ကဗျာဆရာ ဇော် (ပျဉ်းမနား) ကွယ်လွန်ခြင်း တနှစ်ပြည့် ဆွမ်းကျွေးကို ပျဉ်းမနားတွင် ပြုလုပ်သည်။ သူ့ဇနီးနှင့် သား သမီး များ၏ ဖိတ်ကြားမှုကြောင့် ကျနော်နှင့် ဒေါက်တာ တင်စံဦးတို့ ပျဉ်းမနားသို့ ရထားဖြင့် သွားရန်ပြင်ဆင်ခဲ့သည်။
တရက်သာ ကြိုပြီး လက်မှတ် သွားဝယ်ကြသဖြင့် လက်မှတ်ကုန်သွားပါသည်။ ခုံနံပါတ်မဲ့ စီး၍ကား ရပါသည်။ သို့သော် ရထားပေါ် မတ်တတ် စီးရပေမည်။ ထိုကဲ့သို့ ကျနော်မစီးနိုင်ပါ။
လက်မှတ်ရောင်းကို မေတ္တာရပ်ခံသော်လည်း အမှန်တကယ် ခုံနံပါတ်နှင့် လက်မှတ်ကုန်သွားကြောင်း ရှင်းပြလေသည်။
နောက်ဆုံး“ကျနော်တို့က စာရေးဆရာတွေပါ၊ ဇော် (ပျဉ်းမာနား) ဆွမ်းကျွေးကို သွားမလို့ပါ၊ အရေးပေါ်ဖြစ်လို့ ၃ ရက် ကြိုပြီး လက်မှတ် မဝယ်နိုင်တာပါ”ဟု ပြောရင်း မှတ်ပုံတင်ကို ထုတ်ပြလိုက်ပါသည်။ ကျနော်မှတ်ပုံတင်တွင် အလုပ် အကိုင် စာရေးဆရာဟု ပါရှိပါသည်။
မှတ်ပုံတင်ကို ကြည့်နေသော လက်မှတ်အရောင်း ဝန်ထမ်းက စာရေးဆရာဟု တွေ့လိုက်သောကြောင့် သူ့ဘေးမှ တခြား လက်မှတ်ရောင်းနှင့် ခေါင်းချင်းဆိုင် တိုင်ပင်လိုက်ကြပြီး “စာရေးဆရာတွေဆိုရင်တော့ အထက်တန်း လက်မှတ်နှစ်စောင် ရောင်းလိုက်ပါမယ်၊ ဗီအိုင်ပီ အတွက် သီးသန့်ချန် ထားတဲ့ အထဲကရောင်းတာပါ”ဟု ကျနော်တို့ကို ရှင်းပြပြီး အထက်တန်းလက်မှတ် နှစ်စောင် ရောင်းချလိုက်လေသည်။
စာရေးဆရာဟူသော အရှိန်အဝါကြောင့် ရထားလက်မှတ်ရခဲ့ခြင်း ဖြစ်ပါသည်။ စာရေးဆရာ၊ စာနယ်ဇင်းသမား များကို လေးစားသော ဌာနများက ဦးစားပေးခြင်း ဖြစ်ပါလိမ့်မည်။
သြဇာအာဏာကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်လက္ခဏာ ဖြစ်သော အဆင့်နေရာကြောင့် ဖြစ်သည်။ ထိုအဆင့်နေရာကို ကိုယ်ပိုင်လက္ခဏာ ဟု ခေါ်မလား၊ အရှိန်အဝါဟုပင် ခေါ်မလား၊ ယနေ့ခေတ် ယေဘုယျ ပြောနေသော ပါဝါဟုပင် ခေါ်မလား မသိ။
ကျနော်ကတော့ အိုင်ဒန်တတီ (Identity) ဟု သတ်မှတ်ချင်ပါသည်။
အင်းစိန်ထောင်ထဲတွင် ဥပဒေ ဖောက်ဖျက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် နိုင်ငံခြားသား အမြောက်အမြား ရှိသည်။ မြန်မာ နိုင်ငံသား မဟုတ်သော တရုတ်၊ ကုလား၊ ထိုင်း၊ မူဂျာဟစ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား တို့ကို ကျနော်တွေ့ခဲ့ ရ သည်။
တရုတ်များနှင့် မူဂျာဟစ်များကို သူတို့မွေးဖွားရာနိုင်ငံများက သူတို့နိုင်ငံသားများ အဖြစ် အသိအမှတ် မပြုသောကြောင့် ထောင်ထဲတွင် နှစ်ပေါင်းမျးစွာနေထိုင်ခဲ့ရပြီး ထောင်ကကျွေးသည်ကိုသာ စားပြီး ရပ်တည်ခဲ့ကြရ၏။
ဒန်ကိုလက်စွပ်၊ ဆွဲပြားများပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြရသည်။ ရောက်ခါစက ဗမာစကားပင် မပြော တတ်ကြပေ။ သူတို့မှာ ထောင်ဝင်စာမရှိ၊ သံရုံးကလည်း လာမတွေ့ကြပေ။
ထိုင်း အကျဉ်းသားများမှာ မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် တံငါသည်များ ဖြစ်သည်။ သို့သော်သူတို့သည် ထိုင်း နိုင်ငံသားများဖြစ်၍ ထိုင်းအစိုးရက အလေးထားသလို ထိုင်းသံရုံးကလည်း အပတ်စဉ် ထောင်ဝင်စာပေးလေ့ ရှိပါ သည်။
ဆိုလိုသည်မှာ ထိုင်းနိုင်ငံက သူ့နိုင်ငံသားများ အတွက် တာဝန်ယူခြင်းဖြစ်သည်။ မည်သည့်ပြစ်မှုကို ကျူးလွန်သည် ဖြစ်စေ နိုင်ငံသားအဖြစ်ကား ရှိနေသောကြောင့် ထိုနိုင်ငံအစိုးရက မိမိတို့နိုင်ငံသားများ အတွက် တာဝန်ယူခြင်းဖြစ်၏။
မည်သည့်နိုင်ငံ ရောက်နေသည်ဖြစ်စေ နိုင်ငံကို အုပ်ချုပ်သော အစိုးရက မိမိတို့နိုင်ငံသားများကို စောင့်ရှောက်ရမည် ဖြစ်သလို အတတ်နိုင်ဆုံး တာဝန်ယူရမည် ဖြစ်သည်။
ထို့ထက်ပိုပြီး တာဝန်ယူသော နိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသားများမှာ အင်းစိန် ထောင် တွင် အကျဉ်းကျနေသည်မှာ နည်းပါးသည်။ ကျနော်ကြုံဖူးသမျှ တယောက်၊ နှစ်ယောက်သာ ရှိပါသည်။
တောင်ကိုရီးယား သံရုံးက သူတို့နိုင်ငံသားများ အတွက် လိုလေသေးမရှိ အဝတ်အစား၊ အစားအသောက်၊ ဆေးဝါး စသည်တို့ကို မပြတ်ပေးပို့ ကူညီလေသည်။
နိုင်ငံနှင့်လူမျိုး၏ အရှိန်အဝါသည် ထိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုနိုင်ငံ၏ အစိုးရက နိုင်ငံသားအပေါ် တာဝန်ယူမှုတို့ ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်းရောက်နေသော နိုင်ငံတိုင်းတွင် ဂုဏ်သိက္ခာရှိကြ၏။ အရှိန်အဝါလည်း ကြီးကြ၏။
ထိုသို့ ဂုဏ်သိက္ခာနှင့် အရှိန်အဝါကြီးမားရန်သည် ထိုနိုင်ငံ အင်အား လိုအပ်လေသည်။
အင်အားဆိုသည်မှာ (၁) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ (၂) နိုင်ငံကာကွယ်ရန် အတွက် စစ်ရေး တောင့်တင်းရန်၊ (၃) နိုင်ငံ အုပ်ချုပ်သူသည် ကောင်းမွန်သော အုပ်ချုပ်ရေး (Good governance) ကို ဖန်တီးရန်၊ (၄) အုပ်ချုပ်သော အစိုးရ အဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်မှု (Credibility) ကို ရရှိနိုင်ရန်၊ တိုင်းပြည်နှင့် ပြည်သူလူထု အပေါ် အစိုးရက အပြည့် အဝ တာဝန်ယူမှု (Accountability) ရှိရန် လိုအပ်ပါသည်။
ကမ္ဘာပေါ်တွင် အင်အားကြီးမားသည့် နိုင်ငံများဖြစ်သော အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အစိုးရအဖွဲ့များနှင့် ပြည်သူ လူထုသည် မိမိတို့၏ ကိုယ်ပိုင်လက္ခဏာ (Identity) များရှိကြလေသည်။
အမေရိကန်နိုင်ငံနှင့် အမေရိကန် နိုင်ငံသားများကို ကမ္ဘာ့နေရာအသီးသီးတွင် နိုင်ငံတိုင်း၊ ပြည်သူတိုင်းက အသိအမှတ် ပြု လေးစားကြပါသည်။
ထို့အတူ တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများကိုလည်း သူ့နေရာနှင့်သူ ကမ္ဘာ့ပြည်သူများက လေးစား အသိအမှတ်ပြုကြ လေသည်။
ထိုသို့ ဖြစ်လာရသည်မှာ ယခင်က တရုတ်ပြည်နှင့် တရုတ်လူမျိုးတို့ အနေအထားနှင့် ယခုတရုတ်ပြည်၊ တရုတ်လူမျိုး တို့ ၏ အနေအထားမှာ ကွာခြားသွားလေသည်။
ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ နော်ဝေ၊ စပိန်၊ အီတလီ စသည့်နိုင်ငံများ၊ လူမျိုးများသည်လည်း ကမ္ဘာက အလေးထားပြီး နေရာပေးရသည့် လူများဖြစ်ကြလေသည်။
ထိုသို့ဖြစ်ရသည်မှာ ထိုနိုင်ငံမှ လူများ၏ အင်အားနှင့် တောင့်တင်းမှုကြောင့် ဖြစ်ပါသည်။
သို့သော် တိုးတက်မှု အားနည်းသော ဖွံ့ဖြိုးဆဲ နိုင်ငံများကမူ အရှိန်သြဇာ နည်းပါးလှလေသည်။
အထူးသဖြင့် အာဖရိက နိုင်ငံများသည် ခိုင်မာသော ကိုယ်ပိုင်လက္ခဏာ (Identity) မရှိသဖြင့် သူတို့ရောက်လေရာ နေရာ များတွင် နေရာပေးခံရမှု အားနည်းလှလေသည်။
မိမိနိုင်ငံမှ တခြားပြည်ပနိုင်ငံ တခုသို့ သွားရောက်ရာတွင် နိုင်ငံကူး လက်မှတ်ကို လူဝင်မှုကြီးကြပ်ရေးက ကြည့်လိုက် သည် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံ၊ သို့မဟုတ် ဆင်းရဲသော နိုင်ငံများမှ နိုင်ငံကူး လက်မှတ်ဖြစ်နေလျှင် ထိုလူအပေါ် အလေး အနက် မရှိကြတော့ပေ။
အထင်သေးခြင်း၊ စက်ဆုပ်ခြင်းများပင် မျက်နှာ၌တွေ့ရတတ်၏။
၉/၁၁ ဖြစ်ပွားပြီးနောက် အမေရိကနှင့် ဥရောပသို့ သွားရောက်သော အာရပ်နိုင်ငံများနှင့် မွတ်စလင် နိုင်ငံများမှ လူများ ကို ရန်သူသဖွယ် စစ်ဆေးပြီးမှ ပြည်ဝင်ခွင့်ပေးကြသည်။ နိုင်ငံတွင်း ရောက်လျှင်လည်း ထိုလူများကို သတိထား စောင့်ကြည့် ကြလေသည်။
အာရှတိုက်တွင် ယခင်က ဖွံ့ဖြိုးမှု အားနည်းနေခဲ့သေးသော နိုင်ငံများသည် ယခုအခါတွင် အင်အားကောင်းလာပြီး တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေးကိုပင် ခြယ်လှယ်နိုင်စွမ်းရှိသော ထိပ်ဆုံးနိုင်ငံများ စာရင်းတွင်ပင် ပါဝင်လာသောကြောင့် သူတို့၏ Identity သည် ခိုင်မာနေခဲ့ သလို သူတို့၏ Power ဟုခေါ်သော အရှိန်အဝါသည်လည်း ကြီးမားလာခဲ့သည်။ အမေရိက၊ ဥရောပသို့ သွားလျှင် လည်း သူတို့ကို လေးလေးစားစား ဆက်ဆံလာကြသည်။
သို့သော် အာရှတိုက်မှပင် စီးပွားရေး တောင့်တင်းမှု မရှိသေးသော နိုင်ငံများကိုမူ တခြားနိုင်ငံကြီးများက အလေး သိပ် မထား ကြပေ။ နိုင်ငံခြားတွင် အလုပ်သမား အများဆုံးပို့ပြီး နိုင်ငံ၏ စီးပွားရေးကို အထောက်အကူဖြစ်စေသော နိုင်ငံ များသည် တခြားနိုင်ငံများ၏ အထင်အမြင်သေးခြင်းကို ခံရလေသည်။
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့သည် တခြားနိုင်ငံများသို့ အလုပ်သမားများ သွားရောက်လုပ်ကိုင်ခွင့် ပေးထား ကြသည့်အတွက် ထိုအလုပ်သမားများထံမှ ပေးပို့သည့် နိုင်ငံခြားငွေကလည်း တိုင်းပြည်၏ စီးပွားရေးကို အကျိုးပြုပါ သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်၍ နိုင်ငံ၏ အရှိန်အဝါသည် အားနည်းနေဆဲ ဖြစ်လေသည်။
ထို့ကြောင့် နိုင်ငံနှင့် လူမျိုး၏ သြဇာ အရှိန်အဝါရှိရေးသည် နိုင်ငံနှင့်လူမျိုး အပေါ်တွင်သာ မူတည်သည်။ ထိုနိုင်ငံကို အုပ်ချုပ်သော အစိုးရနှင့် ပြည်သူများတွင်သာ အခြေခံသည်။
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် အားထုတ်လုံးပမ်းရမည် ဖြစ်သလို နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား အတွက် နိုင်ငံ သားများက အလေးအနက် ကြိုးပမ်းရန် လိုအပ်သည်။ ထိုသို့ လုံးပမ်းအားထုတ်ကြမှ သာလျှင် နိုင်ငံ၏ Identity နှင့် လူမျိုး ၏ Identity များ ရရှိမည်ဖြစ်သည်။
အင်အားတောင့်တင်းသော နိုင်ငံတခုဖြစ်ရန်သည် စစ်ရေးတည်ဆောက်မှု သက်သက်ဖြင့် မရရှိနိုင်ပေ။ တည်ငြိမ် မှန်ကန် သော နိုင်ငံရေးနှင့် အားကောင်းဖွံ့ဖြိုးသည့် စီးပွားရေးကို တည်ဆောက်ကြရပေလိမ့်မည်။
အာဖရိကနိုင်ငံများ၏ အခြေအနေသည် အဆိုးဆုံးဖြစ်သည်။ ကမ္ဘာတွင် ဖွံ့ဖြိုးမှုအနှေးဆုံးနှင့် ခေတ်အနောက်ကျဆုံး၊ အဆင်းရဲဆုံးဖြစ်သော နိုင်ငံများနှင့် ပြည်သူများ၏ Identity သည် အနိမ့်ကျဆုံးဟု ပြောရပေလိမ့်မည်။
မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှု စသော သဘာဝ ဘေးအန္တရာယ်၏ ဒဏ်ကို ခံစားနေရသော အာဖရိကနိုင်ငံများသည် အာဏာရှင်စနစ်၏ ဆိုးဝါးရက်စက်စွာ ဖိနှိပ်မှုကိုလည်း အပြင်းအထန် ခံကြရသည်။
ထိုနိုင်ငံများနှင့် ပြည်သူများသည် အနောက်နိုင်ငံများ၏ ကိုလိုနီကျွန်ပြုမှုကိုလည်း နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရ သည်။ အသားအရောင်ခွဲခြားမှုနှင့် ကျေးကျွန်စနစ်ကလည်း အာဖရိကနိုင်ငံများအပေါ် ရာစုနှစ်နှင့်ချီပြီး လွှမ်းမိုးခဲ့ပါ သည်။
ထို့ကြောင့် ထိုနိုင်ငံများ၏ အရှိန်အဝါသည် အာရှနိုင်ငံများလောက် မရှိသေးပေ။ ကျန်းမာရေး၊ ပညာရေးတို့သည် အလွန်အားနည်း နေရသည်မှာလည်း နိုင်ငံရေး မတည်ငြိမ်မှု၊ ပြည်သူကို အလေးထားသော အစိုးရအဖွဲ့မျိုးကို မဖန်တီးနိုင်မှုတို့ကြောင့် အာဖရိက နိုင်ငံအများစု၏ Identity သည် ယခုတိုင် အားနည်းနေဆဲ ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံနှင့်လူမျိုး၏ သြဇာအာဏာ အဆင့်နေရာနှင့် ကိုယ်ပိုင်လက္ခဏာကို တည်ဆောက်ရေးသည် နိုင်ငံကို အုပ်ချုပ်သူနှင့် ပြည်သူလူထုအပေါ် လုံးဝ တာဝန်ရှိပေသည်။
ကျနော်တို့သည် စင်ကာပူနိုင်ငံကို အတုယူသင့်သည်။ စင်ကာပူသည် ကျွန်းနိုင်ငံဖြစ်ပြီး လူဦးရေမှာလည်း ၄ သန်း ၈ သိန်း ကျော်၊ ၅ သန်းနီးပါး ရှိသော်လည်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးလွန်းသည့် အတွက် အာရှသာမက ကမ္ဘာမှာပါ လူရိုသေ ရှင်ရိုသေ နိုင်ငံတခုဖြစ်လာသည်။
စင်ကာပူနိုင်ငံသား ဆိုလျှင် အားကျကြလေသည်။ စင်ကာပူနိုင်ငံသားများသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိသော သြဇာရှိသူများဖြစ်လာသည်မှာ စင်ကာပူဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံအစိုးရက နိုင်ငံသားများကို တာဝန် ယူနိုင်သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ အရှိန်အဝါရှိသော နိုင်ငံ၊ လူထုက ယုံကြည်ကိုးစားပြီး တာဝန်ယူမှု ရှိသော အစိုးရ၊ ကိုယ်ပိုင်လက္ခဏာ ရှိပြီး နိုင်ငံသားကောင်း ပီသသည့် လူမျိုးဖြစ်အောင် အားလုံး သံသယမဲ့ လက်တွဲ ကြိုးပမ်း ကြရပေလိမ့်မည်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။