မြန်မာနိုင်ငံရဲ့ လူဦးရေသန်းခေါင်စာရင်း အရ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ပိုများနေပါတယ်။ တဖက်က လည်း ပြောင်းလဲလာတဲ့ လူနေမှုစနစ်ကြောင့် အိမ်ထောင်စု တခုမှာ ခင်ပွန်း တယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်လို့ မရတဲ့ အနေအထား ဖြစ်နေပါတယ်။ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ် လုပ်နေရတဲ့ အမျိုးသမီးတွေ အတွက် သင့်တော်တဲ့ အခွင့်အရေးနဲ့ လုံခြုံမှုတွေကိုပါ ဖန်တီးပေးဖို့ လိုအပ်နေပါပြီ။
ကျမတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ခုထိတိုင် အမျိုးသမီးတွေကို တန်းတူအခွင့်အရေး မပေးချင်ဘဲ ခွဲခြားဆက်ဆံနေတာဟာ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ပါဘူး၊ ကျောင်းဆရာ အလုပ် ဆိုရင် မိန်းကလေးတွေနဲ့ပဲ သင့်တော်တဲ့ အလုပ်လို့ လက်ခံထား ကြပေမယ့် ဆရာမတွေကို လေးစားသမှုနဲ့ မဆက်ဆံတဲ့ သူတွေ ရှိနေတာ မဖြစ်သင့်ပါဘူး၊ အသင်အပြ ကောင်းတယ်၊ သူ့အလုပ်အပေါ် တာဝန်ကျေပွန်ရင် တန်းတူအလေးထား ဆက်ဆံရမှာ ပါ။
သိပ်မကြာသေးမီကပဲ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှုမှာ အသက် ၂၁ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗျာမီး အသက်ဆုံးရှုံးခဲ့ရသလို သူမရဲ့ ခင်ပွန်းသည်ပါ ကွယ်လွန်သွားခဲ့ပြီး ၂ လသား အရွယ် သမီးလေး ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်ပွားနိုင်တဲ့ နယ်မြေတွေမှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေရတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး အတွက် အစိုးရက တာဝန်ယူပေးသင့်တယ် ဆိုတာ ပေါ်လွင်စေပါတယ်။ စစ်ပွဲ ဖြစ်ပွားတဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေဟာ လုံခြုံရေး မရှိရုံသာမက သူတို့ ရင်သွေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
အမျိုးသမီး အငှားယာဉ်မောင်းတွေ ရှိသလိုပဲ အခုအခါ အမျိုးသမီး ယာဉ်မောင်းလည်း ရှိလာနေပါပြီ။ YBS စနစ်မှာ အမျိုးသမီး ယာဉ်မောင်းတယောက်ကို ပထမဆုံး အနေနဲ့ မတ်လ ၄ ရက်နေ့က စတင် ခန့်ထားခဲ့ပါတယ်။ အသက် ၃၀ အရွယ် “မမြတ်ရည်မွန်” ဟာ YBS ၂၁ ယာဉ်လိုင်းရဲ့ ယာဉ်မောင်း ဖြစ်လာခဲ့တာပါ။ အမျိုးသမီးတွေရဲ့ ဘဝ တိုးတက် မြင့်မားဖို့က နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေတာကို ငြင်းမရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ လိုအပ်ကြောင်း ထောက်ခံပြောကြား ထားပါတယ်။
လက်ရှိ အနေအထားအရ အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေမှာ ပါဝင်နိုင်မှု နည်းပါးနေသေးတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးနဲ့ နိုင်ငံခြားရေး ဝန်ကြီး ရာထူး ရယူထားပြီး တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ကိုပဲ ထင်ထင်ရှားရှား တွေ့နိုင်တာမို့ နောက်ထပ် အုပ်ချုပ်ရေးပိုင်းမှာ အမျိုးသမီးတွေထဲက အမှန်တကယ် အရည်အချင်း ရှိတဲ့သူတွေ ပါဝင်ဖို့ လိုအပ်နေပါသေးတယ်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ဟာ ပြည်သူတယောက် မတူတဲ့ စီမံကိန်းတွေကို ပြန်လည် စိစစ်ခဲ့သူ တယောက်မို့ အမျိုးသမီး တယောက်အတွက် သူမရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် ပြုရမှာပါ။
အမျိုးသမီးများကို ဆန့်ကျင်ခွဲခြား သတ်မှတ်မှု ပုံစံအားလုံးကို ဖယ်ရှားမှု သဘောတူညီချက် (CEDAW) မှာ မြန်မာနိုင်ငံက ပါဝင် လက်မှတ် ရေးထိုးထားတဲ့ အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရေး ကြိုးစား သွားရမှာ ဖြစ်ပါတယ်။ CEDAW ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပညာသင်ယူခွင့်၊ ပြည်သူနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ချမှု၊ ပါဝင်မှုတွေမှာ အခွင့်အလမ်းတွေ ဖန်တီးပေးခြင်း အားဖြင့် အကြမ်းဖက်မှု လျော့ကျစေမှု၊ ဆင်းရဲမှု လျော့ချမှုတို့ကို ကူညီပေးရာ ရောက်ပါတယ်။
ပကတိ အနေအထားကို ပြန်သုံးသပ်ကြည့်ရင် အမျိုးသမီးတွေဟာ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရသေး သလို အပြင်ထွက် အလုပ် လုပ်ရသူတွေ အနေနဲ့လည်း မလုံခြုံမှုတွေ ရှိနေဆဲပါ။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောက်ျား ဖြစ်သူတွေက သူတို့ရတဲ့ ဝင်ငွေကို အိမ်ရှင်မဆီ အပ်လိုက်တယ် ဆိုရင်ပဲ သူတို့တာဝန် ကျေပွန်ပြီလို့ ယူဆနေကြ ပါတယ်။ ဒါပေမယ့် တခြားတဖက်မှာ အိမ်မှာပဲ ပုလင်းထောင်တဲ့ ယောက်ျားဖြစ်သူကြောင့် သောကရောက်ရတာ၊ မူးလာရင် ငေ့ါတော့တော့ ပြောတာ၊ ဒီထက် ပိုဆိုးရင် ရိုက်မောင်း ပုတ်မောင်းလုပ်တာတွေက အိမ်တွင်း အကြမ်းဖက်မှု ဆီ ဦးတည်နေပါတယ်။
အိမ်ထဲမှာ ဖြစ်ပျက်နေတာတွေကို မိတ်ဆွေ သူငယ်ချင်းတွေဆီ ရင်ဖွင့်ပြောပြရင်ပဲ ယောက်ျားဖြစ်သူက ဇနီးသည်ကို အတင်းပြောတတ်သူလို့ စွပ်စွဲပြန် ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေပေမယ့် ကြိတ်မှတ် သည်းခံနေရတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ကလေးငိုရင် ချော့ရတာကလည်း မိန်းမ၊ အိပ်ရေးပျက်ရတာ ကလည်း မိန်းမ ပါပဲ။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ ခင်ပွန်းသည်တွေက နားလည်မှု ရှိရှိနဲ့ မြေတောင်မြှောက် ပေးသင့်ပါတယ်။
ကျမ ကိုယ်တိုင်လည်း အိမ်ရှင်မ တယောက်ဖြစ်တဲ့ အတွက် စာရေးခြင်းကိုသာမက အိမ်မှုကိစ္စ တော်တော်များများကို သိမ်းကျုံးလုပ်ရတာပါ။ ရေတင်တာက အစ အဝတ်လျှော်၊ ဟင်းချက်အဆုံးထိ လုပ်ရတာ ဖြစ်လို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲ တတ်အောင် လေ့ကျင်ထားရပါတယ်။ ကျမနဲ့ ညီအစ်မလို ခင်မင်တဲ့ အမျိုးသမီး တယောက်မှာ စာရေးတာ ဝါသနာ ပါပေမယ့် စိတ်နှစ်ပြီး လုပ်ခွင့် မရသလို နေရာတကာမှာ ယောက်ျားဖြစ်သူရဲ့ ဗိုလ်ကျစိုးမိုးမှုနဲ့ ရင်ဆိုင်နေရတာ ပါ။ နောက်ဆုံး သူတို့ ၂ ယောက်ရှာဖွေလို့ ရလာတဲ့ ဝင်ငွေကိုတောင်မှ မိန်းမဖြစ်သူကို စီမံခန့်ခွဲခွင့် မပေးပါဘူး။
နိုင်ငံတဝန်းမှာ စီးပွားရေး လုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာကလည်း ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်နေတာကြောင့် ငြိမ်းချမ်းရေး မရသေးသမျှ အဟန့်အတားတွေ ရှိနေဦးမှာပါ။ သဘာဝ အလှအပတွေ ကြွယ်ဝတဲ့ နေရာတွေမှာ နယ်မြေ မတည်ငြိမ်ရင် ဒေသခံ အမျိုးသမီးတွေ ပိုပြီး နစ်နာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီး လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ အမျိုးသမီးတွေက သူတို့ရဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။
ဥပမာအားဖြင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရွာတွေမှာ ဒေသခံ အမျိုးသမီးတွေဟာ တည်းခိုမယ့် ဧည့်သည်တွေ အတွက် စီစဉ်ပေးရင်း အိုးမကွာအိမ်မကွာ ဝင်ငွေရရှိပါတယ်။ ဒါ့အပြင် ရိုးရာအတိုင်း လုပ်ကိုင်လာခဲ့တဲ့ လုပ်ငန်းတွေကို အဆင့်မြှင့်တင် နိုင်ရင်၊ ဈေးကွက်ရှာပေးနိုင်ရင် အမျိုးသမီးတွေ အတွက် အများကြီး အကျိုးရှိပါ လိမ့်မယ်။ SME လို့ ခေါ်တဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ လမ်းဖွင့်ပေးရ မှာပါ။ ပုသိမ်ထီးလုပ်ငန်းလို လုပ်ငန်းဟာ မြန်မာနိုင်ငံမှာလဲ ရှားရှားပါးပါးတွေ့နိုင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်လာတာ၊ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်လာတာ၊ အုပ်ချုပ်ရေးမှာ အမျုးိသမီးတွေ ပါဝင်လာတာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်လို့ အစိုးရအနေနဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ လက်တွဲနိုင်ရင် အခွင့်အလမ်းနဲ့ တိုးတက်မှုပိုများလာမှာပါ။
သေချာတာက ဒီကနေ့အချိန်ဟာ အမျိုးသမီးတွေရဲ့ အရည်အချင်းကို လျစ်လျူရှုထားရမယ့် အချိန် မဟုတ်တော့ပါဘူး၊ ထိုက်သင့်တဲ့ ဝင်ငွေ၊ ပူးပေါင်းပါဝင်နိုင်မယ့် အခွင့်အရေးနဲ့ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)