နောက်ထပ် စစ်ပွဲတွေ မရှိတော့မှ တကယ့် အောင်နိုင်ခြင်း

လင်းငယ်

အားလပ်ရက်များ အတွင်း ရုပ်ရှင်ကြည့်ဖြစ်သည်။ ကြာခဲ့ပြီ ဖြစ်သော ဇာတ်ကားတကား။ “ပုလဲဆိပ်ကမ်း” ဆိုသည့် ဇာတ်ကား။ ပုလဲဆိပ်ကမ်းဆိုသည်က လူတိုင်းသိသည့် အကြောင်းအရာ။ ၁၉၄၁ ခုနှစ် အမေရိကန် ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်က သွားရောက် ဗုံးကြဲသည့် အဖြစ်အပျက်ကို အခြေခံ ရိုက်ပြထားခြင်း ဖြစ်သည်။ အကြောင်းအရာ ပေါင်းစုံ စစ်ရဲ့ အနိဋ္ဌာရုံ အဖြစ်အပျက်တွေ အပြင် သမိုင်းပုံရိပ်တွေကို အကောင်းဆုံး လှစ်ဟပြသနိုင်သည့် ကမ္ဘာကျော် ရုပ်ရှင်ကားထဲက စကားတခွန်းကို နားစွဲနေမိသည်။

ဂျပန်စစ်ဗိုလ်တယောက်က လာလတံ့သော စစ်ပွဲအတွက် အထူးတလည် ပြင်ဆင်ရေးတွေ လုပ်နေသည်။ နေ့မနား ညမအား အလျင်အမြန် လုပ်နေရသည်။ အလစ်အငိုက် ဝင်တိုက်ခိုက်နိုင်ရန် အတွက် သတင်းက အထူးလျှို့ဝှက် ထားသည်။ မတော်တဆ သတင်းပေါက်ကြားသွားလို့ မဖြစ်။ ဒီအတွက် သတ်မှတ်ထားသည့် အချိန်မီ အဆင်သင့် ဖြစ်နေရမည်။ ပြင်ဆင်ရေးကို လှည့်ပတ်ကြည့်ရှု့လာသည့် ဂျပန်ဗိုလ်ချုပ်က တိုက်ပွဲတွင် အထူးပြင်ဆင်နေတဲ့ အသက်ကြီးကြီး စစ်ဗိုလ်တယောက်ကို သဘောကျကာ ချီးကျူးသည်။

“မင်းက တကယ် ထူးချွန်တဲ့၊ တော်တဲ့ စစ်သားပဲ” တဲ့။ ထိုအခါ စစ်သားအိုကြီးက ပြန်ပြောသည်။ “တကယ်တမ်း ထူးချွန်တဲ့၊ တော်တဲ့ စစ်သားဆိုတာက စစ်ပွဲတွေ ကိုရှောင်နိုင်မှ ထူးချွန်တဲ့၊ တော်တဲ့ စစ်သားဖြစ်တာ။ ထူးချွန်တဲ့၊ တော်တဲ့ စစ်သားဆိုတာ စစ်မဖြစ်အောင် လုပ်နိုင်ရတယ်” တဲ့။

စစ်ပွဲကြီးတပွဲ ခင်ကျင်းဖို့ အတွက် စစ်ပြင်နေတဲ့ အခိုက်အတန့်၊ စစ်တပ်ရဲ့ သေနာပတိကို ပြောလိုက်သည့် စစ်သားအိုကြီး တယောက်ရဲ့ စကား။ စစ်သားပီပီ ရဲရင့်စွာ ပြောနိုင်လေခြင်း လို့ တွေးမိတယ်။ တဖက်ကလည်း လက်တွေ့မှာ ပြောလို့ မရတဲ့ စကားလုံးတွေများ ဖြစ်နေမလား။

စစ်ရဲ့ ဆုံးရှုံးမှုတွေ အကြောင်း လာမပြောနဲ့

နောက်တရက်မှာတော့ စစ်နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်တကား ကြည့်မိပြန်သည်။ ဒီဇာတ်ကားကတော့ စစ်ကား ဆိုပေမယ့် တိုက်ကြခိုက်ကြသည့် စစ်ပွဲများအကြောင်း မဟုတ်ဘဲ ကင်ညာနိုင်ငံမှာ ရောက်နေသည့် အယ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့ရဲ့ ထိပ်တန်းလူတယောက်ကို သုတ်သင်ရန် ကြိုးစားသည့် စစ်ဆင်ရေး ဇာတ်လမ်း။ အကြမ်းဖက် ခေါင်းဆောင်ကို အမေရိကန်တွေ ခြေရာခံနေခဲ့တာ ကြာပြီ။ ဘယ်လိုမှ သုတ်သင်မရခဲ့။

အခုတော့ အခွင့်အရေးက ပေးလာပြီ။ ထိုသူ ဖြစ်ကြောင်းလည်း သေချာသည်။ ဒီတော့ ဒရုန်းယာဉ်ဖြင့် ပစ်ခတ် လုပ်ကြံရန် စီစဉ်သည်။ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ကြသည်။ ဒရုန်းကို ထိန်းကျောင်းဖို့ အတွက် တာဝန်ကျသည့် စစ်သားနှစ်ယောက်က အခုမှ ပထမဆုံး ဒီတာဝန်မျိုး ယူဖူးသူ။ လိုအပ်သည့် အမိန့်များကို တောင်းခံသည်။ သမ္မတက မီးစိမ်းပြလိုက်သည်။

“မင်းတို့ လုပ်လို့ရရင် လုပ်”

ထပ်ဆင့် အမိန့်ပေး ကြီးကြပ်သည့် အဖွဲ့မှာက စစ်တပ်ရဲ့ အကြီးအကဲ၊ နိုင်ငံရေး အရာရှိ၊ ကာကွယ်ရေးဝန်ကြီးတို့ ပါဝင်သည်။ ပစ်ခတ်ဖို့ အားလုံး အဆင်သင့် ဖြစ်နေချိန်မှာ ကောင်းကင်က ကြည့်နေသည့် မြင်ကွင်းထဲမှာ ပုံရိပ်ကလေး တခု ပေါ်လာသည်။

အကြမ်းဖက်သမား နေနေတဲ့ ခြံဝင်းအပြင်ဘက်မှာ ကောင်းမလေးတယောက် ပေါင်မု့န်ချပ်ကြီး တွေ ရောင်းနေသည်။ ဒရုန်းနှင့်သာ ပစ်လိုက်ရင် ကောင်မလေးလဲ လွတ်မည် မဟုတ်။

ဒီအတွက် နိုင်ငံရေး အရာရှိက ကန့်ကွက်သည်။ နောက်ဆက်တွဲတွေ တွက်ချက်ပြသည်။ ကလေးတယောက်ရဲ့ အသက်ကို လုံးဝ ဆုံးရှုံး မခံနိုင်ဟု ဆိုတာက ဆုံးဖြတ်ချက်ကို ကန့်ကွက်သည်။ ဖြစ်ချင်တော့ အကြမ်းဖက်သမားတွေက အသေခံ ဗုံးခွဲမှု တခုကို စီစဉ်နေတယ်။

အခုအချိန်မှာသာ မဖြိုခွင်းနိုင်ရင် နောက်ထပ်လူတွေ သေကုန်တော့မယ်။ ဒီကလေးတယောက်ရဲ့ အသက်ကို စတေးမလား နောက်ထပ်လူတွေ အများကြီး အသေခံမလား။ ရတဲ့ အချိန်အတွင်းမှာ ကလေးလေး သည်နေရာက ထွက်သွားအောင် အမျိုးမျိုး ကြိုးစားကြည့်ကြသည်။ နောက်ဆုံး ပစ်လိုက်တဲ့ အချိန်မှာ ကလေးလေးက အနီးအနား ပြန်ရောက်လာကာ ထိသွားသည်။ သွေးသံရဲရဲနဲ့ အပြစ်မဲ့ ကလေးငယ်လေး တယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ။ အကြမ်းဖက်သမားကတော့ သေသွားသည်။

စစ်ဆင်ရေးပြီးလို့ အားလုံး ပြန်တော့မယ့် အချိန်၊ ဗိုလ်ချုပ်ကို နိုင်ငံရေးအရာရှိ အမျိုးသမီးက ပြောလိုက်သည်။  ကျမ အမြင်အရ ဆိုရင်တော့ ဒါက သိက္ခာကျစရာ အလုပ်ပဲ။ ရှင်က လုံခြုံတဲ့ ထိုင်ခုံကနေ ဒါတွေကို လုပ်သွားတာလေတဲ့။ ဆိုလိုတာက ကိုယ်ကတော့ ထိုင်ရာက မထဘဲ၊ လုံခြုံနေတော့ အဲဒီနေရာကနေ မမြင်နိုင်ဘူး ကိုယ်ချင်းမစာ တတ်ဘူး ဆိုပြီး စွပ်စွဲလိုက်ခြင်းပါ။

အဲဒီအခါမှာ စစ်ဆင်ရေးကို အဓိက ဦးဆောင်ခဲ့ရသည့် ဗိုလ်ချုပ်က ပြန်ပြောသည်။ “ခန္ဓာကိုယ်တွေ ပြန့်ကျဲနေတဲ့ အသေခံဗုံးခွဲမှု ငါးခုကို ငါလက်တွေ့ ကြည့်ဖူးတယ်။ သူတို့ လုပ်ရပ်တွေက ဒီထက် အဆမတန် ဆိုးရွားတယ်။ စစ်ပွဲ တခုရဲ့ ထိခိုက်မှုတွေကို မင်းမသိဘူး လို့ စစ်သား တယောက်ကို ဘယ်တော့မှ မပြောမိစေနဲ့” တဲ့။

အပြစ်တင်တဲ့ အမျိုးသမီးလည်း ပါစပ်အဟောင်းသားနဲ့ ကျန်ခဲ့တော့သည်။ ကြည့်နေမိတဲ့ ကိုယ်လည်း ပါးစပ် အဟောင်းသားနဲ့ ကျန်ခဲ့မိသည်။ ဟုတ်သည်ကော။ စစ်ပွဲတခုရဲ့ ထိခိုက် ဆုံးရှုံးနစ်နာမှုတွေကို စစ်သားတွေက မျက်မြင်ကိုယ်တွေ့ အရှိဆုံး ဖြစ်မှာပဲ။

မေးခွန်းများ

ပုလဲဆိပ်ကမ်းက စစ်သားအိုကြီးရော၊ အမေရိကန် စစ်ဗိုလ်ချုပ်ရောဟာ စစ်သားတွေပါ။ စစ်သားတွေ ဖြစ်ကြတဲ့ အတွက် စစ်အကြောင်းကို ကောင်းကောင်းသိကြပါမည်။ သူတို့ ဖြတ်သန်းခဲ့တဲ့ စစ်ပွဲတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရတဲ့ သူတွေပါပဲ။ စစ်ရဲ့ နာကျင်ပင်ပန်းခြင်း၊ စစ်ရဲ့ သေဆုံးခြင်း၊ စစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အရင်ဆုံး ခံစားရမှာက စစ်သားတွေပဲ မဟုတ်ဘူးလား။

ကိုယ့်ဆန့်ကျင်ဘက်က လူတယောက်ကို တခါမျှ မမြင်ဖူး၊ မတွေ့ဖူးလည်း ရန်သူဆိုတာနဲ့ ပစ်သတ်ရသည်။ တစ်ချိန်တည်းမှာပဲ ကိုယ့်အသက် ကလည်း အချိန်မရွေး နုတ်ယူခံရနိုင်သည်။ ဒီလောက် အသက်အန္တရာယ်များတဲ့ အလုပ်ကို ဘာဖြစ်လို့ လုပ်ကြတာပါလိမ့်။

စစ်ရဲ့ အနိဋ္ဌာရုံတွေကို မျက်ဝါးထင်ထင် မြင်ရတဲ့ စစ်သားတွေက ဘာဖြစ်လို့ နောက်ထပ် စစ်ပွဲတွေကို ဖန်တီးနေကြပါလိမ့်။ စစ်သားတွေကို စစ်မကောင်းကြောင်း တရားဟောရင် ဘုန်းကြီးစာချ ဖြစ်နေမှာပဲ။ ဒါပေမယ့် နားမလည်တာတခုတော့ မေးချင်သည်။ ဘာဖြစ်လို့ ကိုယ့်အသက်နဲ့ ရင်းပြီး စစ်တိုက်နေကြ တာတုန်း။ စစ်တိုက်နေတဲ့ စစ်သားတွေကို မေးချင်တာက စစ်တိုက်တာ တန်ရဲ့လား။

အဲသည် စစ်သားတွေပြီးရင် ခံစားရတာက အပြစ်မဲ့တဲ့ ပြည်သူတွေ။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေက မြေဇာပင် ဖြစ်ရသည်။ ကိုယ်ချစ်ရသည့် ကလေးတွေ၊ လူတွေ ဘုမသိ ဘမသိ ဆုံးရှုံးသွားရတာကို စဉ်းစားကြည့်။ ဒါပေမယ့် စစ်ကို ထောက်ခံသည့် သူတွေကတော့ ရှိနေသည်။ ထိုသူတွေကို မေးချင်တာက စစ်ကို ထောက်ခံနေတာ မှန်ရဲ့လား။ ဘာအတွက် ထောက်ခံနေကြတာလဲ။ စစ်သားတွေတောင် ဖြေရခက်သည့် မေးခွန်းအတွက် သူတို့ဆီက အဖြေက ကောင်းနေမည် ဟုတော့ မျှော်လင့်စရာ မမြင်။

ရန်သူဟောင်းများ

သို့သော် ထိုသူများကို USS Indianapolis ဆိုသည့် ဇာတ်ကား၏ နောက်ဆုံး နှစ်ခန်းကို ညွှန်းချင်သည်။ USS Indianapolis ဆိုတာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွေပေါ်မှာ ကြဲချမည့် အနုမြူဗုံးကို ပစိဖိတ်သမုဒ္ဓရာထဲက လျှို့ဝှက် ရေတပ်စခန်းဆီ သယ်ဆောင်ပေးခဲ့သည့် စစ်သဘောၤကြီး ဖြစ်သည်။ အပြန်ခရီးမှာ ဂျပန်တော်ပီဒို ထိပြီး နစ်မြုပ်သွား ခဲ့သည်။ စစ်ကြီး ပြီးသောအခါ သဘောၤရဲ့ ကပ္ပတိန် မက်ဗိုင်းကို သဘောၤအား အချိန်မီ မစွန့်ခွာခဲ့ဟု ဆိုကာ ရုံးတင် စစ်ဆေးသည်။ သဘောၤကို တော်ပီဒိုနဲ့ ပစ်ခဲ့သည့် ဂျပန် ကပ္ပတိန် ဟာရှီမိုတိုကိုလည်း သက်သေ အဖြစ် ခေါ်ယူ မေးမြန်းသည်။ တရာရုံးထဲက ပြန်အထွက် ဟာရှီမိုတိုနဲ့ မက်ဗိုင်းတို့ တွေ့ဆုံတော့ ဂျပန် ကပ္ပတိန် စပြောသည်။

“ဂျပန် ဘုရင့်တပ်မတော်ရဲ့ ကွန်မန်ဒါအနေနဲ့ ခင်ဗျားကို သတ်ဖို့က ကျုပ်တာဝန်ပါ။ ဒါပေမယ့် ယောက်ျားတယောက် အနေနဲ့တော့ လုပ်ခဲ့တာတွေ အတွက် ယူကံျုးမရ ဖြစ်ရပါတယ်” တဲ့။ ကပ္ပတိန် မက်ဗိုင်းကလည်း ပြန်ပြောသည်။

“ကျုပ်လည်း ခင်ဗျားတို့ တိုင်းပြည်ကို နစ်နာစေခဲ့တဲ့ (အနုမြူဗုံးကို) သယ်ဆောင်ပေးခဲ့တဲ့ တာဝန်ကို ထမ်းဆောင်နိုင် ပြီး ပြန်လာခဲ့တာပါ။ လူတယောက်အနေနဲ့ ဆိုရင်တော့ ဂုဏ်ယူစရာ မကောင်းတဲ့ အလုပ်ပေါ့” တဲ့။

ဂျပန်စစ်သားက လွမ်းလွမ်းဆွေးဆွေး တုံ့ပြန်ပြောတာက “ခင်ဗျားတာဝန် မအောင်မြင်ခင် ကျုပ်တားခဲ့နိုင်ရင် ဘယ်လို ဖြစ်မလဲ ဆိုတာ စဉ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အတွက် ခွင့်လွတ်နိုင်ဖို့ သင်ခန်းစာ ရပြီးသွားပြီ။

တရက်တော့ ယောက်ျားတယောက်အဖြစ် ခွင့်လွှတ်နိုင်မှာပါ”

တယောက်ကို တယောက် လေးလေးနက်နက် အလေးပြုလိုက်ကြတဲ့ ရန်သူဟောင်း နှစ်ယောက်ဟာ လူသားစိတ်တွေက သူတို့ မျက်ဝန်းမှာ လျှံတက်လို့။

အဲ့ဒီ ဇာတ်ကားမှာပဲ ဇာတ်သိမ်းခါနီး အမေရိကန် စစ်သားလေးက သင်္ဘောနဲ့ အတူ ကျဆုံးသွားတဲ့ သူ့ရဲဘော်တွေရဲ့ ဓာတ်ပုံလေးတွေ ကြည့်ရင်း ပြောသည်။ “ဒီစစ်ကြီးကို ကျုပ်တို့ နိုင်ခဲ့တယ် တဲ့။ ကျုပ်အမြင်မှာတော့ နောက်ထပ် စစ်ပွဲတွေ မရှိတော့မှ တကယ့် အောင်နိုင်ခြင်း ပဲ။”

“ကျုပ်တို့ နောက်ထပ် လုပ်ရမယ့် အရေးအကြီးဆုံး မစ်ရှင်က လွတ်လပ်မှုအတွက် ကျုပ်တို့ ပေးဆပ်ခဲ့ရတဲ့ တန်းဖိုးကို နောက်မျိုးဆက်တွေ မမေ့စေဖို့ပဲ”

စစ်ကို မနားတမ်း တိုက်နေကြသည့် စစ်သားကြီးများကို “ပထမဆုံး အောင်နိုင်ခြင်း အစစ်ကို ဖန်တီးကြပါ၊ မရှောင်ရှား နိုင်ဘဲ စစ်တိုက်နေရတယ် ဆိုရင်လည်း အသီးသီး ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးတွေကို နောက်မျိုးဆက်တွေက မမေ့စေဖို့နဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်လောက အတွက် အသိပေး သတိပေးနိုင်ဖို့လည်း စီမံဆောင်ရွက်နိုင်ပါစေ” ဟု တိုက်တွန်း လိုက်ရပါသည်။       ။

(လင်းငယ်သည် ပြည်တွင်းအခြေစိုက် ဆရာဝန်တဦး ဖြစ်သည်)

Loading