မတ်လ ၁၈ ရက်ညက ကျင်းပခဲ့တဲ့ ၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်တဲ့အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာနဲ့ ဖွင့်ဖောက် ဖတ်ကြားကာ ထူးထူးခြားခြား ရွှေတိဂုံခြေရင်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဆုပေးပွဲမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၀ ဆု ချီးမြှင့်ခဲ့ပြီး “အုတ်ကြားမြက်ပေါက်”ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုစတဲ့ဆု ၃ ဆု ရရှိခဲ့ပါတယ်။
ထူးချွန်ဆု ၃ ဆုတောင်ရခဲ့တဲ့ “အုတ်ကြားမြက်ပေါက်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး ဇင်ဝိုင်း၊ စိုးမြတ်သူဇာ၊ နေတိုး၊ သက်မွန်မြင့်၊ ထွန်းထွန်း၊ စန္ဒီမြင့်လွင်၊ နေမင်းနဲ့ မြတ် ကေသီအောင်တို့က သရုပ်ဆောင်ထားတယ်။
ရုပ်ရှင်နာမည်အရ လူမှုစီးပွားရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ တရားမျှတရေးကိစ္စတွေနဲ့ ပတ်သက်မယ်လို့ ယူဆတဲ့အတွက် ကြည့်ဖြစ်တယ်ဆိုရင် မမှားပါဘူး။ ရုပ်ရှင်အနုပညာအနေနဲ့ရော ပြည်သူ့အချစ်တော်သရုပ်ဆောင်များအနေနဲ့ပါ ခုလို မြန်မာပြည်အပြောင်းအလဲကာလမှာ ပြည်သူတွေကို ဘယ်လို Message မျိုးတွေပေးနေသလဲဆိုတာ သိချင်တာလည်း ပါပါတယ်။
အရင်စစ်အစိုးရလက်အောက်မှာတုန်းက လူမှုတရားမျှတရေး (social justice) ကိစ္စနဲ့ပတ်သက်ပြီး မြန်မာရုပ်ရှင်တွေဆီက မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပါဘူး။ ကန့်သတ်ချက်မျိုးစုံ၊ အခက်အခဲမျိုးစုံကို အံတုပြီး ရသလောက် လုပ်နေကြရတယ်ဆိုတာ နားလည်လို့ပါ။
ခုလို ပွင့်လင်းလာတဲ့ကာလမှာလည်း အပြောင်းအလဲကြီးတွေ ချက်ချင်းမဖြစ်နိုင်ဘူးဆိုပေမယ့် အပြောင်းအလဲတချို့တော့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေးမှိုင်းနဲ့ နိုင်ငံကို အပိုင်ကြံနေကြတဲ့ကာလမှာ ပြည်သူတွေ အားလုံးရဲ့ ရင်ထဲကို ချစ်ခြင်းတရား၊ သည်းခံခြင်းတရား၊ မေတ္တာတရားရေအေးတွေ ဘယ်လောက်ထည့်ပေးနိုင်မလဲ။ စစ်မီး၊ အမုန်း မီးအပါအဝင် အပူပေါင်းစုံလောင်နေကြတဲ့ ပြည်သူတွေကြားက အာဃာတတွေကို မေတ္တာရေအေးနဲ့ဘယ်လို ကူငြိမ်းပေးနိုင်မလဲဆိုတာမျိုးပါ။ ဒါပေမယ့် ရုပ်ရှင်ပြီးသွားတော့ မေးခွန်းတခုသာ ထွက်လာတယ်။
“တကယ်လို့သာ အုတ်ကြားမြက်ပေါက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးများဖြစ်ခဲ့မယ်ဆိုရင် ဒီဇာတ်ကား ဘယ်ကမ်းဆိုက်မလဲ” ဆိုတာပါပဲ။
ဇာတ်လမ်းကို အတိုချုပ်ပြောရမယ်ဆိုရင် အုတ်ကြားမြက်ပေါက်ဆိုတာ ရွှေအုတ် (နေတိုး)၊ မြက် (နေမင်း)၊ သကြား (ထွန်း ထွန်း)၊ ပေါက်ပေါက် (သက်မွန်မြင့်) ဆိုတဲ့ လူငယ်လေးယောက် ပေါင်းစုမှုပါ။ လေးယောက်စလုံးဟာ မိသားစုပြဿနာ ကိုယ် စီကြောင့် ကလေးဘဝကတည်းက စိတ်ဒဏ်ရာတွေရခဲ့ကြတယ်။ မိဘအိမ်ထောင်ရေးမသာယာမှု လောင်းကစားမှု၊ ငွေကြေး ခက်ခဲမှု၊ မိဘတွေ ဆုံးသူဆုံး၊ စွန့်ပစ်ခံရသူ ခံရနဲ့ လမ်းပေါ်ရောက်ပြီး ဘဝတွေကြမ်းခဲ့ကြရတယ်။
ပေါက်ပေါက်မိခင်ဆိုရင် အပျိုဘဝမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့တောလမ်းကနေ ခိုးလာရာကနေ ပွဲစားတွေ ရောင်းစားတာ ခံရတယ်။ ထိုင်းနယ်ခြားစောင့်ရဲတွေ မတရားပြုကျင့်တာခံရတယ်။ ထိုင်းရောက်တော့ အိမ်ဖော်အလုပ်လုပ်ရတယ်။ ကိုယ်ဝန် ရှိမှန်းသိတော့ အလုပ်ရှင်က အဓမ္မ ဖျက်ချခိုင်းတယ်။ ဒါပေမယ့် ရအောင် ထွက်ပြေးပြီး သမီးလေး ပေါက်ပေါက်ကို မွေးခဲ့ တယ်။
ယောကျၤားလေး၃ယောက်က အချုပ်ထဲမှာ ဆုံမိကြပြီး ပေါက်ပေါက်နဲ့တော့ Paradise ဆိုတဲ့ အထူးခန်းပါ စားသောက်ဆိုင် မှာ ဆုံတွေ့ကြတယ်။ ကံမကောင်းတဲ့ ဘဝကိုယ်စီနဲ့လေးယောက်ပေါင်း အုတ်ကြားမြက်ပေါက်ဆိုပြီး သူတို့ကိုယ် သူတို့ ခေါ် ကြတယ်။
Paradise လည်းရောက်ရော ရုပ်ရှင်ဇာတ်လမ်းက ချက်ချင်းလမ်းကြောင်းပြောင်းသွားတယ်။ အိမ်တွင်းမသာယာလို့ လူ ငယ် တွေလမ်းပေါ် ရောက်ရတယ်ဆိုတာကနေ လူမျိုးခြားတွေနဲ့ အသားထဲလောက်ထွက်လို့ ခေါ်တဲ့မြန်မာတွေကြောင့် မြန်မာအ မျိုးသမီးတွေ ဒုက္ခရောက်ရတယ်ဆိုတဲ့ လူမျိုးရေးဇာတ်လမ်း စပါတော့တယ်။
လူငယ်လေးယောက် ရင်းနှီးပြီးနောက် Paradise ကို ဝင်ထွက်သွားလာရာကနေ Paradise ဟာ နိုင်ငံခြားသားတွေ အသုံးတော်ခံဖို့ မြန်မာအမျိုးသမီးတွေကို အမြတ်ထုတ်နေတယ်။ တဖက်နိုင်ငံကို လူမှောင်ခိုပို့နေတယ်ဆိုတာ သိလာရတယ်။ လူ မှောင်ခိုကိစ္စကို ပေါက်ပေါက်က နောက်ယောင်ခံနေတယ်ဆိုတာ မှောင်ခိုဂိုဏ်းက သိသွားတော့ သူ့ကို ဖမ်းသွားတယ်။ သူ့ကို ကယ်ဖို့ လိုက်ရာကနေ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်ဟာ ဘန်ကောက်မှာနေတဲ့ စင်သီယာလို့ခေါ်တဲ့ မြန်မာအမျိုးသမီး (မြတ်ကေသီအောင်) ဖြစ်ပြီး ရွေအုတ်ဖခင် သူဌေး ဦးစိန်အုတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်နေတယ်။ နှစ်ဖက်သတ်ကြ ပုတ်ကြရင်းနဲ့ နောက်ဆုံးရဲတပ်ဖွဲ့ရောက်လာတယ်။
ဒီဇာတ်လမ်းမှာ မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသား အသုံးတော်ခံဖြစ်ရတဲ့ပြဿနာနဲ့ လူကုန်ကူးမှုကိစ္စကို မီးမှောင်းထိုးပြရာမှာ အလွဲကြီးလွဲနေပါတယ်။ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ ဂုတ်သွေးစုတ်အမြတ်ထုတ်နေတဲ့ “စနစ်ဆိုး” နဲ့ အဲဒီ စနစ်ဆိုးရဲ့ ပဲ့ကိုင်ရှင်တွေပါ။
အဲဒီ ပဲ့ကိုင်ရှင်တွေက နိုင်ငံစည်းခြားပေမယ့်အကျိုးတူ တစုတည်းလိုဖြစ်နေတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး လူကုံထန် မဟာမိတ် (Transnational political-economic elite coalition) ပဲဖြစ်ပါတယ်။ စနစ်နဲ့ အဲဒီစနစ်ကို ခွစားနေတဲ့ အကျိုးတူ စီးပွားရေးမဟာမိတ်ကို နားလည်အောင်ပြရမယ့်အစား “လူမျိုးခြား” တွေကို အပြစ်တင်တော့တယ်။
အဓိက အပစ်တင်ခံရတာက တရုတ်၊ ထိုင်းနဲ့မြန်မာတွေပါပဲ။ တရုတ်ကိုတော့ အမျိုးသမီး ရောင်းစားတဲ့ကိစ္စ၊ လက်ထပ်တဲ့ ကိစ္စနဲ့ချိတ်ပါတယ်။ ထိုင်းကိုတော့ Paradise မှာ ပျော်ပါးတဲ့ ကိစ္စ၊ မိန်းကလေးတွေကို ကိုယ်ထိလက်ရောက် နှောက်ယှက်တဲ့ကိစ္စ၊ လူကုန်ကူးတဲ့ကိစ္စ၊ နယ်ခြားစောင့်ရဲက အဓမ္မ ပြုကျင့်တဲ့ကိစ္စ၊ အလုပ်ရှင်တွေ ဒုက္ခပေးတဲ့ကိစ္စနဲ့ပြတယ်။ မြန်မာ တွေကိုတော့ နိုင်ငံခြားသား အကြိုက်လုပ်တဲ့ အသားထဲက လောက်ထွက်လို့ ဆိုပါတယ်။
လူမှောင်ခို ဂိုဏ်းခေါင်းဆောင်ကို နိုင်ငံပြင်ပမှာနေပြီး ကိုယ့်နိုင်ငံအမျိုးသားရေးကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ သဘော ပြောတာဟာ အစိုးရအဆက်ဆက် ပြည်ပနိုင်ငံရေးအင်အားစုများကို အချုပ်အခြာအာဏာ ထိပါးအောင် လုပ်နေတဲ့ ပြည်ပ အားကိုး ပုဆိန်ရိုးဆိုပြီး စွပ်စွဲတာနဲ့ သဘောတရား အခြေခံခြင်း တူနေတယ်။ အမျိုးသမီးတွေကို နိုင်ငံခြားသားများ ရန်ကနေ ကာကွယ်ရမယ်ဆိုတဲ့ အခြေခံကလည်း ခေတ်အဆက်ဆက်သုံးခဲ့တဲ့ ဓာတ်ပြားဟောင်း လူမျိုးရေး ဘာသာရေးမှိုင်းပါပဲ။
တကယ်တန်း ပြည်သူတွေကို အကောင်းဘက်က ပညာပေးမယ်ဆိုရင် ပြသင့်တဲ့ပုံစံက တရုတ်ရယ် ထိုင်းရယ်ဆိုတဲ့ “လူမျိုး ” က ပြသနာရဲ့ အရင်းခံမဟုတ်ပါဘူး။ အမျိုးသမီးငယ်တွေကို အကာအကွယ်မဲ့စေတဲ့ “စနစ်”၊ ကိုယ်ကျိုးစီးပွားအတွက် အဲဒီ စနစ်ကို ထိန်းကျောင်းနေတဲ့ လူကုံထန် လူတန်းစားအသိုင်းအဝိုင်းကသာ အဓိက ပြဿနာဖြစ်တယ်ဆိုတာကို ပြရမှာပါ။
သတိပြုစေချင်တာက အကာအကွယ်မဲ့”စေတဲ့” စနစ်ပါ၊ အကာအကွယ် မပေးနိုင်တဲ့ စနစ် တောင် မဟုတ်ပါဘူး။ အကာအကွယ် မပေးနိုင်တဲ့စနစ်ဆိုရင် အကာအကွယ်က အလိုလိုနေရင်း မဲ့နေတယ်၊ အဲဒါကို မကာကွယ်နိုင်တာလို့ သဘော သက်ရောက်ပါတယ်။ အခုက အကာအကွယ်မရှိအောင် ဖြစ်စေတဲ့စနစ်က အဓိကတရားခံပါ။
ဆင်းရဲမွဲတေမှုက အမျိုးသမီးများစွာကို လမ်းမှောင်ထဲတွန်းပို့နေဆိုရင် မေးရမှာက လူတွေ ဆင်းရဲအောင် ဘယ်စနစ်က ဘယ်လိုလုပ်ထားတာလဲ။ နိုင်ငံခြားသားတွေကြောင့်ရယ်မှ ပြည့်တန်ဆာတွေ ဖြစ်ကြရတာ မဟုတ်ပါဘူး။ မြန်မာပြည်အနှံ့ နိုင်ငံခြားသားမရောက်တဲ့နေရာမှာလည်း အမျိုးသမီးတွေ၊ ကလေးတွေ အကာအကွယ်မဲ့ကြရတာပဲ မဟုတ်လား။ ရှုပ်ထွေးပွေလီလှတဲ့ အုပ်ချုပ်ရေး၊ စီးပွာရေး၊ လူမှုရေးစနစ်တွေကြောင့် အခြေခိုင်ခွင့် မရကြလို့ မုဆိုးတပိုင်း သားကောင်တပိုင်း ဖြစ်ကြသူတွေမဟုတ်လား။
ဒီနိုင်ငံမှာလာပြီး အမြတ်ထုတ်တဲ့ တိုင်းတပါးသားဟာ သူ့နိုင်ငံမှာ သူ့နိုင်ငံသားကို အမြတ်မထုတ်ဘဲ နေမှာ မဟုတ်ပါဘူး။ အမြတ်ထုတ်တဲ့လူက ဘယ်နေရာရောက်ရောက် အမြတ်ထုတ်လို့ရတဲ့ နေရာတိုင်းမှာ ထုတ်ပါလိမ့်မယ်။ ဒီလိုပါပဲ၊ မတရား အမြတ်ထုတ်တာကို လက်မခံတဲ့လူက သူ့နိုင်ငံမှာ အမြတ်ထုတ်တာ လက်မခံသလို သူများနိုင်ငံမှာသွားပြီး အမြတ်ထုတ်တာ၊ ကိုယ့်နိုင်ငံထဲရောက်နေတဲ့ နိုင်ငံခြားသားကို အမြတ်ထုတ်မှာကိုလည်း လက်ပိုက်ကြည့်မနေပါဘူး။
ဥပမာ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားတွေကို ကာကွယ်ဖို့ မြန်မာအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ပေးနေ တာ ထိုင်းအဖွဲ့အစည်း၊ ထိုင်းလူ့ခွင့်အရေး လှုပ်ရှားသူများပါပဲ။
ဒါကြောင့် ဒီလူမျိုးခြားက ငါတို့လူမျိုးအသိုက်ကို လာဖျက်ဆီးတယ်ဆိုတဲ့ လူမျိုးအခြေခံနဲ့ ချည်းကပ်တာဟာ ပြဿနာ အရင်းခံဖြစ်တဲ့ ”စနစ်ဆိုး” နဲ့ သူ့ရဲ့ပဲ့ကိုင် ရှင်တွေကို ပြည်ဖုံး ကားချပေးလိုက်ပြီးတော့ နိုင်ငံခြားလူမျိုးခြားကြောက် ရောဂါ (xenophobia) ကို သင်ပေးလိုက်တာပါပဲ။
တကယ်တော့ အဲဒီ “စနစ်“နဲ့ သူ့ရဲ့ပဲ့ကိုင်ရှင်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်တိုင်းပြည်ထဲမှာရှိတဲ့ လူမျိုးမတူ၊ ဘာသာ မတူ၊ အလွှာမတူ၊ အခြေအနေမတူ လူများအကြားရော၊ တရားမျှတမှုကို လိုလားတဲ့ နိုင်ငံတကာက အလွှာပေါင်းစုံ ပြည်သူတွေနဲ့ပါ လက်တွဲပြီး အင်အား တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အမြင်သစ်၊ မေတ္တာတရားနဲ့မှသာလျှင် လူအများကြား လက်တွဲ တည်ဆောက်နိုင်လိမ့်မယ်ဆိုတဲ့ အတွေးသစ်၊ စနစ်ဆိုးရဲ့ပဲ့ကိုင်ရှင်တွေကိုတောင် အမုန်းတရား၊ အာဃာတတရားနဲ့မ ဟုတ်ဘဲ အေးချမ်းတဲ့နည်းနဲ့ ချည်းကပ် ဖြေရှင်းမယ်ဆိုတဲ့ မေတ္တာတော်လှန်ရေး အားအင်ပေးသင့်တာပါ။
အုတ်ကြားမြက်ပေါက်ရုပ်ရှင်မှာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းရှိပေမယ့် လူမျိုးရေးကို ရှေ့တန်းတင်တော့ ပြဿနာရဲ့အဓိက အရင်းအမြစ်ဖြစ်တဲ့စနစ်နဲ့ ပဲ့ကိုင်ရှင်ကို အံတုမယ့်အစား ကိုယ်နဲ့မဟာမိတ်ဖွဲ့ရမယ့် လူတွေကို အမုန်းမျက်လုံးကြည့်ပြီး ရန်နဲ့ တုံ့ပြန်ဖို့ သင်ပေးသလိုဖြစ်နေတယ်။ ဥပမာပြရမယ်ဆိုရင် လူမျိုးရေး နိုင်ငံရေးနဲ့ပတ်သက်ပြီး ရွေအုတ် (နေတိုး)ပြောတဲ့ စကားပါပဲ။
သူက ငှက်ဆိုတာ ငယ်ချင်ငယ်ပေမယ့် ကိုယ့်အသိုက်ကို ထိပါးလာမယ်ဆိုရင်တော့ လာထိတဲ့ငှက်ကို တောင်ပံ ရိုက်ချိုးပြီး ပင်လယ်ထဲ မျောပစ်လိုက်မယ်လို့ ဒေါသတကြီး ကြိမ်းဝါးတယ်။
ရွှေအုတ်ရဲ့ပေါက်ကွဲသံက ကျနော့်အတွက်တော့ မေးခွန်းဖြစ်စေပါတယ်။ တလောတုန်းက ကရင်ပြည်နယ်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝိုင်းထဲမှာ စေတီသွားတည်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး ပေါ်လာတဲ့မေးခွန်းပါ။ တကယ်လို့ ရွေအုတ် နေရာမှာ အဲဒီစေတီပြဿနာကို တာဝန်ခံဖြေရှင်းခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးသာဖြစ်မယ်ဆိုရင် သူ ဘယ်လိုတုံ့ပြန်လေမလဲ။
ဘုန်းတော်ကြီးက ကိုယ့်အသိုက်ထဲကို အဓမ္မ ကျူးကျော်လာတဲ့ငှက်ရဲ့အတောင်ကို ရိုက်မချိုးခဲ့ပါဘူး။ ပင်လယ်ထဲလည်း မမျောခဲ့ပါဘူး။ သည်းခံခြင်းနဲ့မေတ္တာတရားရှေ့ထားပြီး ဘုရားကျောင်းပိုင်မြေကိုတောင်စေတီအတွက် လှူဒါန်းပေးလိုက်ပါသေးတယ်။ ကိုယ့်အသိုက်ကိုထိပါး ကျူးကျော်လာတဲ့ ငှက်ကို အသိုက်ကူဆောက်ပေးခဲ့ခြင်းပါ။
ဘုရားကျောင်းပိုင်မြေ နည်းနည်းလျော့သွားပေမယ့် ဘုန်းတော်ကြီးနဲ့ ခရစ်ယာန်အသိုင်းအဝိုင်းဟာ မိတ်ဆွေသစ်၊ မဟာမိတ်သစ်များစွာ ရရှိသွားပါတယ်။ အဲ့ဒီမိတ်ဆွေသစ်ပေါင်းများစွာကို သူတို့ ဒီတသက်မြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်။ ဒါပေမယ့် မေတ္တာတရားနဲ့သည်းခံခြင်းကို နှုတ်က ချည်းရွတ်တာမဟုတ်ဘဲ လက်တွေ့အနစ်နာခံကျင့်သုံးကြတဲ့ ခေါင်းဆောင်ကောင်း နဲ့ နောက်လိုက်စံနမူနာများအဖြစ် လက်ခံသွားတဲ့ မိတ်ဆွေများပါပဲ။
အနိုင်ယူဖို့ မရည်ရွယ်ရင်တောင် အေးချမ်းသောနည်းနဲ့ အနိုင်ရလိုက်ခြင်းပါပဲ။ မေတ္တာတရားရှားပါးနေတဲ့ ခေတ်မှာ မေတ္တာ တရားဆိုတာကို ပြသလိုက်တာလည်း ဖြစ်တယ်။
တကယ်လို့အုတ်ကြားမြက်ပေါက်ကလည်း စနစ်ဆိုးရဲ့ပဲ့ကိုင်ရှင်ကို လက်ညှိုးထိုးဖို့ ဒါမှမဟုတ် နယ်ခြားရပ်ခြားနဲ့ မိတ်ဆွေ မဟာမိတ်ဖွဲ့ဖို့ မရည်ရွယ်ရင်တောင် လူမျိုးရေး ဒေါသမျက်မှန်တပ်ပေးတာမဟုတ်ဘဲ မေတ္တာရေအေးဖြန်းခဲ့မယ်ဆိုရင်ဖြင့် ဘယ်နားက အုတ်ပဲဖြစ်ဖြစ်၊ ဘယ်ကြားမှာ ပေါက်တဲ့ မြက်ပဲဖြစ်ဖြစ် အပူပေါင်းစုံလောင်နေတဲ့ ပရိသတ်တွေအတွက်တော့ တဒင်္ဂ စိတ်အေးချမ်းရာဖြစ်ခဲ့မှာ အမှန်ပါပဲ။
(ဒေါက်တာစိုင်းလတ်သည် Human Geography Ph.D. ဘွဲ့ကို ကနေဒါနိုင်ငံ ဆိုင်မွန် ဖရေဇာ တက္ကသိုလ်မှ ရရှိသည်။ လတ်တလော York တက္ကသိုလ်၏ ယော့ခ် အာရှလေ့လာရေးစင်တာ၏ သုတေသီအနေဖြင့် ပဋိပက္ခ၊ လုံခြုံရေး၊ ဌာနေရပ် ရွှေ့ပြောင်းရေးကိစ္စရပ်များကို သုတေသနပြုနေသည်။)