မြန်မာ့ကျွန်းသစ် တင်သွင်းမှု ဒိန်းမတ်နိုင်ငံ ပိတ်ပင်ခြင်းနှင့် ပတ်သက်၍

Faith Doherty
မြန်မာ့ ကျွန်းသစ်ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးဖြစ်ပြီး လူနည်းစုသာ အသုံးပြုနိုင်တဲ့ အဖိုးတန်သစ်ပါ / Reuters

အယ်ဒီတာထံသို့

လူကြီးမင်းရှင့်

၂၀၁၇ မတ်လ ၁၆ ရက်ပါ ဧရာဝတီဆောင်းပါးအပေါ် တုံ့ပြန်စာရေးလိုက်ပါတယ်။

မြန်မာ့ကျွန်းသစ်တွေကို ဒိန်းမတ်ဈေးကွက်ထဲ တင်သွင်းခွင့် ပိတ်ပင်လိုက်တဲ့ ဒိန်းမိတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာသစ်လုပ်ငန်းအသိုင်းအဝိုင်းက စိတ်မသက်မသာဖြစ်ရတာကြောင့် Environmental Investigation Agency(EIA) အနေနဲ့ နားလည်ပါတယ်။ အခြားအီးယူနိုင်ငံတွေ လိုက်နာဖို့အတွက်လည်း ဤဆုံးဖြတ်ချက် ဟာ စံပြဆိုပေမယ့် ပိတ်ပင်မှုကြောင့် မြန်မာ့ကျွန်းသစ်တွေကို တားဆီးလိုက်တယ်လို့ မဆိုနိုင်ပါဘူး။

တကယ်တော့ ကျွန်းသစ်ထုတ်ယူခြင်းနဲ့ သက်ဆိုင်ပြီး သတင်းအချက်အလက်ရရှိဖို့ ခက်ခဲမှု၊ ဥပဒေ ချိုးဖောက်ပြီး တရားမဝင်သစ်ထုတ်တဲ့ အန္တရာယ်ရှိနိုင်ခြေ မြင့်မားမှုတွေကြောင့် တင်သွင်းတဲ့ ဥရောပကုမ္ပဏီတွေဘက်က ဥရောပသစ် တင်သွင်းမှု ဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီကိစ္စုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မတ်လ ၁၆ ရက်နေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ဝန်ခံထားပါတယ်။

ဒိန်းမတ်အာဏာပိုင်တွေဟာ မြန်မာအစိုးရဘက်ကို ဆက်သွယ်မေးမြန်းမှု မလုပ်ဘဲ ၎င်းတို့ကုမ္ပဏီအပေါ် ပိတ်ပင်တဲ့ ဆုံးဖြတ် ချက်ချလိုက်တာဟာ ဝမ်းနည်းစရာကောင်းကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များက ဆိုပါတယ်။ ဒီကိစ္စမှာ အာဏာပိုင်တွေဟာ ဒိန်းမတ်ကုမ္ပဏီတွေလိုက်နာရမယ့် ကြိုတင်စုံစမ်းလေ့လာမှုစနစ်ကို ဆန်းစစ်ခဲ့ပြီး၊ ကုန်သည်တွေဘက်က ဥရောပနှင့် ဒိန်းမတ်နိုင်ငံ ဥပဒေတွေကို လိုက်နာခြင်း ရှိ မရှိ စစ်ဆေးခဲ့ပါတယ်။

ဥရောပသစ် တင်သွင်းမှုဥပဒေ (European Union Timber Regulation-EUTR) ဟာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်ရမယ့်အရာတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းဖြစ်ပါတယ်။ EUTR ပြဋ္ဌာန်းထားတဲ့ ကြိုတင်စုံစမ်းလေ့လာမှုစနစ် (Due Dilligence) မှာ အပိုင်းသုံးပိုင်းပါဝင်ပါတယ်၊ (သတင်းအချက်အလက်ကို စုဆောင်းခြင်း၊ ဥပဒေချိုးဖောက်မယ့် ဖြစ်နိုင်ခြေအန္တရာယ်ကို ဖော်ထုတ်သတ်မှတ်ခြင်းနှင့် ထိုအန္တရာယ်တွေ လျော့နည်းအောင် လုပ်ဆောင် ရမယ့်အရာတို့ ဖြစ်ပါတယ်)။

EIA က စုံစမ်းခဲ့တဲ့ ဥရောပကုမ္ပဏီတွေအားလုံးဟာ ကြိုတင်စုံစမ်းလေ့လာမှုအတွက် အခြေခံ အကျဆုံးနှင့် ပထမဆုံးအဆင့်ဖြစ်တဲ့ သစ်နှင့်ဆိုင်တဲ့ သတင်းအချက်အလက်ကိုတောင် ထုတ်ပြန်ဖို့ မစွမ်းဆောင်နိုင်ကြပါဘူး၊ သူတို့ဝယ်တဲ့ သစ်တွေကို ထုတ်ယူတဲ့နေရာနှင့် ဘယ်သူက ခုတ်ယူတယ်ဆိုတဲ့ အချက်အလက်မပြောနိုင်ကြဘူး၊ ထိုလိုအပ်တဲ့ အချက်အလက်တွေကိုမြန်မာ့သစ်လုပ်ငန်းဘက်က ဖော်ပြဖို့ ငြင်းဆန်သည်ဆိုစေကာမူ၊ ကုမ္ပဏီတွေဟာ မြန်မာသစ်တွေကို ဥရောပဈေးကွက်ထဲ တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာ ဆန္ဒရှိစွာနဲ့ ဥရောပ ဥပဒေကို ချိုးဖောက် ခြင်းမြောက်ပါတယ်။

ဥရောပ ကုမ္ပဏီတွေဟာ မြန်မာဥပဒေနှင့် ဥရောပ ဥပဒေနှစ်ရပ်စလုံးကို ဥပက္ခာပြုပြီး မြန်မာ့ကျွန်းသစ်တွေကို ဝယ်ယူနေကြ တာဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီ ထုတ်ယူထားတဲ့ ကျွန်းသစ်တွေဖြစ်ကြောင်း စာရွက်စာတမ်းနဲ့ သက်သေမပြနိုင်ပေမယ့် အရေးမစိုက်ဘဲ အကျိုးအမြတ် အများအပြား ခံစားနေကြတာ ဖြစ်ပါတယ်။ Forest, Enforcement, Governance and Trade(FLEGT) စနစ်က သစ်ထွက်ရှိရာနိုင်ငံနှင့် ဝယ်ယူတဲ့နှစ်နိုင်ငံကြား သစ်တောဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုကို ဖြေရှင်းဆောင်ရွက်ပေးတဲ့ အစီအစဉ်တခုဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံက အမှုလို ဥပဒေလိုက်နာဖို့ စည်းကြပ်ဆောင်ရွက်တဲ့ လုပ်ရပ်ဟာ ဥရောပ လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာစေဖို့ တွန်းအားဖြစ်သလို၊ မြန်မာ့သစ်တောဌာနတွင်းက ပြုပြင်ပြောင်းလဲလိုသူတွေကို အားပေးတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် သစ်တောဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ဥပဒေနဲ့အညီဆောင်ရွက်ချက် မြင့်မားလာရန်နှင့် ပွင့်လင်းမြင်သာမှု ပိုမိုကောင်းမွန်လာရန်အတွက် ယခုအခြေအနေမှာ အခွင့်အလမ်းကောင်းနှင့် ကြီးမားတဲ့ဆန္ဒရှိနေတယ်ဆိုတာ EIA က ယုံကြည်ပါတယ်။ မြန်မာ့သစ်လုပ်ငန်းအောက် တဆင့်ခံ သစ်ထုတ်ခွင့်ဖယ်ရှားလိုက်ခြင်း၊ နှစ်စဉ်တာထွက်လျော့ချခြင်းနှင့် တရားမဝင် သစ်ခုတ်သယ်ယူခြင်းတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခြင်းစတဲ့ MTE နှင့် သစ်တောဌာနရဲ့ မကြာသေးခင်က လုပ်ဆောင်ချက်တွေကို ကြိုဆိုပါတယ်။ MTE က လိုအပ်တဲ့ အချက်အလက်တွေကို လက်ရှိ အခြေအနေမှာ မထုတ်ဖော်နိုင်သေးကြောင်းနှင့် ပို၍ ပွင့်လင်းမြင်သာတဲ့နည်းနဲ့ လုပ်ဆောင်ဖို့ လုပ်ဆောင်သွားရမယ် ဖြစ်ကြောင်း ဝန်ခံပြောကြားချက်ကိုလည်း မှတ်သားထားပါတယ်။

EIA တင်ပြခဲ့တဲ့ အမှုကို ဒိန်းမတ် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး အဆုံးသတ်လိုက်ပြီဖြစ်တဲ့အတွက် EIA အနေနဲ့ အမှုအသေးစိတ်ကို မျှဝေရမယ့် တာဝန်ရှိပါတယ်။ အမှုကိစ္စအသေးစိတ်နဲ့ သက်ဆိုင်ပြီး သစ်တောဌာန၊ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဦးဘာဘာချိုနှင့် သက်ဆိုင်ရာအဖွဲ့များကို မကြာခင် ဆက်သွယ်ပြီး ဥရောပဈေးကွက်ကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်တဲ့အရာတွေကို ကူညီဆောင်ရွက်သွားပါ့မယ်။

မြန်မာ့ ကျွန်းသစ်လုံးတွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးဖြစ်ပြီး လူနည်းစုသာ အသုံးပြုနိုင်တဲ့ အဖိုးတန်သစ်ဖြစ်ပါတယ်။ FLEGT လုပ်ငန်းစဉ် အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဝိုင်းဝန်းလုပ်ဆောင်သွားခြင်းဖြင့် ဖော်ပြပါ ဈေးကွက်တွေထဲ မြန်မာ့ကျွန်းသစ်တွေ ဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်။ ထို့အတူ မြန်မာကျွန်းသစ်ဟာ ကမ္ဘာ့ သစ်လုပ်ငန်းတခုလုံးရဲ့ ရှေ့မှာ ထိပ်ဆုံးအဖြစ်ရရှိထားတဲ့ နာမည်ကောင်းကိုလည်း ဆက်ပြီးခံစားနိုင်မှာဖြစ်ပါတယ်။
လေးစားစွာဖြင့်

(Faith Doherty သည် လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အေဂျင်စီ Environmental Investigation Agency(EIA) ၏ အကြီးတန်း စုံစမ်းစစ်ဆေးရေးမှူး တဦး ဖြစ်သည်)

Loading