မဟာနိုင်ငံရေးသမား ဘယ်လို လူစားလဲ

ဒေါက်တာညိုထွန်း

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသမားဖြစ်ချင်သည်ဟု ပြောခဲ့သည်။ ဆိုလိုရင်းမှာ သူမအနေဖြင့် idealist (သီအိုရီလာ သြဝါဒတွေ၊ အမြင့်မားဆုံး တန်ဖိုးတွေကို စံထားခြင်း)၊ dreamist (အိပ်မက်စိတ်ကူးများတွင် မျှောနစ်နေခြင်း) နေသော ဘဝမျိုးမှနေ pragmatist, realist (လက်တွေ့လုပ်ငန်းပြီးမြောက်ဖို့ လက်ရှိအခြေအနေကို အရှိကို အရှိအတိုင်း ရှုမြင်ရင်ဆိုုင်ဖို့) လမ်းကြောင်းကို ရွေးမည်ဟု ဖြစ်ပုံရပါသည်။

တနည်းအားဖြင့် သူမနှင့်သူမ၏နောက်လိုက်များ မြန်မာ့နိုင်ငံရေးလောကတွင် လက်တွေ့နိုင်ငံရေး အမြတ်အစွန်းရရှိဖို့ ပဓာန ဖြစ်သည်ဟု ဦးတည်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သူမသည် စစ်အဖွဲ့ပုဂ္ဂိုလ်တွေနှင့် ထိပ်တိုက်မတွေ့အောင် ရှောင်သည်။ ခရိုနီတွေကို မေတ္တာထားကြပါဟု တိုက်တွန်း သည်။ တနည်းအားဖြင့် သူမနှင့် သူမအဖွဲ့၏လက်ရှိရယူထားနိုင်သောနိုင်ငံရေး rent (အကျိုးအမြတ်) တွေ အထိပါးမခံရအောင် နေသည်။ ၎င်းအဖွဲ့တွေ၏အပြုအမူတွေနှင့် ပတ်သက်လျှင် ပါးစပ်ပိတ်လို့နေသည်။

ဤသို့ တုံဏှိဘာဝေဆိတ်ဆိတ်နေလုပ်နေခြင်းကို ‘မေမေ့အကွက်တွေ လှလိုက်တာ’ ဟူသော၊ မိမိကိုယ်ကို အမြင့်မားဆုံး အမှန် တရားကို ကိုယ်စားပြုကာကွယ်နေကြသူ “အမှန်တရားတပ်မဟာတော်သားများ” ဟု ထင်မြင်နေကြသည့် မျက်စိမှိတ်ကိုးကွယ် ထောက်ခံ ပုဂ္ဂိုလ်စုတို့မှလွဲ၍ တကယ့်အောက်ခြေတွင် ဒုက္ခပင်လယ်ဝေနေရသူ ပြည်သူလူများစွာတို့က လည်းကောင်း၊ လူပုဂ္ဂိုလ် ထက် နိုင်ငံကောင်းရာကောင်းကျိုးဖြစ်စဉ်တို့ ဖြစ်ထွန်းမှု ရှိ/ မရှိ ရလဒ်ကိုသာ စူးစိုက်ကာ ချင့်ချိန်ဝေဖန်တတ်သူတို့ကလည်း ကောင်း ကြိုက်နှစ်သက်ကြသည်တော့ မဟုတ်ပါလေ။

တခုသတိထားမိရန်မှာ (NLD အစိုးရ) ဒီချုပ်၏နိုင်ငံရေး rent တို့ကို မင်းမူနိုင်ခြင်းသည် နိုင်ငံကောင်းကျိုးဖြစ်ထွန်းမှု ရလဒ်တို့နှင့် တိုက်ရိုက်အချိုး ကျချင်မှ ကျနိုင်သည် ဆိုသောအချက်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာတို့ အပါအဝင် များလှစွာသော နုံနဲ့မွဲတေ ကျရှုံးမှုတို့မှာ အခွင့်ထူးခံ သင်းကွဲအုပ်စုတို့၏နိုင်ငံ့အရင်းအမြစ်တွေအပေါ် မဆီလျော်စွာ ပြုမူ ကျင့်ကြံကြကုန်ခြင်းကြောင့်သာလျှင် အဓိက အကြောင်းရင်း ဖြစ်သည်။

မြန်မာတွေမှာ လက်မရှိ၊ ခြေမရှိ၊ ဦးနှောက်မရှိ တီထွင်ဖန်တီးဉာဏ်တွေ မရှိကြ၍မဟုတ်။ သည်တော့ (NLD အစိုးရ) ဒီချုပ်၏ နိုင်ငံရေး rent တို့ တိုးမြှင့်ရယူခြင်းသည် အခွင့်ထူးခံအဖွဲ့အစည်းတို့၏ပြည်သူအပေါ် ကျူးလွန်မှုတို့ကို ကန့်သတ်ချုပ်ခြယ်နိုင် လျှင်ကား ကောင်း၏။၊ ထိုုသို့ မဟုတ်ဘဲ နိုင်ငံကို စီးပိုးထားသည့်သင်းကွဲအုပ်စုပုဂ္ဂိုလ်တို့ လုပ်ချင်တာလုပ်၊ ငါတို့အဖွဲ့ရဲ့ နိုင်ငံ ရေး rent တွေ လာမထိရင် ပြီးတာပဲဟူလျှင်ကား နိုင်ငံသည် ရှေ့လျှောက် ရေတိမ်နစ်သည်ထက် နစ်လိမ့်မည်။

ထို့ကြောင့် အဓိက measure (တိုင်းတာရမည့်) variable (ညွန်းကိန်း)သည် မိမိတို့ရယူခဲ့သည့် နိုင်ငံရေးအာဏာသည် ဗမာလူ့ ဘောင်တွင် သင်းကွဲအဖွဲ့များသည် လက်နက်ကိုင်ကာ မတရားမှုတွေကို သက်သေခံနေသည့်အပြုအမူတို့ကို ချုပ်ခြယ်ပိတ်ပင် နိုင်ခြင်းရှိသလား၊ မရှိသလားဆိုတာ ဖြစ်သည်။

ဦးဝင်းထိန်၏ ‘ကျုပ်တို့ပါတီက နိုင်ငံတော်ရာထူးတွေကို ကျုပ်တို့ခန့်ချင်တာ ခန့်လို့ရတယ်’ ဆိုတာမျိုးကို နိုင်ငံရေးသမား၏ အောင်မြင်မှုဟု  ထင်နေလျှင်ကား ၎င်းတို့ပါတီ၏လမ်းကြောင်းသည် လမ်းလွဲနေပြီဟု ဆိုရမည်။

အကယ်၍ ဦးဝင်းထိန်စကားသည် ‘ကျုပ်တို့ပါတီဟာ မြန်မာလူ့ဘောင်အနှံ့ မတရားမှုတွေ ဘယ်အဖွဲ့အစည်းကမှ အခွင့်ထူးခံပြီး ကျူးလွန်ခွင့်မရှိဘူးဆိုတာကိုု လုပ်နိုင်တယ်၊ ကျုပ်တို့ပါတီတက်လာတဲ့အတွက် အကျိုးအမြတ်ဆိုတာ ကျုပ်တို့လူ့ဘောင်မှာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတခုဟာ အခွင့်ထူး ခံပိုင်ခွင့်ရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ် အကြီးမားဆုံးအမှန်တရားလို့ သတ်မှတ်ပိုင်ခွင့်ရှိ တယ် ဆိုတဲ့ အဖွဲ့အစည်းမျိုးကိုု ဤလူ့ဘောင်မှာ ရှေ့လျှောက်လက်မခံတော့ဘဲ ဖြုတ်ထုတ်သတ်လုပ်နိုင်လိုက်ခြင်း ဖြစ်တယ်’ ဟုဖြစ်ခဲ့ပြီဆိုလျှင်မူကား ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးသမားလုပ်တာဟာ အောင်မြင်ပြီဟု ပြောရမည်။

ယခုုလမတ်လ ၂၁ ရက်တွင် အမေရိကန်သံအမတ်အဖြစ် ထမ်းဆောင်ခဲ့သူ ဒါးရက်မီချယ်က The Nikkei Asian Review တွင် လမ်းကြောင်းကို တည့်မတ်အောင်ပြင်ဖို့ အချိန်မဟုတ်တော့ဘူးလားဟူသော ဆောင်းပါးဖြင့် လက်ရှိဒီချုပ်အစိုးရကို ဝေဖန်ရာတွင် ‘(NLD အစိုးရ )ဒီချုပ်တွင် စစ်တပ်အပေါ်၊ စစ်ရေးစစ်ရာတို့အပေါ်၌ သြဇာအာဏာမရှိသည်ကို လက်ခံနိုင်ပါ၏၊ သို့သော် ကချင်နှင့် ရှမ်းပြည် မြောက်ပိုင်းတို့တွင် တစထက်တစ ကြီးထွားလာသော လူ့အခွင့်အရေးချိုးဖောက်မှုတို့အတွက် အနည်းဆုံးအားဖြင့်တော့ သူမသည် ဆန့်ကျင်ကန့်ကွက်စကားမျှလောက်ကိုပင် ပြောဆိုုခြင်းကိုု ဘာကြောင့်မို့လို့ မလုပ်ဘဲ နေရပါသနည်းဟု ငြိမ်းချမ်းရေးဆွေးနွေးမှုတို့ တွင် ပါဝင်သူများက မေးကြပါသည်’ ဟု ပါဝင်ခဲ့ပါသည်။

ဒီချုပ်အစိုးရ (NLD) သည် တပ်မတော်အပေါ် လက်ရှိတွင် လက်တွေ့ သြဇာမသက်ရောက်နိုင်တောင်မှ တပ်မတော်၏ (လွဲချော်နေသော) လမ်းကြောင်းနိယာမကို ပြုပြင်ဖို့ကတော့ ဖြစ်နိုင်ပါသည်ဟု သူဆိုလိုချင်ခဲ့ခြင်း ဖြစ်သည်။

နိဂုံးချုပ်တွင် အမေရိကန်သံအမတ်ကြီးက အရေးကြီးသော အချက်တချက်ကို  ဖြည့်စွက်တင်ပြခဲ့သည်မှာ ‘ရွေးကောက်ခံရပြီး ပထမတနှစ်ဆိုသည်မှာ ရွေးကောက် ပွဲအနိုင်ရပါတီ၏ သြဇာအထက်ဆုံး အချိန်’ ဖြစ်သည်။

ထိုအချိန်မျိုးသည် နိုင်ငံ၏ လမ်းလွဲလိုက်နေသော နိယာမလမ်းကြောင်း (course) တွေကို ပြုပြင်ဖို့ ခွန်အားအကောင်းဆုံး အချိန်လည်း ဖြစ်ပါသည်။ သံအမတ်ကြီး(ဟောင်း) မှ စိုးရိမ်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရသည် နိုင်ငံ့လမ်းကြောင်းကို တည့်မတ်ပေးနိုင်သည့် မဟာအခွင့်အရေးကြီးကို လက်လွတ်ခံခဲ့လေသလားဟူ၍ ဖြစ်ပါသည်။

လတ်တလောနိဂုံးချုပ်ရမည်ဆိုလျှင် ‘နိုင်ငံရေးအောင်မြင်မှု’ (မဲအောင်ခြင်း၊ ရာထူးရခြင်း) ဆိုတာ ခပ်လျော်လျော် နိုင်ငံရေး သမားတွေရဲ့ ပန်းတိုင်ဖြစ်သည်။ နိုင်ငံရေးအောင်မြင်မှုဟာ နိုင်ငံအောင်မြင်မှု မဟုတ်၊ မိမိနိုင်ငံရေးက ဝက်ဝက်ကွဲအောင်မြင်ပြီး နိုင်ငံဟာ လမ်းလွဲလိုက်ကာ နိုင်ငံ့စနစ်၊ အဖွဲ့အစည်းတို့ ဘုံဘုံးကျရူံးနေသော နိုင်ငံရေးသမားများစွာ ရှိလေသည်။

မိမိ၏နိုင်ငံရေးလည်း အောင်မြင်၊ နိုင်ငံကိုလည်း ဇိကုပ်ပြီး နတ်ပြည်တင်ကာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာစေလိုက်နိုင် သည့် ပရိယာယ်ဘက်စုံမှ ကျွမ်းကျင်လိမ္မာလှုပ်ရှားနိုင်သည့်နိုင်ငံလူ့ဘောင်တခုလုံးမှ ဂုဏ်ယူရဖွယ် နိုင်ငံပြုနိုင်ငံရေးသမား (Statesman ) (ဝါ) “လိမ္မာသော” မဟာနိုင်ငံရေးသမားတို့သည်လည်း ရှိကုန်၏။

နိုင်ငံရေးသမားဟူသည် နိုင်ငံ၏ လွဲချော်နေသော လမ်းကြောင်းတို့ကို ပြုပြင်တည့်မတ်ပေးနိုင်သော နိုင်ငံပြုသမား (Statesman) လည်းဖြစ်လာမှသာလျှင် လွတ်လပ်သော ပြည်သူတို့အကြား ဂုဏ်သိက္ခာစင်စစ်ရှိသည့်နိုင်ငံရေးသမား ဖြစ်လိမ့်မည်။

နိုင်ငံရေးသမားသက်သက်ပဲဖြစ်ချင်သလား၊ နိုင်ငံပြု နိုင်ငံရေးသမား နိုင်ငံအား လမ်းကြောင်းမှန်ပေါ်ကို တည့်မတ်အောင် ခေါ် ဆောင် ဆွဲတင်သွားနိုင်ခဲ့သော လိမ္မာရင့်ကျက်သည့် မဟာနိုင်ငံရေးသမားထိ ကြိုးစားဖြစ်လာချင်သလားဆိုတာကတော့ မိမိ(တို့) နိုင်ငံရေးသမားဆိုသူတွေ၏ရွေးချယ်မှုက အဓိကဖြစ်ပါလိမ့်မည်။

(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ နေထိုင်နေသည်)

Loading