စစ်ပွဲတွေရှိရာအရပ်မှာ မွေးလာခြင်းက ရာဇဝတ်မှုလို့ ပြောကြတယ်

စတယ်လာနော်
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုကို ရန်ကုန်မြို့တွင် ဆန့်ကျင်ဆန္ဒပြစဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

ဆောင်းရာသီ ညတညတွင် တရုတ်-မြန်မာနယ်စပ်မှ အိမ်ငယ်လေး တလုံးထဲတွင် လူ ၂ ဒါဇင်လောက်နှင့် အတူ ကျမ ပူးကပ်ပြီး ထိုင်နေခဲ့ရသည်။ သူတို့က တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမှ တိုက်ပွဲများကြောင့် လတ် တလော ထွက်ပြေးလာကြသည့် ကချင်မိသားစု ၅ ခုမှ မိသားစုဝင်များ ဖြစ်ကြပါသည်။ ကျမ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဒေသတွင်းတွင် ပဋိပက္ခ၏ သက်ရောက်မှုများကို မှတ်တမ်းတင်ရန် နှင့် သုတေသန ပြုရန် ဖြစ်ပါသည်။ စစ်ရှောင် ဒုက္ခ သည်များ၏ အဖြစ်အပျက်များကို နားထောင်ရန်အတွက် ညနက်သည်အထိ နေခဲ့ရပါသည်။

နောက်နေ့တွင် ပတ်ဝန်းကျင်ဒေသများရှိ စစ်ရှောင်ဒုက္ခသည်စခန်းများမှ အခြားသော ကချင်တိုင်းရင်းသားများ နှင့် တွေ့ဆုံ ရန် အတွက် ကျမ ရောက်ရှိသွားခဲ့ပါသည်။ သူတို့ ဒုက္ခရောက်နေကြသော်လည်း ကျမတွေ့ခဲ့သူတိုင်းက ဖော်ရွေ ကြင်နာ ကြပါသည်။ တနေ့နေ့ အခြေအနေများ ကောင်းမွန်သွားသည့်အချိန်တွင် မုံးကိုးသို့ လာရောက်လည်ပတ်ရန်လည်း သူတို့က ကျမကို ဖိတ်ခေါ်ကြပါသည်။

သင်းထောက်ဆရာများကို ဖမ်းဆီး

ရက်သတ္တပတ် အနည်းငယ်ကြာသော အခါ ထိုညက ကျမနှင့် အတူ အိမ်တွင်းမှာ ရှိခဲ့သည့် အမျိုးသား ၂ ဦးကို မြန်မာ့တပ် မတော်က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သတင်းရပါသည်။ အသက် ၆၅ နှစ်အရွယ် ဦးဒွမ်ဒေါ နောင်လတ် နှင့် အသက် ၃၅ နှစ် အရွယ် ဦးလန်ဂျော်ဂန်ဆိုင်းတို့မှာ ကချင်နှစ်ခြင်း အသင်းတော် (KBC) မှ သင်းထောက်ဆရာများ ဖြစ်ကြပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ကူညီပေးခဲ့သည် ဆိုသည့် စွပ်စွဲပြီး သူတို့ကို မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်းထောက်ဆရာ ၂ ဦးကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းမှာ သူတို့က မြန်မာ စာနယ်ဇင်းသမား အဖွဲ့ တခုကို  မြန်မာ့တပ်မတော် ဂျက်တိုက်လေယာဉ်များ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် ဘုရားကျောင်းနေရာသို့ ခေါ်ဆောင် ပြသခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းခဲ့ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းက မြန်မာ့တပ်မတော်က မုံးကိုးရှိ ဘာသာရေးအဆောက်အဦးတခုကို တိုက်ခိုက်ခဲ့ကြောင်း အစိုးရပိုင် မီဒီယာများက ကာကွယ်ရန် ကြိုးစားခဲ့ခြင်းကို သူက ဖော်ထုတ်သလို ဖြစ်ခဲ့ရသည်။

တိုင်းရင်းသားဒေသများမှ အမျိုးသမီးများကို ဦးတည်၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်းနှင့် မတရား ပြုကျင့်ခြင်းကို စစ်ပွဲတွင် လက်နက်တခုသဖွယ် အသုံးချခဲ့ခြင်းများကို မှတ်တမ်းများ ရှိခဲ့သလို တိုင်းရင်းသား အသိုင်းအဝိုင်းများမှ အမျိုးသားများကိုလည်း စုပေါင်း၍ အပြစ်ဒဏ် ပေးသည့်အနေဖြင့် ပုဒ်မ ၁၇ (၁) ကို အသုံးပြုလေ့ရှိပါသည်။ အဆိုပါ ဥပဒေ အရ ဥပဒေနှင့် မညီသော အဖွဲ့အစည်းတခုကို ထောက်ခံသူများ သို့မဟုတ် အဖွဲ့ဝင်များဟု ယူဆရသူများနှင့် ဆက်သွယ် သောသူသည် အနည်းဆုံး ၂ နှစ် အထိ ထောင်ဒဏ်ကျခံရနိုင်ပါသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော်က ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ပြီး နောက်ပိုင်းတွင် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံရသည့် ကချင်တိုင်းရင်းသား အရေအတွက် တဖြည်းဖြည်းချင်း တိုးလာခဲ့သည်။

Asian Human Rights Commission (AHRC) နှင့် Asian Legal Resource Centre တို့၏ ၂၀၁၃ ခုနှစ်က ဖြန့်ဝေခဲ့သော မှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ၂၀၁၁ မှ ၂၀၁၂ အတွင်း ကချင် အမျိုးသားများကို ဖမ်းဆီးရန် အတွက် ပုဒ်မ ၁၇ (၁) ကို အသုံးပြုခဲ့သည့် အမှု ၃၆ ခု ရှိကြောင်း သိရသည်။

ကချင်ရှေ့နေများကွန်ရက်ကမူ ၂၀၁၁ နှင့် ၂၁၀၄ အတွင်းတွင် အဆိုပါ အမှုမျိုး ၅၀ ခန့်ရှိသည်ဟု ပြောသည်။

၂၀၁၆ ခုနှစ်တွင် အဆိုပါ ဥပဒေဖြင့်ပင် လူငယ် ၄၉ ဦးအပါအဝင် လူ ၅၀ ကျော် ဖမ်းဆီးတရားစွဲခြင်း ခံခဲ့ရသည်။ သူတို့ ထဲမှ ၆ ဦးမှာ အမျိုးသမီးများ ဖြစ်ပြီး သူတို့သည် KIO ထိန်းချုပ်သည့် ဒေသတွင် နေထိုင်သည့် အရပ်သားများအတွက် ပညာသင်ကြားရေး အချက်အချာနေရာတခု ဖြစ်သော မိုင်ဂျာယန်တွင် စိုက်ပျိုးရေး သင်တန်း တက်ရောက်ပြီးနောက် ပြန်လာကြသူများ ဖြစ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် ထိုင်းနိုင်ငံမှ ကချင်အမျိုးသမီး အစည်းအရုံး (Kachin Women’s Association) ၏ A Far Cry From Peace အမည်ရှိ အစီရင်ခံစာတွင် ပြီးခဲ့သည့် နှစ်များအတွင်း KIA ကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာ့တပ်မတော်၏ ဖမ်းဆီး နှိပ်စက်ခြင်းခံရသူ ကချင်တိုင်းရင်းသား ၁၁၆ ဦး ရှိကြောင်း ဖော်ပြထားသည်။ မြောက်ပိုင်းမှ ကျေးလက်ဒေသများသည် သီးခြားဖြစ်နေသည့်အတွက် အဆိုပါ ကိန်းဂဏန်းများက ပို၍ပင် များပြားနိုင်ကြောင်း ပြောသူလည်း ရှိနိုင်ပါသည်။ ပဋိပက္ခ ဒေသတခုမှ သတင်းအချက်အလက်များ ကောက်ယူစုဆောင်းခြင်းက အလွန်ခက်ခဲ့သည့် အလုပ်တခုဖြစ်ပါသည်။

မကြာသေးမီက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ အဖွဲ့ဝင် တဦး ဖြစ်သည့် ဦးမင်းဌေးကို KIO နှင့် ဆက်သွယ်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ABSDF အဖွဲ့သည် အစိုးရ နှင့် ၂၀၁၅ ခုနှစ် တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့တခု ဖြစ်ပြီး မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး ဖြစ်သည်။

မတရားသင်းများ အက်ဥပဒေသည် ၁၉၀၈ ခုနှစ် အိန္ဒိယ အက်ဥပဒေ ၁၄ တွင် ပါဝင်ပါသည်။ ကိုလိုနီခေတ်က ဗြိတိသျှတို့ ရေးဆွဲခဲ့သော ဥပဒေက ယခုအခါ မြန်မာ့တပ်မတော်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တရားဝင်မှုကို ပယ်ဖျက်ရန် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးတောင်းဆိုမှုများကို ပယ်ချပြီး အဆိုပါ အဖွဲ့ အစည်းများကို နိုင်ငံ၏ ရန်သူများအဖြစ် သတ်မှတ်ရန် အားထုတ်မှုများတွင် အကျိုးရှိစေခဲ့သည်။

အရေးယူခံရလျှင် လူတယောက်၏ ထောင်ဒဏ်က ထပ်မံတိုးမြှင့်နိုင်ချေလည်း အမြဲတမ်းရှိနေသည်။ အဂတိလိုက်စားမှု များရှိနေပြီး ပွင့်လင်းမြင်သာမှုလည်း မရှိသည့် တရားရေးစနစ်ကို စစ်ဘက်က အကြီးအကျယ် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

လူသိ အများဆုံး အမှုများထဲမှ တခုမှာ ဗုံးပေါက်ကွဲမှု အများအပြားတွင် အဓိက တာဝန်ရှိသူဖြစ်သည် ဆိုသည့် စွပ်စွဲချက် ဖြင့် ဖမ်းဆီးခံခဲ့ရသည့် ကချင်တိုင်းရင်းသား တဦးဖြစ်သည့် လဖိုင်ဂမ်၏ အမှုဖြစ်သည်။ ၄ နှစ်ကျော် ဖမ်းဆီးခံထားရပြီး နောက် သူ့ကို ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့သည်။ ဖမ်းဆီးခံရစဉ်အတွင်း သူ့ကို ရိုက်နှက်ခြင်း နှင့် လိင် ပိုင်းဆိုင်ရာ စော်ကားခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ သူ့ကို ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလ သမဂ္ဂတို့၏ တောင်းဆိုမှုများကို ရွေးကောက်ခံ NLD အစိုးရက တုံ့ပြန်ခြင်း မပြုခဲ့ပါ။

KBC မှ သင်းထောက်ဆရာ ၂ ဦးကို နှင့်ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီးနောက် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက သူတို့ကို ခေါ်သွားသည်မှာ KIA ဖြစ်ကြောင်း နှင့် မြန်မာ့ တပ်မတော် မဟုတ် ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မီဒီယာများကို တုန့်ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း တောင်းဆိုမှုများ ဆက်လက်များပြားလာခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြန်မာ့တပ်မတော်က သင်းထောက်ဆရာ ၂ ဦးကို မရား သင်းများ ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ဝန်ခံခဲ့သည်။

ကချင်အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုများ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူခံရသည့် အမျိုးသား အများအပြားမှာ ကျေး လက်ဒေသတွင် နေထိုင်ခဲ့သူများ ဖြစ်ပြီး မူလတန်း ပညာရေးမျှသာ သင်ယူနိုင်ခဲ့သူများ ဖြစ်သည်ဟု AHRC ၏ အထူး အစီရင်ခံစာ၏ အဆိုအရ သိရသည်။ အဆိုပါ အမျိုးသားများမှာ အကြိမ်ကြိမ် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး သူတို့ကို စစ်ရှောင်ဒုက္ခသည်စခန်းများ သို့မဟုတ် စခန်းများအနီးတွင် အလုပ်ကြမ်းများလုပ်နေစဉ် ဖမ်းဆီးခြင်း ခံကြရလေ့ ရှိပါသည်။

သူတို့၏ မိသားစုများကို ထောက်ပံသူကလည်း အလွန်နည်းပါးသည့်အတွက် သူတို့ကို ဖမ်းဆီးခြင်းက မှီခိုသူ မိသားစုဝင် များကို အလွန်ခက်ခဲစေခဲ့သည်။ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံရသူများ၏ မိသားစုအများအပြားမှာ စုဆောင်းထားသည့် ငွေ ကြေးများ ကုန်ခမ်းသွားခြင်း သို့မဟုတ် ရုံးချိန်းများသို့ အကြိမ်ကြိမ်သွားရောက်ရသည့် စရိတ်များကြောင်း အကြွေးများ တပုံတပင်ဖြစ်လာခြင်းတို့ နှင့် ရင်ဆိုင်ကြရသည်။ AHRC ၏ အစီရင်ခံစာတွင် ဖမ်းဆီးခံရသည့် အမျိုးသားတဦး၏ ဇနီး သည် သည် စစ်ရှောင် ဒုက္ခသည် စခန်းတွင် နေထိုင်ရင်း ၂ လပင်မရှိသည့် ကာလအတွင်းတွင် တရားရုံးသို့ ရုံးချိန်း ၉ ကြိမ် သွားရောက်ခဲ့ရကြောင်း ဖော်ပြထားသည်။ တရားရင်ဆိုင်ရသည့် ကုန်ကျစရိတ်များကြောင့် သူ့တွင် အကြွေးများတင်ခဲ့ ရသည်။

ကချင်နှစ်ခြင်း အသင်းတော်(KBC) မှ ဦးဒွမ်ဒေါ နောင်လတ် နှင့် ဦးလန်ဂျော်ဂန်ဆိုင်းတို့ နှင့် မိုင်ဂျာယန်တွင် စိုက်ပျိုးရေး သင်တန်းတက်ခဲ့သူ လူငယ် ၄၉ ဦးတို့သည် သူတို့ အပေါ်စွဲဆိုထားသည့် KIA နှင့် ဆက်သွယ်သော မတရားအသင်း ပုဒ် မ များကို သူတို့ကိုယ်တိုင် ရင်ဆိုင်ရန် ဥပဒေရေးရာ အကူအညီများကို စောင့်ဆိုင်းနေပါသည်။ သူတို့ကို ဆက်လက်၍ ထိ ခိုက်နစ်နာစေသည့် မမျှတမှုများမှ သူတို့ လွတ်မြောက်ခွင့် ရစေရေး ကျမတို့က သေချာစေရပါမည်။

ငြိမ်းချမ်းသော မြန်မာနိုင်ငံကို မြင်တွေ့လိုသည့် ကျမတို့ အနေဖြင့် မတရားအသင်းများ ဥပဒေကို ချက်ချင်း ပယ်ဖျက်ပေးရန် အာဏာပိုင်များအား (အစိုးရကိုရော မြန်မာ့တပ်မတော် ကိုပါ) ဖိအားပေးရမည် ဖြစ်သည်။ အသစ်ဖန်တီးလိုက်သော အကြမ်းဖက်သောင်းကျန်းသူ ဆိုသည့် အမှတ်တံဆိပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ဖြစ်စဉ်များ အတွင်းမှ ပယ်ဖျက်သည့် ကိရိယာတခု ဖြစ်သလို အဆိုပါ အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေးကိုလည်း ထိခိုက် ပျက်စီးစေနိုင်ပါသည်။ ထို့အပြင် မတရားအသင်းများ ဥပဒေက ပြည်သူများကို အထူးသဖြင့် ပဋိပက္ခဒေသတွင် နေထိုင်သူများကို သူတို့၏ လူမျိုး၊ ကျား နှင့်မ ဘာသာရေး အဖွဲ့အစည်းပေါ်တွင် လိုက်၍ ထိခိုက်နစ်နာမှု ဖြစ်စေပါသည်။ ပုဒ်မ ၁၇ (၁) က ဥပဒေစာအုပ်များထဲတွင် ရှိနေသည်နှင့် အမျှ မြန်မာ့တပ်မတော်က တိုင်းရင်းသားပြည်နယ်များတွင် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်သည့် လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်ခွင့် ရှိနေပါလိမ့်မည်။ အရေးယူခံရခြင်းလည်း မရှိနိုင်တော့ပါ။

(စတယ်လာနော်သည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် တိုင်းရင်းသား အခွင့်အရေးအတွက် ဆောင်ရွက်နေသူတဦး ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Stella Naw ၏ They Call It a Crime: Being Born Non-Bamar in a Conflict Zone ကို ဘာသာပြန်ဆိုထားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading