရှိထားတဲ့ အင်အားအကြီးဆုံး သူတွေက ရိုးရိုးသားသား၊ သစ္စာရှိရှိ၊ မှန်မှန်ကန်ကန်နဲ့ တန်းတူအခွင့်အရေး ပေးကြည့်ပါ။ အားလုံး သဘောပေါက် သွားပါ လိမ့်မယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကတော့ လွတ်လပ်ရေး ရပြီးကတည်းက ယခုအထိ မရှိကြသေးပါဘူး။ ဖဆပလ ခေတ်မှာ လည်း တိုင်းရင်းသားတွေအပေါ် ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တနည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မပေးခဲ့လို့ အခုလို ၆၉ နှစ်ကြာ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာပါပဲ။

အခု ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ စစ်တပ်က ရေးဆွဲလိုက်တဲ့ စစ်အာဏာကို အကာအကွယ်ပြုတဲ့ ဖွဲ့စည်းပုံထဲမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချိုးဖျက်ထားဆဲပဲ။ ပြည်နယ်အစိုးရတွေကို ပြည်ထောင်စု အစိုးရပဲ ချုပ်ကိုင်ထားတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထဲမှာ ပြည်နယ်တွေဟာ သူတို့ပြည်နယ်အတွက် သူတို့အစိုးရ သူတို့ဘာသာ ရွေးချယ်ခွင့် ရှိရမယ်။ သူတို့ ပြည်နယ်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်ရှိရမယ်။ ပြည်မက ဘာမှ ဝင်စွတ်ဖက် ပိုင်ခွင့် မရှိဘူး၊

ပြည်ထောင်စုထဲ မပါတော့ဘဲ သူတို့ဘာသာ သီးခြားခွဲထွက်ချင်ရင်လည်း ခွဲထွက်ပိုင်ခွင့် ရှိရမှာပဲ။ ဒါကိုတော့ မိမိ ပြည်နယ်ရဲ့ ဘာသာစကား၊ စီးပွားရေး၊ နယ်မြေ၊ ယဉ်ကျေးမှု၊ ပထဝီ အနေအထား စတာတွေနဲ့ တိုင်းတာပြီး ပြည်မနဲ့ တော့ ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။

ပြည်မအကျိုးကို ထိခိုက်သလို ပြည်ထောင်စု အကျိုးကိုလည်း ထိခိုက်လာမယ်။ သီးခြား ထူထောင်မယ့် မိမိပြည်နယ် အတွက်လည်း ထိခိုက်လာမယ် ဆိုရင်တော့ ခွဲထွက်ခွင့်ဆိုတာကို လေးလေးနက်နက် စဉ်းစားဖို့ လိုပါလိမ့်မယ်။

မလေးရှား နိုင်ငံထဲကနေ စင်္ကာပူနိုင်ငံ ခွဲထွက်တာကတော့ လူမျိုးအရ၊ ဘာသာစကားအရ၊ စီးပွားရေး ပထဝီ အနေ အထား အရ အလွန်ကိုလျော်ကန် သင့်မြတ်လွန်းတာကြောင့် မလေးရှားရော စင်္ကာပူရော အခုဆို ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်ခဲ့တာ သာဓကလို့ ပြောရလိမ့်မယ်။

ဒါပေမယ့် ဆိုဗီယက်ယူနီယံနဲ့ အရှေ့ဥရောပမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးတဲ့နောက် ယခင်က ဆိုဗီယက်ထဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေ ခွဲထွက်ကြသလို အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံတွေ ထဲကလည်း ခွဲထွက်ကုန်ကြတာကြောင့် ဘော့စနီးယား၊ ဟာဇီဂိုးဗီးနားလို သွေးချောင်းစီး စစ်ပွဲတွေ ဖြစ်ကုန်ကြတယ်။

ဆိုဗီယက် ယူနီယံထဲက ယူကရိန်းတို့၊ ဂျော်ဂျီယာတို့ ခွဲထွက်ချိန်မှာ ဟင်နရီကစ်ဆင်ဂျာက သူ့ရဲ့ အင်တာဗျူး တခုမှာ ဂေါ်ဘာချော့ဗ်ဆီ စကားပြောဖူးတဲ့ အကြောင်း၊ ခွဲထွက်ခွင့်ပေးတာ စောလွန်းတယ်လို့ ဝေဖန်တဲ့အကြောင်း ဖတ်ခဲ့ရပါ တယ်။

ဆိုလိုတာက ခွဲထွက်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတဲ့ သင်ခန်းစာကို အရှေ့ဥရောပက ပြလိုက်တာပါပဲ။ ဒါပေမယ့် တိုင်းရင်းသားတွေမှာ ခွဲထွက်ခွင့် အခွင့်အရေး ရှိတယ် ဆိုတာကိုတော့ နားလည်ဖို့လိုတယ်။

ဒါဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သို့မဟုတ် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ပါပဲ။ အဲ့ဒါကို ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ သာမန် အမြင်တခုနဲ့ ခွဲထွက်ခွင့် မပေးဘူး၊ ခွဲထွက်ရင် အင်အားသုံးပြီး တားမြစ်ရမှာပဲဆိုတဲ့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်။

ဒါဟာ ပြည်ထောင်စု စိတ်ဓာတ် မဟုတ်ပါဘူး။ ပြည်ထောင်စု စိတ်ဓာတ် မြန်မာနိုင်ငံမှာ ပျက်စီးသွားရတာကတော့ ပြည်ထောင်စု စိတ်ဓာတ်ကို ချိုးဖျက်ခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေကြောင့် ဖြစ်တယ် ဆိုတာကိုတော့ အငြင်း ပွားစရာ မလိုပါဘူး။ ဒါကို ဒီကနေ့အုပ်ချုပ်တဲ့ အစိုးအဖွဲ့က လေးလေးနက်နက် သဘောပေါက်နားလည်ဖို့ လိုပါတယ်။

ဖဆပလ ခေတ် တလျှောက်လုံး စစ်အာဏာရှင်ခေတ် အနှစ် ၅၀ ကျော်တလျှောက်လုံး နိုင်ငံရဲ့ အာဏာခွဲဝေမှု၊ ဓန ခွဲဝေမှုတွေဟာ ဖဆပလ ခေတ်က လက်ဝါးကြီးအုပ် အရင်းရှင်တွေ လက်မှာပဲရှိခဲ့သလို စစ်အာဏာရှင် ခေတ်မှာလည်း စစ်အာဏာရှင်တွေ လက်ထဲမှာပဲ ရှိခဲ့တာကို အထွေအထူး ရှင်းပြနေစရာမလိုပါဘူး။

ပြည်နယ်တွေကထွက်တဲ့ ကျောက်မျက်ရတနာ သယံဇာတတွေက အစ သစ်တောတွေ အထိ စစ်အာဏာရှင်တွေရဲ့ ခွဲဝေမှုကိုပဲ ခံရတာကြောင့် တိုင်းရင်းသားတွေ မကျေနပ်ဘဲ ပြည်ထောင်စု စိတ်ဓာတ် ပျက်စီးကုန်တယ် ဆိုတာ အားလုံး အသိဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စု စိတ်ဓာတ်ကို တကယ်ရှိစေချင်ရင် တိုင်းရင်းသားတွေ အပေါ် အထွေအထူး တိုက်တွန်း နေရ မှာထက် ယခုထက်ထိ သက်ဆိုးရှည်ပြီး လွှမ်းမိုးနေဆဲရှိတဲ့ စစ်အာဏာရှင်စနစ် အရိပ်ဆိုးကြီးကို ဖယ်ရှားပစ်မယ် ဆိုရင်၊ သူတို့ကိုအကျိုးပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖယ်ရှားပစ်နိုင်မယ် ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို တကယ် တည်ဆောက်လိုစိတ် ရှိကြတယ်ဆိုရင် ပြည်ထောင်စု စိတ်ဓာတ်ဟာ ပြန်လည် ဖွံ့ဖြိုးလာပြီး တိုင်းပြည်လည်း တိုးတက် ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာကိုလည်း ညှိနှိုင်းသင့်တာကို ညှိနှိုင်းလိုက်ရုံနဲ့ ရှောရှောရှုရှု တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာက လက်နက် တောင့်တင်းတဲ့အဖွဲ့က နှုတ်မိန့်နဲ့တင် ရပ်လိုက်လို့ ရတဲ့ကိစ္စပါ။

စာချုပ်တွေနဲ့ လုပ်နေရတာက တယောက်ကိုတယောက် အယုံအကြည် မရှိကြသေးလို့ပါပဲ၊ ဘယ်နိုင်ငံမှာမဆို ပြည်တွင်း စစ် ရပ်စဲရင် အစိုးရဘက်က အရင်ရပ်လိုက်တာဖြစ်ပါတယ်။

ဒီနိုင်ငံကျမှ သူပုန်ဘက်ကရပ်မှ ငါတို့ရပ်မယ်ဟေ့ဆိုပြီး လုပ်နေရင် သဘောထားသေးရာ ကျတဲ့အတွက် အားကြီးတဲ့ သူကပဲ အလျော့ပေးလိုက်ရင် ငြိမ်းချမ်းရေးခရီးလမ်း အမြန်ဆုံး ဖြောင့်ဖြူး နိုင်ပါလိမ့်မယ်။   ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Loading