၂၀၁၅ ခုနှစ်သမိုင်းဝင် ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် တနိုင်ငံလုံးတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာခြင်းသော်လည်း ထိုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားမှု အနည်းငယ်သာရှိပုံရသည်။ လွန်ခဲ့သော၂ နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရသောရွေးကောက်ပွဲ သို့မဟုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမဆုံးအသုတ်ကို လွှတ်တော်တွင်းသို့ ပို့ပေးသော ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီရက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသောအချက်မှာ ဧပြီ ၁ ရက်နေ့ တွင်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် စိတ်အားထက်သန်မှု သိသိသာသာ မရှိကြခြင်း ဖြစ်သည်။
ယခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ ပြည်သူ့လွှတ်တောက်အတွက် ၉ နေရာ၊ ပြည်နယ်တိုင်းအဆင့် အတွက် ၇ နေရာ ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် Asia Foundation ၏ “မဲပေးစို့” စီမံချက် မှရရှိသည့် အချက်အလက်များကို အခြေခံ ပြုစုထားသော ပြန်လှန်ချိတ်ဆက်မြေပုံ interactive map သည် ကိုယ်စားလှယ်လောင်း တဦးစီနှင့် ပတ်သက်သော အသေးစိတ်များကို လေ့လာနိုင်စေရန် စာဖတ်သူများကို အထောက်အကူပြုမည်ဖြစ်သည်။
ဆယ်စုနှစ်တခုအတွင်း ရွေးကောက်ပွဲ ၄ ကြိမ်မျှ ကြုံတွေ့ပြီးသောအခါ ကိုယ်စားလှယ်လောင်းများ၊ ပါတီများ၊ ထိုရွေးကောက်ပွဲများ၏ ရလဒ်များနှင့် ပတ်သက်သည့် ထုတ်ပြန်သော အချက်များသည် စဉ်းစားစရာ အချက်အလက် များစွာကို ပေးသည်။ မဲဆန္ဒနယ် ရာပေါင်းများစွာမှ ကိုယ်စားလှယ်လောင်း ထောင်ပေါင်းများစွာတို့၏ အချက်အလက် များကို လေ့လာခြင်းသည် အမျိုးမျိုးသော အတွင်းသရုပ်များကို လှစ်ဟပြပြီး ဤဆောင်းပါးမှ သရုပ်ခွဲလေ့လာမှုသည် အပေါ်ယံမျှကိုသာပြသနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဆက်လက် လေ့လာကြည့်ကြပါစို့။
ပထမဆုံးအနေဖြင့် ယခုအကြိမ်တွင် ယခင်နှစ်များ ကလောက် စိတ်ဝင်စားမှု၊ ထက်သန်မှု မည်သည့်အတွက် နည်းရသည်ကို လေ့လာကြည့်ပါမည်။ ယခုကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် လူဦးရေ၏ မည်သည့် အချိုးအစားပေါ်တွင်သာ သက်ရောက်သည်ကို ကြည့်မည်။
လစ်လပ်နေရာ အရေအတွက်ကိုကြည့်လျှင် ယခု ၁၉ နေရာသည် ၂၀၁၂ ခုနှစ်က ၄၈ နေရာ၏ ထက်ဝက်မက လျှော့နည်းသည်။ ထိုအချက်ကို အားဖြည့်ပေးသော အချက်မှာ ယခုနှစ်လစ်လပ်နေရာအချို့မှာ ၂၀၁၅ ခုနှစ်က လုံခြုံရေးအခြေအနေ အရ ရွေးကောက်ပွဲ မကျင်းပနိုင်သော ဝေးလံခေါင်သီ ရှမ်းပြည်ဒေသများဖြစ်နေသည်။
ထို့ကြောင့် ယခုရွေးကောက်ပွဲ၏ သက်ရောက်မှုခံရသူ အရေအတွက်မှာ နောက်ဆုံးကြားဖြတ်ရွေးကောက်ပွဲ၏ လေးပုံတပုံခန့်သာ ရှိသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသောမဲဆန္ဒနယ်များတွင် လူဦးရေ ၁၁ ဒသမ ၄ သန်းနေထိုင်ကြပြီး ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များတွင် လူဦးရေ ၂ ဒသမ ၆ သန်းသာနေထိုင်သည်။
နောက်တချက်မှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပါတီအသီးသီး သည် ဤမဲဆန္ဒနယ်များတွင် မဲမည်မျှရခဲ့သည်ကိုု ကြည့်ပြီး အဆိုပါ ရလဒ်အရ မည်သည်ကို မျှော်လင့်နိုင်သနည်းဟူသော အချက်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုနှစ်ယှဉ်ပြိုင်မည့် နေရာများထဲတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ၁၁ နေရာနိုင်သည်။ သို့သော်အနိုင်ရသည့်မျဉ်းနှင့် ပတ်သက်ပြီး သိသာသောလမ်းကြောင်းတခု ပေါ်လာသည်။ အောက်ပါပုံ ၂ ပုံ သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၅၀ ရာခိုင်နှုန်းအထက်နှင့် ၅၀ ရာခိုင်နှုန်း အောက်သာ မဲရသောမဲဆန္ဒနယ်များကို ပြသသည်။ ရှမ်းပြည်နယ်တွင် ညောင်ရွှေမှလွဲ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်သော ကျန်ဒေသများမှာ မြန်မာလူများစု ဒေသများ ဖြစ်သည်။ ရခိုင်၊ ချင်း၊ ရှမ်း၊ ကယားနှင့်မွန် မဲဆန္ဒနယ်များတွင်လည်း ၎င်းတို့နိုင်လျှင်ပင် ပွတ်ကာသီကာနိုင်ခြင်း ဖြစ်သည်။ ယခုအကြိမ်၎င်းတို့ အပြင်းထန်ဆုံး ယှဉ်ပြိုင်မှု ကြုံတွေ့ရမည့် နေရာများမှာလည်း လူမျိုးစုဒေသများ ဖြစ်ကောင်း ဖြစ်နိုင်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သော ကျား၊ မ အရေအတွက် အချိုးအစားကို အလေးမထားကြသေးပေ။ သို့သော် ယခုအကြိမ်တွင် ၂၀၁၅ ခုနှစ်နှင့် ယှဉ်လျှင် အနည်းငယ် တိုးတက်လာသည်။
ယခုနှစ်ကိုယ်စားလှယ်လောင်းများ၏ ၁၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၂၀၁၂ နှစ်က ၁၂ ရာခိုင်နှုန်းသာ ရှိသည်။ ပါတီတခုခြင်းအရကြည့်လျှင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅ ဦးနှင့် အမျိုးသားကိုယ်စားလှယ်လောင်း ၂ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီမှ လွဲလျှင် ကျန်ပါတီအားလုံးတွင် အမျိုးသား ကိုယ်စားလှယ်လောင်း အရေအတွက်က အမျိုးသမီးအရေအတွက် ထက်ပိုများသည်။ အဆိုးဆုံးမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး အမျိုးသားကိုယ်စားလှယ်များသာ သီးသန့်ယှဉ်ပြိုင်ကြသည်။
ဘာသာတရား ကွဲပြားစုံလင်မှုမှာ ယခုနှစ်တွင်ကျဆင်းကာ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်များသာပြိုင်ဆိုင်ကြပြီး ၂၀၁၅ ခုနှစ်က ထိုအဓိကဘာသာများ အပြင် အခြားဘာသာများ ယှဉ်ပြိုင်မှု ၂ ရာခိုင်နှုန်း ရှိသည်။ ထိုအခြားဘာသာများတွင် အစ္စလမ်ဘာသာသည်ယှဉ်ပြိုင်မှု အမြင့်ဆုံးဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၇ ဦးပါဝင်ကာ ကျန်သူများမှာ နတ်ကိုးကွယ်သူများနှင့် ဘာသာမဲ့များဖြစ်သည်။
ကျား၊မ တန်းတူမှုနှင့်ပတ်သက်သော ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အလေးမထားမှု ကို ထောက်ပြပြီးနောက် ၎င်းတို့၏အခြားကိန်းဂဏန်းများနှင့် ပတ်သက်သောအားကောင်းချက်များကို ထောက်ပြမှသာလျှင် စာရေးသူအနေဖြင့် မျှတမည် ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ယခုနှစ်လူမျိုးစုကိုယ်စားပြုမှုသည်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် ပိုမိုညီမျှကာ မြန်မာ၊ ရှမ်းနှင့်အခြား လူမျိုးစုများ အကြား အကြမ်းဖျဉ်းအားဖြင့် ညီမျှသည်။ ယခုနှစ်လစ်လပ်နေရာ ၁၉ နေရာအနက် ၉ နေရာမှာ ရှမ်းပြည်နယ်မှဖြစ်ပြီး တဝက်နီးပါး ရှိသောကြောင့် ရှမ်းကိုယ်စားလှယ်များကို ကိုယ်စားပြုစေသည်မှာ ကျိုးကြောင်းဆီလျော်သည်။
ယခင်ရွေးကောက်ပွဲများ အားလုံးနှင့် ယခုရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အများစုမှာ အသက် ၅၀ နှင့် အထက် ရှိခဲ့ကြပြီး လက်ရှိကိုယ်စားလှယ်လောင်းများသည် အောက်ပါဇယားတွင် ဖော်ပြထားသည့်အတိုင်း အနည်းငယ် ပိုမိုငယ်ရွယ်မှုသို့ ဦးတည်လာသည်ဟု ဆိုရမည်ဖြစ်သည်။
၂၀၁၅ တွင်အများဆုံးကိုယ်စားလှယ်လောင်းများမှာ အသက် ၆၀ နှင့် ၆၅ ကြားဖြစ်ပြီး ယခုကိုယ်စားလှယ်လောင်း အများစုမှာ ၅၀ နှင့် ၅၅ အကြား ရှိကြသည်။ အသက်အငယ်ဆုံးမှာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ပြည်နယ် လွှတ်တော်အတွက် ယှဉ်ပြိုင်သောရှမ်းအမျိုးသားများဒီမိုကရေစီပါတီမှ နန်းနွေးနွေးဖြစ်ပြီး အသက်အကြီးဆုံးမှာ ရှမ်းပြည်နယ်လွှတ်တော်မိုင်းရူးမဲဆန္ဒနယ် ၁ အတွက်ယှဉ်ပြိုင်သော အသက် ၇၈ နှစ်အရွယ်ခန့်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်ခင်ဖြစ်သည်။
စာရေးသူသည် open data နှင့် ပွင့်လင်းမြင်သာမှု လိုလားသူဖြစ်ပြီး ဤအများပြည်သူသို့ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုတူးဆွခွင့်ရခဲ့သည်။ သတင်းအချက်အလက်များ ပိုမိုထုတ်ပြန်ပြီး ပိုမိုများပြားသော သုတေသီများက သတင်းအချက်အလက်များကို ပိုမိုခွဲခြမ်းစိတ်ဖြာ ဆွေးနွေးကြမည်ဟု စာရေးသူအနေဖြင့် မျှော်လင့်နေပေသည်။
ကိန်းဂဏန်းများသည် အမှန်တကယ် စိတ်ဝင်စားဖွယ်သတင်းများကို ပြောပြနိုင်သော်လည်း ပြီးပြည့်စုံသည့်ရုပ်ပုံလွှာကိုမူ ပေးစွမ်းနိုင်ခြင်းမရှိကြပေ။ ထိုအချက်ကို ၂၀၁၅ ရွေးကောက်ပွဲတွင် စိတ်အားထက်သန်စွာ ဘဝတွင် ပထမဆုံးအကြိမ် မဲပေးပြီးနောက် ကိုယ်တိုင်သိမြင်ခဲ့သည်။
လက်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တာဝန်ယူနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာသန်းမြင့် အတွက် မဲပေးခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာ သူ၏ဒေါက်တာဘွဲ့မှာ မည်သူမျှ အသိအမှတ်မပြုသည့် ဖျက်သိမ်းထားသော Pacific Western University မှ ပေးသောဘွဲ့ဖြစ်သည်ဟု လေ့လာသိရှိရသည်။
စာရွက်ပေါ်ရှိ ဇယားတွင် ဖော်ပြထားသော အချက်အလက်များသည် ပိုမိုပွင့်လင်းမြင်သာမှုသို့ စာဖတ်သူကို လမ်းမှန်ညွှန်နိုင်သည် ဆိုသော်လည်း ပြီးပြည်စုံလှပြီ မဟုတ်ပါ။ ပထမ အဆင့်သာ ရှိပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ တခြားလူ များလည်း ထို အဆင့်ကို လုပ်ဆောင်လာကြမည်ဟု မျှော်လင့်ပါသည်။
ရန်နောင်အုပ် သည် Phandeeyar မှ အကြီးတန်း အကြံပေးတစ်ဦးဖြစ်သည်။