၂၀၁၇ မတ်လ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတလက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်သည့် ဥပဒေတခုပေါ် ထွက်လာခဲ့ပါသည်။ ထိုဥပဒေသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ဖြစ်သည်။
ယခုဥပဒေပေါ်ပေါက်လာရခြင်းသည် မြန်မာနိုင်ငံတွင်း နှစ်အဆက်ဆက် ပြည်သူများ ချိုးဖောက်ခံနေရသော ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုများကို ကာကွယ်ပေးရန်နှင့် ထိုကဲ့သို့သောလူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံ မဖြစ်ပေါ်စေရေး ကာကွယ်ပေးရန် ရည်ရွယ်သည်ဟု ခံစားမိပါသည်။
ယခင် စစ်အာဏာရှင် လက်အောက်များတွင် ထိုကဲ့သို့သောအခွင့်အရေးများကို ချိုးဖောက်နေသည်မှာ မည်သည့် အဖွဲ့ အစည်း ဖြစ်ခဲ့သနည်းဆိုသည်ကို ယခုဥပဒေရေးဆွဲသူများ၊ စာဖတ်နေသူများသိပြီး ဖြစ်မည် ဖြစ်ပါသည်။
ဥပဒေဆိုသည်မှာ ထုတ်ပြန်လိုက်ရုံဖြင့် မပြီးပြည့်စုံသေးပါ။ ဥပဒေကို အကောင်အထည်ဖော်မည့်အဖွဲ့အစည်းများ စည်းကမ်း၊ တရားရေးအသိ၊ လူ့အခွင့်အရေးအစရှိသည့် ဗဟုသုတ များ ဖြင့် အင်အားကောင်းမွန်ရန် လိုအပ်ပါသေးသည်။
ယခုအစိုးရသစ်လက်ထက်မှာ အသစ်ရေးဆွဲလာသည့် ဥပဒေကို အကောင်အထည်ဖော်မည့်အဖွဲ့အစည်းမှာ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ် နေသည်ဆိုသည်ကတော့ စိုးရိမ်ပူပန်မှုများရှိနေရသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် အမှန်တကယ် အစိုးရလက် အောက် ခံဖြစ်နေမဖြစ်နေဆိုသည်မှာ မေးခွန်းဖြစ်နေပေသည်။
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်ရန် နာမည်စာရင်းတင်သွင်းသူမှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေပြီး ပြည်ထဲရေးဝန်ကြီးသည်လည်း တပ်မတော်အရာရှိဟောင်း ဖြစ်နေခြင်းက ပြည်သူများကို သံသယ ဖြစ်စေသည် က အမှန်ပင်။ မည်သို့ပင်ဖြစ်စေကာမူ ပြည်ထဲရေးဝန်ကြီးဌာနသည် တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပေးရန် ဖွဲ့ထားခြင်း လည်း ဖြစ်ပေသည်။
တချိန်က ယခုလို ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေမျိုးမရှိသေးသဖြင့်သာ နောက်ယောင်ခံလိုက်ခြင်း၊ ဖုန်းဖြတ်ခိုးနားထောင်ခြင်းအစရှိသည်များ ဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်တော့ ယခင်စနစ်ဟောင်း တုန်းကလို ဖြစ်မည် မထင်တော့ပါ။
သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အား က ၈၀၀၀၀ ခန့်သာရှိပြီးထောက် လှမ်းရေးယန္တရားမှာ မည်မျှအားကောင်းသည် ဆိုသည်ကို ခန့်မှန်းရခက်ခဲပေသည်။ ရခိုင်ဘက်တွင်လည်း ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များထံမှ လက်နက်များကို အကြမ်းဖက်သမားများက လုယူသွားခဲ့သည် ဆိုသည့်သတင်းများကိုလည်း ဖတ်ရှုရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော လူအများစိတ်ဝင်စားသည့် ရာဇဝတ်မှုအကြီးများနှင့် မူးယစ်ဆေးဝါးမှုများတွင် တရား ခံအစစ်အမှန်များမပေါ်ပေါက်သေးသည်များလည်းရှိနေသည်နှင့် ကြိုတင်သတင်းရရှိနိုင်မှု အားနည်းနေခြင်းများက အင်အားနှင့် စွမ်းရည်အပေါ် မေးခွန်းထုတ်စရာများဖြစ်နေသည်။
ပြည်သူ့ရဲတပ်ဖွဲ့ကို အင်အား၊ စွမ်းရည်နှင့် လက်နက်ကောင်းများ အမြန်ဆုံးဖြည့်ဆည်းသင့်ပါသည်။ ထို့အပြင် ယခုဥပဒေသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာပိုင် နယ်နိမိတ် အကုန်လုံးကို လွှမ်းခြုံသက်ဝင်မည် မသက် ဝင်မည်ဆိုသည်ကလည်း မသေချာပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် ဆက်ရှိနေပြီး တရား ဥပ ဒေစိုးမိုးရေးကို အကောင်အထည် မဖော်ဆောင်နိုင်သေးသည့် နေရာအများအပြားလည်း ရှိနေသောကြောင့် ဖြစ်ပေသည်။
ဤဥပဒေတွင်လည်း အားနည်းချက်များရှိနေသေးသည်ကို တွေ့ရှိရပါသည်။ ပင်မဥပဒေက အားနည်းလျှင် နည်းဥပဒေတွင်လည်း အားနည်းသွားတတ်ပါသည်။ ယင်းနည်းဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ရေးဆွဲရမည်ဖြစ်သည်။ ယခုဥပဒေ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ရေးဆွဲရ ပေမည်။
ပင်မဥပဒေ၏ အားနည်းချက်ကိုပြောရမည်ဆိုလျင် အခန်း (၃) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏ တာဝန်များ အပိုဒ် (ခ)မှာ “ ပုဂ္ဂိုလ်တဦးဦး၏ နေအိမ်နှင့် နေ အိမ်အဖြစ် အသုံးပြုသောအခန်း၊အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆေက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်လိုလျှင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာ အိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့် အတူဆောင်ရွက်ရမည်”ဟု ဖော်ပြ ထားပါသည်။
အထက်ဖော်ပြပါ အခန်း (၃) အပိုဒ် ခ အရ ပြည်ထဲရေးဝန်ကြီးဌာနသည် ပုဂ္ဂိုလ်တဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ် အ သုံးပြုသောအခန်း၊ အဆောက်အအုံသို့မဟုတ် ပရဝဏ်နှင့် ပရဝုဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲ ဥပဒေတရပ်ရပ်အရ ဆိုပြီး အကြောင်းပြကာ လွယ်လင့်တကူ ဝင်ရောက်နိုင်သော အခြေအနေ ဖြစ်သွားပါသည်။
တည်ဆဲဥပဒေဆိုသည်မှာလည်း မည်သည်များကို ဆိုလိုသည်ကို ပြည်သူများက သိမနေပါ။ တကယ်တမ်းဆိုရလျှင် သက် ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ် အိမ်မှူးဖြစ်စေ တဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့် ဆောင်ရွက်ရမည်ဟုဆိုထားရာ ထိုသို့သောသူများ၏ လုပ် ပိုင်ခွင့်များကိုလည်း ပြန်လည်စဉ်းစားစရာရှိသည့်အပြင် သူတို့တဦးချင်း၏ ဥပဒေအပေါ်နားလည်မှု၊ အုပ်ချုပ်ရေး ယန္တရား အား နားလည်မှု၊ လုံခြုံရေးဆိုင်ရာကိစ္စများကို နားလည်နိုင်မှုများအပေါ် မေးခွန်းထုတ်ရမည် ဖြစ်ပေသည်။
ထိုထိုအဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများကို စနစ်တကျ တက်ရောက် သင်ကြားခဲ့သူများလည်း ဖြစ်မနေကြပါ။ ထို့ပြင် အဆင့်ဆင့်သောအုပ်ချုပ်ရေးမှူးများသည်လည်း ပြည်ထဲရေးဝန်ကြီးဌာနလက် အောက်ခံများ ဖြစ်နေသည်ကို သတိထားကြဖို့ လိုအပ်ပါသည်။
ထို့ကြောင့် ထိုသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရဲစခန်းက ဆင့်ခေါ်သည်များကို ငြင်းဆန်ခွင့်၊ မေးခွန်းထုတ် ခွင့် ရှိသူများ မဟုတ်သည့်အပြင် ဘုမသိဘမသိ ဖြင့် သက်သေလုပ်ရမည့် သူများဖြစ်နေပြီးအကယ်၍ အမှားဖြစ်ခဲ့လျှင် တောင် သူတို့ ဘာမှ မသိလိုက်ဘဲ ပူးတွဲတရားခံ ပြန်ဖြစ်နိုင်ဖွယ် ဖြစ်နေသည်။
ဤအပိုဒ်သည် ဥပဒေ၏ မူရင်းရည်ရွယ်ချက် ဖြစ်သော ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုနှင့် ကာကွယ်မှုကို ပြန်လည်ပြီး အကျည်းတန် စေသောဥပဒေ ဖြစ်သွားမှာ စိုးရိမ်ရပါသည်။ ပြည်သူများအတွက် ပေးကားပေး၏ မရ ဖြစ်မှာကို စိုးရိမ်မိပါသည်။
အနည်းဆုံးဤကဲ့သို့ ရှာဖွေခွင့်ကို မြို့နယ်တရားသူကြီးအဆင့်မှ ဝရမ်းထုတ်ပေးမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူ များကို ရှာဖွေခွင့်ပြုခြင်းဖြစ်သင့်သည်။ တရားရေးမှ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် အပြန်အလှန် ထိန်းကျောင်းမှုကို ပိုမို ဖြစ် စေမည်။ သို့တည်းမဟုတ်ဘဲ ဝန်ကြီးဌာနတခုထဲကိုသာ အာဏာကုန်ပေးထားခြင်းသည် ပွင့်လင်းမြင်သာမှုကို ထိခိုက်စေ နိုင်ပါသည်။
အနည်းဆုံးသက်ဆိုင်ရာ မြို့နယ်တရားသူကြီးမှ ရှာဖွေဝရမ်းပါရမည်။ ထို့နောက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ၊ ရပ်မိရပ်ဖ ဖြစ်စေ တဦးဦးအပါအဝင် အနည်းဆုံးသက်သေ ၃ ဦးနှင့်အတူ ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဌာန်းနိုင်လျှင် ဥပဒေ၏အကျိုးသက် ရောက်မှု ပိုမိုအားကောင်းမည်ဟု အကြံပြုလိုပါသည်။
ထို့အပြင် အခန်း ၄ ဖြစ်သည့် တားမြစ်ချက် အခန်းတွင်လည်း “မည်သူမျှ”ဆိုသည့် စကားလုံးနှင့်သာ ဖော်ပြခြင်းအစား “သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများအပါအဝင် မည်သူမျှ” ဆိုပြီး အထူးပြုဖော်ပြမည် ဆိုလျှင် အပေါ်ပိုဒ်ပါ အခန်း ၃ တာဝန်များအပိုင်းကို အားပြုပေးရာရောက်စေပါမည်။ မည်သူမျှ သို့မဟုတ် မည်သူမဆိုဆိုလျှင် အကုန်လုံးနှင့် သက်ဆိုင် သည်ဟု ခုခံပြောဆိုနိုင်သော်လည်း ဥပဒေရေးရာ အသိအားနည်းသောလူ့အဖွဲ့အစည်းအတွက်တော့ ပိုမို၍ တိကျလေ ကောင်းလေအကျိုးရှိလေ ဖြစ်ပါမည်။
မြန်မာပြည်တွင်းတွင် မှီတင်းနေထိုင်သူများမှာ နိုင်ငံသားသီးသန့်သာ နေထိုင်နေခြင်းမဟုတ်ပါ။ ဥပဒေကို ရေးဆွဲရာမှာ နိုင်ငံသားသီးသန့်အတွက်သာ စဉ်းစားခြင်းက ဥပဒေ၏ပြီးပြည်စုံမှုကို အားနည်းသွားစေပြီး ခွဲခြားဆက်ဆံခြင်း သဘော ကိုဆောင်သွားစေပါသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်ထဲမှာ နေထိုင်ကြသည်က မြန်မာနိုင်ငံသား က အများစုပါ။ သို့သော် နိုင်ငံသား မဟုတ်သေးသော်လည်း အမြဲတမ်းနေထိုင်ခွင့် ရထားသူများ၊ ဧည့်နိုင်ငံသားအဆင့်အတန်းရထားသူများ၊ ဥပဒေအရ တရား ဝင် လာရောက်အလုပ်လုပ်ကိုင်နေသူများအစရှိသဖြင့် အများကြီးကျန်ပါသေးသည်။
ထိုသို့ ပြောလိုက်သည်နှင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နေထိုင်သူများအတွက်ပါ အကျူံးဝင်မှာလား ဆိုပြီး စိုးရိမ် တတ်ကြပါသေးသည်။ မည်သည့်နိုင်ငံတွင်မဆို တရားမဝင်နေထိုင်သူများကိုတွေ့ရှိလျှင် ဖမ်းဆီးတရားဆွဲပြီး မူရင်းနိုင်ငံ ပြန်ပို့ရသည်။ သို့အတွက် ဥပဒေ၏ထိပ်ဆုံးတွင် ရှိနေသာ “နိုင်ငံသား၏” ဆိုသောစကားစုကို ဖြုတ်ပစ်သင့်ပါသည်။
ထိုသို့ဖြုတ်ပစ်မှသာ အချုပ်အခြာအာဏာတွင်း ဥပဒေအရ နေထိုင်သူအားလုံးကို ကာကွယ်ပေးရာရောက်ပါမည်။ သို့ မဟုတ်ပါက နိုင်ငံသားမဖြစ်လျှင် ဒီဥပဒေအရ အကာအကွယ်မပေးနိုင်ပါလို့ ကန့်သတ်ထားရာရောက်နေပါသည်။
နောက်ထပ် ခေတ်အဆက်ဆက် အားနည်းခဲ့သည်မှာ ပြည်သူများကို ဥပဒေပိုင်းဆိုင်ရာအသိပေးမှု အားနည်းခဲ့ခြင်းပင် ဖြစ်သည်။ ယခု ပုဂ္ဂိုလ်ဆိုင်ရာလွတ်လွပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုဆိုင်ရာ ကာကွယ်ပေးရေးဥပဒေကို ပြည်သူများသိထား အောင် ပြုလုပ်ရပေမည်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ဧည့်စာရင်းဆိုတာလည်း မရှိ၊ အိမ်တအိမ်ကို ရဲက ဝင်ရှာမည်ဆိုလျှင် ရှာဖွေခွင့်ဝရမ်း ပြရပါ သည်။ ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပါသည်။ အဲဒီလိုမှ မဟုတ်ရင်တော့ အဲဒီရဲ တရားစွဲခံရပါသည်။ ဒါက ပြည်သူတွေ ဥပဒေကို သိထားလို့ပါ။ ပြည်သူတွေက ဥပဒေကို သိလေတရားဥပဒေစိုးမိုးရေးအတွက် ပို အထောက်အကူပြုလေ ဖြစ်ပါမည်။
တရားဥပဒေစိုးမိုးရေးတည်ဆောက်မည်ဆိုလျှင် ဒါကလည်း အရေးကြီး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ရပါမည်။ အရပ်ဘက် လူထုအခြေပြု လူထုအဖွဲ့အစည်းတွေနှင့်လည်း ဒီလိုလုပ်ငန်းတွေမှာအတူလုပ်ဆောင်နိုင်ပါသေးတယ်။ အရပ် ဘက်အဖွဲ့အစည်းများကလည်း ဒီဥပဒေအတည်မပြုခင်ကတည်းက တကယ်ကို ကောင်းမွန်သည့် ဥပဒေ ဖြစ်စေရန် အကြံ ပေးခဲ့သည်များရှိခဲ့သော်လည်းသူတို့အကြံပြုခဲ့သည်များကိုလွှတ်တော်ကိုယ်စားလှယ်များဘက် မှ ထည့်သွင်းစဉ်းစားမှုများ အားနည်းခဲ့သည် ဟုပြောဆိုနေပါသည်။
သမ္မတလက်မှတ်ရေးထိုးပြီးအတည်ပြုထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန် အတော်ခက်ခဲနေပြီ ဖြစ်သော်လည်း ပြည် သူကိုတကယ်အကာအကွယ်ပေးနိုင်သည့် ဥပဒေ ဖြစ်စေရန် ယခုဥပဒေကို လွှတ်တော်တွင် ထပ်မံဆန်းစစ် ဆွေးနွေးသင့် ပါသည်။
နည်းဥပဒေများကိုလည်း အတည်မပြုခင် အများသိစေရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်သင့် ကြောင်းလည်း နှိုးဆော်အကြံပြုရေးသားလိုက်ရပါသည်။
(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – မြန်မာနိုင်ငံ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သည်)